တရုတ်က လပေါ် ဂြိုဟ်တုထပ်လွှတ်လိုက်တာ ဘာရည်ရွယ်ချက်နဲ့လဲ

china moon ဓာတ်ပုံ မူပိုင် CNSA
Image caption လရဲ့ အမှောင်ခြမ်းလို့ခေါ်တဲ့ဘက် Von Kármán ချိုင့်ဝှမ်းတနေရာမှာ ဆင်းသက်မှာဖြစ်

တရုတ်အစိုးရဟာ လရဲ့ အမှောင်ခြမ်းလို့ခေါ်တဲ့ဘက်မှာ စက်ရုပ်နဲ့ စမ်းသပ်ဖို့အတွက် ချန်အီ အမှတ်လေး ဂြိုဟ်တုကို စေလွှတ်လိုက်ပြီလို့ တရုတ်သတင်းဌာနတွေက ပြောပါတယ်။

အဲဒီ ချန်အီ အမှတ်လေး ဂြိုဟ်တုဟာ Von Kármán လို့ခေါ်တဲ့ လပေါ်က ချိုင့်ဝှမ်းတနေရာမှာ ဆင်းသက်မှာ ဖြစ်ပြီး ဒါကို ရှီချန်း အာကာသဌာနကနေ ခရီးရှည် အမှတ် သုံးဘီလို့ အမည်ပေးထားတဲ့ ဒုံးပျံနဲ့ စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဂြိုဟ်တုမှာ ပါလာတဲ့ စက်ရုပ်ဟာ လပေါ်က ကျောက်ခဲနဲ့ မြေသား နမူနာတွေကို ကမ္ဘာပေါ်ကို ပြန်သယ်လာနိုင်ရေးဆိုတဲ့ တရုတ်ရည်မှန်းချက်အတွက် ထပ်ပြီး ရှေ့တိုးလိုက်တဲ့ ခြေလှမ်း တခုလည်း ဖြစ်ပါတယ်။

အခုလို စေလွှတ်လိုက်တဲ့ ဂြိုဟ်တုဟာ လာမယ့် ဇန်နဝါရီလ အစောပိုင်းရောက်မှာ လပေါ်ကို ရောက်ရှိ ဆင်းသက်မှာလည်း ဖြစ်ပါတယ်။

Von Kármán ချိုင့်ဝှမ်းဟာ လရဲ့ တောင်ဝင်ရိုးစွန်း အစ်ကန် မြေနိမ့်ဒေသမှာ တည်ရှိပြီး ရှေးအကျဆုံးနဲ့ မြေပြင် မညီမညာ အဖြစ်ဆုံး ဒေသတခုလည်း ဖြစ်တာကြောင့် သိပ္ပံပညာရှင်တွေက အထူးစိတ်ဝင်စားတဲ့ နေရာတခုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းထောင်ချီတဲ့ ကာလက ဥက္ကာခဲကြီးတခု ကျရောက်တာကြောင့် အခုလို မြေနိမ့်ဒေသကြီး ဖြစ်လာတယ်လို့လည်း ယူဆထားတဲ့ နေရာတခုဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ်တို့ရဲ့ အာကာသ ရည်မှန်းချက်

လအမှောင်ခြမ်းလို့ ဘာလို့ခေါ်တာလဲ

ကမ္ဘာဘက်က ကြည့်ရင် မမြင်ရတဲ့ ဘက်ကို လအမှောင်ခြမ်းလို့ခေါ်တာဖြစ်ပါတယ်။

လဟာ ကမ္ဘာကို တပတ် ပတ်ပြီးတဲ့ အချိန်ကျမှ သူ့ဝန်ရိုးပေါ်မှာ တပတ် လည်တာဖြစ်တဲ့ အတွက် လလိုပဲ မိမိဝန်ရိုးပေါ်မှာ လည်နေတဲ့ ကမ္ဘာနဲ့ အံကိုက်လို ဖြစ်ပြီး လရဲ့ လင်းနေတဲ့ တခြမ်းကိုပဲ ကမ္ဘာကမြင်နေရတာဖြစ်ပါတယ်။ ကျန်တဘက်ခြမ်းက အမြဲမှောင်နေတဲ့ အခြမ်းမှာ ရှိနေတာကြောင့် လအမှောင်ခြမ်းလို့ ခေါ်တာ ဖြစ်ပါတယ်။

အခုလို အမှောင်ခြမ်းလို့ ခေါ်ပေမယ့် ကမ္ဘာပေါ်က ရှုထောင့်အရသာ မှောင်တာဖြစ်ပြီး နေအလင်းရောင်ကိုတော့ ရနေတဲ့ အခြမ်း ဖြစ်ပါတယ်။

ကမ္ဘာဘက်ကို အမြဲလှည့်နေတဲ့ အခြမ်းကတော့ ကမ္ဘာကတဆင့် နေရဲ့ အလင်းပြန်မှုကိုလည်း ရတဲ့အတွက် ပိုလင်းသလို ထင်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် NASA
Image caption လဟာ ကမ္ဘာကို ပတ်လမ်းကနေ တပတ် ပတ်ပြီးတဲ့ အချိန်ကျမှ သူ့ဝန်ရိုးပေါ်မှာ တပတ် ပတ်တာလည်း ပြည့်တဲ့အတွက် လရဲ့ တခြမ်းကပဲ ကမ္ဘာဘက် အမြဲလှည့်သလို ဖြစ်နေတာကြောင့် လအမှောင်ခြမ်းလို့ ခေါ်

အဲဒီ လအမှောင်ခြမ်းမှာ ဘာတွေ လေ့လာမှာလဲ

ဒီနေရာ တဝိုက်ကို လေ့လာမယ့် စက်ရုပ်ဟာ ဒေသတွင်း ဘူမိဗေဒ အပါအဝင် ကျောက်ခဲနဲ့ မြေလွှာတို့ရဲ့ ဖွဲ့စည်းပုံတွေကို လေ့လာ မှတ်တမ်းတင်မှာ ဖြစ်ပါတယ်။

အဲဒီ လအမှောင်ခြမ်းဆိုတဲ့နေရာမှာ ချိုင့်ကွက်တွေ များတဲ့အပြင် ချော်ရည်စီးထားတဲ့ နေရာတွေလို ဖြစ်သွားတဲ့ မြေပြင် အနေအထားကိုလည်း တွေ့ရတဲ့အတွက် ဒီနေရာကို ကျခဲ့တဲ့ ဥက္ကာခဲကြောင့် လရဲ့ အတွင်းပိုင်းအထိ သက်ရောက်မှု ရှိ မရှိဆိုတဲ့ ယူဆချက်ကိုလည်း အဲဒီ ချန်အီ အမှတ်လေး ဂြိုဟ်တုက စမ်းသပ်မှာ ဖြစ်ပါတယ်။

အဲဒီဂြိုဟ်တုဟာ ကမ္ဘာကို ကျောပေးထားတဲ့ လတဖက်ခြမ်းကို ဆင်းမှာ ဖြစ်တဲ့အတွက် အချက်အလက်တွေကို တဆင့်ခံ ရယူပြီး ကမ္ဘာမြေပေါ်ကို ပို့ဖို့ ချဲချောင်ဆိုတဲ့ တခြား ဂြိုဟ်တုတလုံးကို ဒီနှစ် မေလ ကတည်းက တရုတ်က စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။

ချန်အီ အမှတ်လေး ဂြိုဟ်တုမှာ ဘာကိရိယာတွေ ပါလဲ

မြေပြင်ဆင်းသက်မယ့် စက်ရုပ်မှာ ဂျာမနီနိုင်ငံမှာ ပြုလုပ်တဲ့ LND ရေဒီယို သတ္တိကြွ တိုင်းတဲ့ ကိရိယာနဲ့ ရေဒီယိုလှိုင်း ထုတ်လွှင့်နိုင်မှု စမ်းသပ်တဲ့ ကိရိယာတွေ တပ်ဆင်ထားပါတယ်။

ဒါ့အပြင် ဒီစက်ရုပ်မှာ မြင်ကွင်းကျယ် ကင်မရာတခု၊ လမြေပြင်အောက်လွှာတွေကို စမ်းသပ်မယ့် ရေဒါနဲ့ သတ္ထုဒြပ်စင်တွေကို အမျိုးအစားခွဲမယ့် ပုံဖော်စက်တွေ ပါဝင်တဲ့အပြင် နေက လာတဲ့ လျှပ်စစ်စက်ကွင်းပါတဲ့ လှိုင်းတွေ ဘယ်လို သက်ရောက်သလဲဆိုတာကိုလည်း ဒီစက်တွေနဲ့ ပူးတွဲ လေ့လာမှာ ဖြစ်ပါတယ်။

ချန်အီ အမှတ်လေး ဂြိုဟ်တုမှာ အာလူးနဲ့ arabidopsis လို့ခေါ်တဲ့ အပင်တွေရဲ့ မျိုးစေ့တွေလည်း ပါသွားပြီး စမ်းသပ်မှုတွေလည်း ပြုလုပ်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် CNSA
Image caption ချန်အီ အမှတ်လေးမှာပါတဲ့ စက်ရုပ်ဟာ ၂၀၁၃ မှာ လွှတ်ခဲ့တဲ့ ချန်အီ အမှတ်သုံး ဂြိုဟ်တုမှာပါတဲ့ ယူတူးစက်ရုပ်ကို အခြေခံ မွမ်းမံထား

တရုတ် လကမ္ဘာစီမံကိန်းရဲ့ တခြားအကြောင်းနောက်ခံများ

ကမ္ဘာကို အမြဲ ကျောပေးသလို ဖြစ်နေတဲ့ဘက်ကို သွားရောက်မှာ ဖြစ်တဲ့အတွက် ကမ္ဘာပေါ်က ရေဒီယိုလှိုင်းတွေရဲ့ ရှုပ်ထွေးသက်ရောက်မှုလည်း မရှိပဲ ရေဒီယို လှိုင်းတွေ လွတ်လွတ်လပ်လပ် ထုတ်လွှင့်လို့ ရ မရ ကိုလည်း စုံစမ်းဖို့ ရည်ရွယ်ထားပါတယ်။

အာလူးနဲ့ arabidopsis လို့ခေါ်တဲ့ အပင်တွေရဲ့ မျိုးစေ့တွေနဲ့ စမ်းသပ်မှု လုပ်ဖို့အတွက် တရုတ်တက္ကသိုလ် ၂၈ ခုက ကမ္ဘာပေါ်မှာတင် လကမ္ဘာက လေထုလို ဖန်တီးပြီး စမ်းသပ်ပြင်ဆင် ပေးထားပါတယ်။

လပေါ်က သဘာဝအလင်းရောင်ကို ပြွှန်တခုနဲ့ လမ်းကြောင်းပြောင်းပြီး အပင်ပေါက်အောင် ကြိုးစားမှာ ဖြစ်သလို အနည်းဆုံး မျိုးစေ့တွေက အပင်ပေါက်ဖို့ ဇီဝလုပ်ငန်းစဉ်တွေ လုပ်မလုပ်ကိုလည်း လေ့လာချင်ပါတယ်လို့ စမ်းသပ်ပြင်ဆင်ပေးခဲ့တဲ့ တက္ကသိုလ်တွေက ဦးဆောင်သူတွေက ရှင်ဟွာ သတင်းဌာနကို ပြောကြားထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လပေါ်မှာရှိနိုင်တဲ့ ဟီလီယံ အမှတ် ၃ လို့ခေါ်တဲ့ ဓာတ်သတ္ထု အပါအဝင် တခြား သတ္ထုတွေနဲ့ နေစွမ်းအင်ရယူနိုင်မှုက လူတွေအတွက် အဖိုးမဖြတ်နိုင်အောင် အသုံးဝင်

လပေါ်မှာရှိနိုင်တဲ့ ဟီလီယံ အမှတ် ၃ လို့ခေါ်တဲ့ ဓာတ်သတ္ထု အပါအဝင် တခြား သတ္ထုတွေနဲ့ နေစွမ်းအင်ရယူနိုင်မှုက လူတွေအတွက် အဖိုးမဖြတ်နိုင်အောင် အသုံးဝင်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ လကမ္ဘာနဲ့ အာကာသ စူးစမ်းရေး ဌာနက နိုင်ငံခြားသတင်းဌာနတွေကို ပထမဆုံး မေးမြန်းခွင့် ပြုတဲ့ အချိန် ၂၀၁၃ မှာ ဘီဘီစီကို ပြောကြားထားပြီးသားလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာလို လေထု အဟန့်အတားမရှိတာကြောင့် လကို တပတ် ပတ်ပြီး လျှပ်စစ်ထုတ် ဆိုလာပြားတွေ တပ်လိုက်မယ်ဆိုရင် တကမ္ဘာလုံးအတွက် လုံလောက်နိုင်တယ် ဆိုပြီး အဲဒီဌာနရဲ့ ပါမောက္ခ Ouyang Ziyuan က ဘီဘီစီကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဟီလီယံ အမှတ် ၃ ဆိုရင်လည်း နျူးကလီးယာစွမ်းအင် ထုတ်ရာမှာ သုံးနိုင်မယ်ဆိုရင် လူသားတွေရဲ့ စွမ်းအင်လိုအပ်ချက်ကို နှစ်ပေါင်း တသောင်းစာလောက် အထိ ပံ့ပိုးနိုင်ချေ ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ အာကာသဆိုင်ရာ စီမံကိန်းတွေမှာ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောကြားထားတယ် ဆိုပေမယ့်လည်း လကမ္ဘာစီမံကိန်းဟာ တရုတ်ရဲ့ နိုင်ငံတကာ ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ ပြည်တွင်းမှာ ပိုပြီး စည်းလုံးဖို့ ကိစ္စမှာ အရေးပါတယ်ဆိုပြီး ပါမောက္ခ Ouyang Ziyuan ကိုယ်တိုင်က ပြောကြားထားဖူးပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ်ဟာ နောက်ပိုင်းမှာ လပေါ် သတ္ထုတွင်း တူးဖို့ စီမံကိန်းအပြင် တခြား နေစကြဝဠာအတွင်း စခန်းချဖို့အထိ ကြီးကြီးမားမား အကြံအစည် ရှိ

တရုတ်အစိုးရဲ့ အာကာသစီမံကိန်းတွေမှာ လုပ်ငန်း အတွေ့အကြုံရှိတဲ့ ယူကေနိုင်ငံက အာကာသ သိပ္ပံပညာရှင် ရစ်ချတ် ဟိုးဒဝေးကတော့ တရုတ်ဟာ နောက်ပိုင်းမှာ လပေါ် သတ္ထုတွင်း တူးဖို့ စီမံကိန်းအပြင် တခြား နေစကြဝဠာအတွင်းက ဂြိုဟ်နဲ့ ဂြိုဟ်ရံလ အစရှိတဲ့ နေရာတွေမှာ စခန်းချဖို့အထိ ကြီးကြီးမားမား အကြံအစည် ရှိတယ်လို့ ဆိုပါတယ်။

တရုတ်အတွက် လပေါ်မှာ သတ္ထုတွင်း တူးဖို့အထိဆိုတာဟာ သူတို့ရဲ့ နည်းပညာအရရော ဘဏ္ဍာရေးအရပါ ဖြစ်နိုင်ချေ တော်တော်ရှိပြီး နောက် ၁၀ နှစ်အတွင်းတောင် ဖြစ်လာနိုင်တယ်လို့လည်း မစ္စတာ ဟိုးဒဝေးက ဆိုပါတယ်။

အခုနောက်ဆုံး စေလွှတ်ထားတဲ့ ချန်အီ အမှတ်လေး ဂြိုဟ်တုဟာ ၂၀၁၃ ခုနှစ်မှာ လပေါ်ကို စေလွှတ်ထားတဲ့ ချန်အီ အမှတ် ၃ ကို အခြေခံထားပြီး ချန်အီ အမှတ် ၃ ဟာ ၂၀၁၅ အထိ ၂ နှစ်ကြာ ကမ္ဘာပေါ်ကို တွေ့ရှိတဲ့ အချက်အလက်တွေ ပေးပို့နေခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ လပေါ်က ကျောက်ခဲနဲ့ မြေသားနမူနာတွေကို ကမ္ဘာပေါ်အထိ ပြန်သယ်လာဖို့အတွက်ကိုတော့ ချန်အီ အမှတ်၅နဲ့ အမှတ်၆ ဂြိုဟ်တုတွေကို စေလွှတ်ဖို့ စီစဉ်ထားပြီး နောက်တဆင့်ကတော့ အာကာသယာဉ်မှူးတွေကိုပါ ထည့်သွင်းစေလွှတ်မှာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန်တွေ လပေါ် ပြန်သွားဖို့ စီစဉ်