ယာဉ်အန္တရာယ်ကြောင့် လူငယ်တွေ အများဆုံးသေဆုံးနေကြရတယ်လို့ WHO ကဆို

ဇင်ဘာဘွေ ယာဉ်အန္တရာယ် ဓာတ်ပုံ မူပိုင် Getty Images
Image caption ဇင်ဘာဘွေနိုင်ငံမှာ အခုနှစ်အတွင်း ဘတ်စကားချင်းတိုက်မှုကြောင့် လူ ၄၇ ယောက်သေဆုံးခဲ့ရ

ကားလမ်းပေါ်က ယာဉ်တိုက်မှုတွေလို ဖြစ်ရပ်တွေကြောင့် ကမ္ဘာတဝန်း ကလေးသူငယ်တွေနဲ့ လူငယ်တွေ အများဆုံးသေဆုံးနေကြရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ၂၀၁၈ လမ်းအန္တရာယ်ဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အာဖရိက နိုင်ငံတွေမှာ ယာဉ်တိုက်မှု၊ ကားမှောက်မှုလို ဖြစ်ရပ်ကြောင့် ကမ္ဘာမှာ လူသေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အာဖရိကနဲ့ တောင်အမေရိကက နိုင်ငံတွေမှာ ကားမောင်းတဲ့ အမြန်နှုန်း ကန့်သတ်တဲ့ ဥပဒေတွေ အလုံအလောက်မရှိကြသေးဘူးလို့ အဲဒီအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒါပေမယ့် ကမ္ဘာ့ လူဦးရေ တိုးပွားမှု ပမာဏနဲ့ နှိုင်းယှဉ်ရင် ကမ္ဘာတဝန်း ကားလမ်းပေါ်သေဆုံးမှုနှုန်း တိုးလာတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ယာဉ်မတော်တဆဖြစ်မှုတွေကြောင့် တကမ္ဘာလုံးက အသက် ၅ နှစ်ကနေ ၂၉ နှစ်ကြား လူငယ် လူရွယ်တွေ အများဆုံး သေဆုံးနေကြရတယ်လို့ ဖေါ်ပြထားပါတယ်။

နောက်ပြီး HIV /AIDS ရောဂါ၊ တီဘီရောဂါ နဲ့ ဝမ်းလျှော ဝမ်းပျက်ရောဂါတွေကြောင့် သေဆုံးရတာထက် ကားလမ်းပေါ်က ယာဉ်မတော်တဆဖြစ်မှုလို ဖြစ်ရပ်တွေကနေ ရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးရသူက ပိုများတယ်လို့ ဆိုပါတယ်။

အမြန်နှုန်းကန့်သတ်ချက်မရှိ

ကမ္ဘာတဝန်း ကားလမ်းပေါ်သေဆုံးသူက လူတစ်သိန်းမှာ ပျှမ်းမျှ ၂၆ ဒဿမ ၆ ယောက်နှုန်းရှိပြီး၊ အာဖရိကတိုက်မှာ ဥရောပထက် ၃ ဆပိုများတယ်လို့ WHO အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဥရောပတိုက်ဟာ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးမှု အနည်းဆုံးဖြစ်ပါတယ်။

အာဖရိကတိုက်က နိုင်ငံပေါင်း ၅၄ နိုင်ငံအနက် တဝက်လောက်မှာ ဘယ်နေရာ ဘယ်လောက် နှုန်းနဲ့ မောင်းရမယ်ဆိုတဲ့ ကန့်သတ်ချက်မရှိသလို၊ အမြန်နှုန်းကို ကန့်သတ်တဲ့ ဥပဒေတွေလည်း မရှိကြဘူးလို့ ဆိုပါတယ်။

ဘော့ဆွာနာ၊ အိုင်ဗရီကို့စ်နဲ့ ကင်မရွန်နိုင်ငံတွေမှာ သေဆုံးနှုန်းတိုးလာခဲ့ပြီး အီဂျစ်၊ အင်ဂိုလာ နဲ့ ဘရွန်ဒီ နိုင်ငံတွေမှာ ကျဆင်းလာတယ်လို့ ပြောပါတယ်။

နောက်ပြီး အာဖရိကမှာ ကားကြောင့် လမ်းလျှောက်သူတွေနဲ့ စက်ဘီးစီးသူတွေ သေဆုံးမှု အများဆုံးဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ယာဉ်ကြောင့် သေဆုံးမှု

အခုနောက်ဆုံးဖေါ်ပြတဲ့ စာရင်းဇယားတွေအရ ၂၀၁၆ ခုနှစ်က တကမ္ဘာလုံးမှာ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးသူ ၁ ဒဿမ ၃၅ သန်းရှိပြီး အရင်နှစ်တွေကထက် အနည်းငယ် ပိုများပါတယ်။

ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာ ယာဉ်ကြောင့် သေဆုံးနိုင်တဲ့ အန္တရာယ် ၃ ဆပိုများတယ်လို့ ဆိုပါတယ်။

အာဖရိကပြီးရင် အရှေ့တောင်အာရှနိုင်ငံတွေဟာ ယာဉ်မတော်တဆဖြစ်မှုတွေကြောင့် သေဆုံးနိုင်တဲ့ ဒုတိယ အန္တရာယ်အများဆုံးဖြစ်ပါတယ်။

ဝင်ငွေ အလယ်အလတ်နဲ့အထက်ရှိတဲ့ နိုင်ငံတွေမှာ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ပိုပြီး ကြိုပမ်းလုပ်ဆောင်လာခဲ့ကြတယ်လို့ WHO က ဖေါ်ပြခဲ့ပါတယ်။

အဲဒီနိုင်ငံတွေမှာ စက်ဘီးစီးသူတွေအတွက် လမ်းကြောသတ်သတ်မှတ်မှတ် ထားပေးတာ၊ ယာဉ်မောင်းနှုန်းတွေ ကန့်သတ်ဖို့ ၊ ခါးပတ်ပတ်ဖို့ နဲ့ ယာဉ်တွေရဲ့ စံနှုန်းဆိုင်ရာ ပိုပြီးကောင်းမွန်တဲ့ ဥပဒေတွေ စည်းကမ်းတွေ ပြဌာန်းတာမျိုး ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဥရောပ၊ အမေရိကန်နဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနိုင်ငံတွေမှာ ယာဉ်နဲ့ လမ်းအန္တရာယ်ကြောင့် သေဆုံးမှုကျဆင်းလာနေတယ်လို့ WHO အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ