မြောက်ကိုရီးယား အမျိုးသမီး ၅၀ ကို တရုတ်တွေဆီ ပြန်ရောင်းချခဲ့သူ

မြောက်ကိုရီးယား၊ လူမှောင်ခို၊ တရုတ်၊ မစ္စစ်ဘီ ဓာတ်ပုံ မူပိုင် Cinesofa
Image caption တရုတ် မြောက်ကိုရီးယား နယ်စပ်၊ တရုတ် လာအို နယ်စပ်တွေကို မစ္စစ်ဘီ မဖြတ်ခင် မြောက်ကိုရီးယားခင်ပွန်းသည်နဲ့ တရုတ် ခင်ပွန်းသည်တွေကို ကတိတွေ ပေးခဲ့

"ကျွန်မ ချုံးပွဲချ ငိုမိတယ်၊ ဒါက လုံးဝ မတရားပါဘူး၊ ကျွန်မမှာ ကာမပိုင် လင်သားနဲ့ သားသမီးတွေ မြောက်ကိုရီးယားမှာ ရှိနှင့်နေပြီးသားကို ဒီလူတွေနဲ့ ကျွန်မကို ပေးတွေ့တယ်။ နိုင်ငံမှားပြီး ကျွန်မကို မွေးခဲ့လို့ ဒီလို ဒုက္ခ ရောက်ရတာ"

၂၀၀၃ ခုနှစ်တုန်းက တရုတ် အမျိုးသား တယောက်ဆီ အရောင်းခံရချိန်မှာ မစ္စစ် ဘီ ဟာ အသက် ၃၆ နှစ်ပဲ ရှိပါသေးတယ်။

သက်ကြီးရွယ်အိုတွေကို ပြုစုတဲ့ အိမ်အကူ အလုပ် လုပ်ဖို့ စဉ်းစားပြီး မြောက်ကိုရီးယားကနေ နယ်စပ်ကနေတဆင့် တရုတ်နိုင်ငံထဲ ဝင်လာခဲ့ပါတယ်။

ပွဲစားကလည်း ဒီလိုပဲ ပြောခဲ့တာပါ။ ဒါပေမယ့် ဒါဟာ အလိမ်အညာ စကားတွေပါပဲ။

မစ္စစ် ဘီ စိတ်ကူးထားတာက တနှစ်လောက် ပိုက်ဆံရှာပြီးရင် မြောက်ကိုရီးယား နိုင်ငံကို ပြန်ဖို့ ဖြစ်ပါတယ်။

အဲဒီနည်းနဲ့ မြောက်ကိုရီးယားမှာ ရှိတဲ့ သူ့ခင်ပွန်းနဲ့ သားနှစ်ယောက်အတွက် ငွေကူရှာပေးနိုင်ဖို့ပါ။

နောက်ယောက်ျား ယူဖို့ဆိုတာ တွေးတောင် မတွေးမိပါဘူး။

ဒါပေမယ့် တရုတ်နိုင်ငံ ချင်လင်းပြည်နယ် ချန်ချွန်မြို့ ရောက်တော့ သူနဲ့ နောက် မြောက်ကိုရီးယား အမျိုးသမီး တယောက်ကို တရုတ်အမျိုးသား ၅ ဦးနဲ့ ပွဲစားက ပေးတွေ့ခဲ့ပါတယ်။

တရုတ်တစ်ယောက်နဲ့ တနှစ်လောက် နေပြီးရင် ထွက်ပြေးပေတော့ ဆိုပြီး ပွဲစားက ပြောပါတယ်။

ရုပ်ရှင် ဒါရိုက်တာ ဂျီရို ယွန် ရိုက်ကူးတဲ့ "မစ္စစ်ဘီ ဆိုတဲ့ မြောက်ကိုရီးယား အမျိုးသမီးတစ်ဦး" ရုပ်ရှင်ကားဟာ မစ္စစ်ဘီရဲ့ ဘဝ အလှည့်အပြောင်းတွေကို ပီပီပြင်ပြင် ပုံဖော်ထားပါတယ်။

ဓာတ်ပုံ မူပိုင် Cinesofa
Image caption "မစ္စစ်ဘီ ဆိုတဲ့ မြောက်ကိုရီးယား အမျိုးသမီးတစ်ဦး" ရုပ်ရှင်ကားဟာ မစ္စစ်ဘီရဲ့ ဘဝ အလှည့်အပြောင်းတွေကို ပီပီပြင်ပြင် ပုံဖော်ထား

အဲဒီရုပ်ရှင်ထဲက အလှည့်အပြောင်းတခုကတော့ အရောင်းစားခံခဲ့ရတဲ့ တရုတ်အမျိုးသားအပေါ် သူ တဖြည်းဖြည်းနဲ့ ချစ်ကြင်နာစိတ် ဝင်လာတာပါပဲ။ သူတို့နှစ်ဦး ၁၀ နှစ်ကြာ အတူ နေခဲ့ကြပါတယ်။

ဒါပေမယ့် ဇာတ်လမ်းက ဒီမှာတင် မပြီးသေးပါဘူး။

သူကိုယ်တိုင်က လူကုန်ကူးခံခဲ့ရပေမယ့် တခြား မြောက်ကိုရီးယား အမျိုးသမီးတွေကို တရုတ်အမျိုးသားတွေဆီ ပြန်ရောင်းတဲ့ လူမှောင်ခို တဦး သူပြန်ဖြစ်ခဲ့ပါတယ်။

သူရောင်းခဲ့တဲ့ အမျိုးသမီးပေါင်း ၅၀ လောက် ရှိတယ်လို့ မစ္စစ် ဘီက မကြာသေးခင်က ဘီဘီစီ ကိုရီးယား ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောခဲ့ပါတယ်။

င်ပွန်းသည်ဟောင်းနဲ့ ပြန်တွေ့နိုင်ဖို့ ကြိုးစား

မြောက်ကိုရီးယားမှာ ရှိတဲ့ သူ့ရဲ့ အရင် မိသားစုနဲ့ ပြန် ဆုံစည်းဖို့ အတွက် မစ္စစ် ဘီဟာ နောက်ပိုင်းမှာ တရုတ် လာအို နယ်စပ်ကို ဖြတ်ပြီးတောင်ကိုရီးယား နိုင်ငံထဲ ဝင်ခဲ့ပါတယ်။

ဒါပေမယ့် သူနဲ့ သူ့ရဲ့ မြောက်ကိုရီးယား ခင်ပွန်းသည်အကြား ချစ်ခြင်းက ပြိုကွဲသွားတာ နှစ်နဲ့ ချီ ရှိနေပါပြီ။

လွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံဟာ သူ့ကို ပျော်ရွှင်စေမယ့်အစား အော့နှလုံးနာစရာ ဖြစ်လာစေခဲ့တယ်လို့ သူက ပြောပြပါတယ်။

ဒါဟာ ကံကြမ္မာ အဆန်းတကြယ်ဖန်တီးပေးလိုက်တဲ့ ပုံပြင်တခု မဟုတ်ပါဘူး။

လူမှောင်ခို ကူးခံရတာဟာ ကွန်မြူနစ် အစိုးရ လက်အောက်ကနေ ထွက်ပြေးခဲ့ကြတဲ့ မြောက်ကိုရီးယား အမျိုးသမီး အများအပြား ရင်ဆိုင်ရတဲ့ အတွေ့အကြုံပါ။

အတော်များများဟာ တရုတ်အမျိုးသားတွေနဲ့ သားသမီးတွေ မွေးပြီး တရုတ်နိုင်ငံမှာပဲ အခြေချလေ့ ရှိကြပါတယ်။

ဒါ့အပြင် တောင်ကိုရီးယား နိုင်ငံကို ရောက်လာတဲ့ မြောက်ကိုရီးယားတွေက သူတို့ လာတာ မှားတယ်လို့ ယူဆကြပြီး တချို့ဆိုရင် တတိယ နိုင်ငံ တခုခုကို ပြောင်းရွှေ့သွားကြပါတယ်။

ဒီတော့ ရုပ်ရှင်ထဲမှာ မဖေါ်ပြခဲ့တဲ့ မစ္စစ်ဘီရဲ့ ဘဝဇာတ်ကြောင်း တချို့က ဘာတွေပါလဲ။

မစ္စစ်ဘီ အနေနဲ့ ကမ္ဘာကို ဘာပြောပြချင်ခဲ့ပါလဲ။

ဓာတ်ပုံ မူပိုင် Cinesofa
Image caption တရုတ်ခင်ပွန်းကို ချစ်တာလား ဆိုတော့ အချစ်လို့ သူမတွေးမိပါဘူး၊ သူ့အပေါ် ကြင်နာသနား၊ ကျေးဇူးတင်တဲ့ ခံစားမှုပါလို့ မစ္စစ်ဘီက ပြောပါတယ်။

မျှော်လင့် မထားတဲ့ အချစ်ဇာတ်လမ်း

အဲဒါကတော့ ချစ်ခင်ကြင်နာမှု လို့ ကျွန်မ ထင်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးအကြား ချင်ခင်ကြင်နာမှုပေါ့ ဆိုပြီး မစ္စစ် ဘီက တရုတ် ခင်ပွန်းသည် အပေါ် ထားတဲ့ သူ့ရဲ့ ခံစားချက်ကို ဖေါ်ညွှန်းပြောပြခဲ့ပါတယ်။

ဒါဟာ အချစ်လို့ ထင်သလားလို့ မေးတဲ့အခါ မစ္စစ်ဘီက ဒါကို အချစ်လို့ သူတခါမှ မတွေးမိပါဘူးတဲ့။ သူ့ခင်ပွန်းဟာ သိပ်ကို နားလည်တတ်သူ၊ စိတ်သဘောထား ကောင်းမွန်သူ တဦး ဖြစ်တယ်လို့ ပြောပါတယ်။

သူ့တရုတ်ခင်ပွန်းနဲ့ အတူနေခဲ့တဲ့ ကျေးလက် ဒေသမှာ အချစ် အကြောင်း ပြောတဲ့သူ မရှိသလောက်ပါပဲတဲ့။ မြောက်ကိုရီးယားမှာ ဆိုရင်လည်း အချစ်အကြောင်း ဘယ်သူမှ မပြောကြပါဘူး။

အခု ဒီရုပ်ရှင်ဟာ သူနဲ့ သူ့ တရုတ်ခင်ပွန်းသည်အကြား ဆက်ဆံရေး ကို အဓိကထား အာရုံစိုက် ရိုက်ပြထားတာ ဖြစ်ပါတယ်။

ရောင်းစားခံခဲ့ရတာ ဖြစ်ပေမယ့် တရုတ် ခင်ပွန်းသည်ဟာ ကြင်နာစိတ် ရှိတဲ့ ခင်ပွန်းကောင်း တယောက် ဖြစ်ခဲ့ပါတယ်။

သူ ဒေါသထွက်ပြီး မျက်နှာကြီး နီရဲနေရင်တောင် ခင်ပွန်းသည်က အပြုံးနဲ့ သူ ဒေါသပြေသွားအောင် လုပ်ဖို့ ကြိုးစားခဲ့တာကို ရုပ်ရှင်ထဲမှာ တွေ့ရပါတယ်။

တရုတ် လာအို နယ်စပ်ကို ဖြတ်ပြီး သွားဖို့ ပြင်ဆင်နေတဲ့ သူ့ကို ခင်ပွန်းသည်က ကူလုပ်ပေးခဲ့ပြီး သူ တောင်ကိုရီးယား ရောက်သွားလို့ အခြေကျသွားရင် ခင်ပွန်းသည်ကို တောင်ကိုရီးယားကို ခေါ်ပါ့မယ် ဆိုတဲ့ သူ့ရဲ့ကတိကိုလည်း ယုံစားခဲ့ပါတယ်။

လူမှောင်ခို ကူးမှုကနေ မမျှော်လင့်တဲ့ အချစ်ဇာတ်လမ်းတပုဒ်ကို ဦးတည်နိုင်တယ် ဆိုတဲ့ အယူအဆအပေါ်မှာတော့ ရုပ်ရှင်ကြည့် ပရိသတ်တွေ သိပ်ဘဝင်မကျ ကြပါဘူး။

"ကျွန်မ ကလေးယူလို့ ရတယ်။ ဒါပေမယ့် မြောက်ကိုရီးယားမှာ ကျွန်မ ကလေးတွေ ရှိနေတော့ နောက်ထပ် ကလေး မယူချင်ဘူးလို့ ပြောတော့ တရုတ် ခင်ပွန်းသည်က ရပါတယ်တဲ့။ ကျွန်မ သူ့ကို သိပ်ကျေးဇူးတင်မိပါတယ်။ ဘယ်သူ ကျေးဇူး မတင်ဘဲ နေမလဲနော်။ ကျွန်မကြောင့် သူ့မှာ ကလေးမရှိခဲ့ကတည်းက သူ့ကို ကျွန်မ တာဝန် ယူရမယ်ဆိုတဲ့ စိတ် ရှိခဲ့တယ်။ သူဘ၀တပါး ပြောင်းတဲ့အချိန်မှာ ကျွန်မ ကလေးတွေနဲ့ ကျွန်မ သူ့ဘေးမှာ ရှိနေမှာပါ။"

ရုပ်ရှင်ထဲမှာ ဒီအပိုင်းကို ထည့်မထားပေမယ့် မစ္စစ်ဘီက သူနဲ့ အတူတူ နေဖို့ သူ့ရဲ့ မြောက်ကိုရီးယား ကလေးတွေကိုရော၊ သူ့ မြောက်ကိုရီးယား ခင်ပွန်းသည်ကိုပါ တရုတ်နိုင်ငံကို ခေါ်လာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ သူ့ရဲ့ အကြီးဆုံး သားကို တရုတ်နိုင်ငံကို ခေါ်လာခဲ့ပါတယ်။ သားအကြီးဆုံးက သူနဲ့ သူ့ တရုတ် ခင်ပွန်းနဲ့ အတူ ၃ နှစ်ကြာ နေခဲ့ပါတယ်။ ဒါပေမယ့် နေရတာ အထာ မကျခဲ့ပါဘူး။ နောက်ပိုင်းမှာ သားအကြီးဆုံးကို တောင်ကိုရီးယားမှာ ခိုလှုံခွင့် ရဖို့ မစ္စစ် ဘီက ကူညီခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ အငယ်ဆုံးသားနဲ့ သူ့ရဲ့ မြောက်ကိုရီးယား ခင်ပွန်းသည်ကိုလည်း တောင်ကိုရီးယားနိုင်ငံမှာ ခိုလှုံခွင့် ရဖို့ကို မစ္စစ်ဘီကပဲ ကူညီခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားကို သူတို့ မသွားခင် တရုတ်နိုင်ငံကို လာပြီး သူနဲ့ သူ့တရုတ် ခင်ပွန်းသည်နဲ့အတူ ရက်ပေါင်း ၄၀ လောက် နေခဲ့ပါတယ်။

"ပြောရမယ် ဆိုရင် ကျွန်မရယ်၊ ကျွန်မရဲ့ တရုတ်ခင်ပွန်းသည်ရယ်၊ ကျွန်မရဲ့ မြောက်ကိုရီးယား ခင်ပွန်းသည်ရယ်၊ အငယ်ဆုံးသားရယ် အခန်းတခန်းထဲ အတူ အိပ်ခဲ့ကြတာပါ" လို့ မစ္စစ်ဘီက ပြောပါတယ်။ ဘယ်လောက် ရိုမန်တစ် ဖြစ်သလဲနော် လို့ အရွှန်းဖောက်လိုက်ပါသေးတယ်။

Image caption ဘီဘီစီကိုးရီးယားဌာနနဲ့ တွေ့ဆုံမေးမြန်းနေစဉ်၊ တရုတ်ခင်ပွန်းဆီက ပို့လိုက်တဲ့ မက်ဆေ့ဂျ်တွေ မစ္စစ်ဘီ ထုတ်ပြ

အဲဒီထဲက တစ်ယောက်

မြောက်ကိုရီးယားကနေ ထွက်ပြေးတဲ့ အမျိုးသမီး ၈၀ ရာခိုင်နှုန်းဟာ လူမှောင်ခိုကူး ခံခဲ့ရတယ်လို့ မစ္စစ်ဘီ က ပြောပါတယ်။

အဲဒီထဲမှာ သူက တစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စစ် ဘီဟာ တခြား မြောက်ကိုရီးယား အမျိုးသမီးတွေကို တရုတ်နိုင်ငံမှာ ရောင်းစားတဲ့ လူမှောင်ခို တဦး ချက်ချင်း ဖြစ်လာတာတော့ မဟုတ်ပါဘူး။

အစပိုင်းမှာ နွားမွေးမြူရေးခြံမှာ အလုပ်လုပ်ခဲ့ပြီး တလကို တောင်ကိုရီးယား ဝမ်ငွေ တသောင်း ရတယ်လို့ ပြောပါတယ်။

အဲဒီမှာ ၂ နှစ်လောက် အလုပ်လုပ်ပြီးတဲ့အခါ သူငွေလွှဲတဲ့ ပွဲစားရဲ့ အကူအညီနဲ့ တရုတ် မြောက်ကိုရီးယား နယ်စပ်မှာ သူ့ရဲ့ မြောက်ကိုရီးယား မိသားစုနဲ့ ပြန်တွေ့ခွင့် ရခဲ့ပါတယ်။

ပိန်ချုံး စုတ်ပြတ်နေတဲ့ သူ့မြောက်ကိုရီးယား ခင်ပွန်းသည်ကို တွေ့လိုက်ရချိန်မှာ အတော်လေးကို တုန်လှုပ် သွားခဲ့ပါတယ်။ အဲဒီကစလို့ မြောက်ကိုရီးယား အမျိုးသမီးတွေကို ရောင်းစားတဲ့ လူမှောင်ခို အလုပ်ကို စလုပ်ခဲ့တာလို့ ဆိုပါတယ်။

"ကျွန်မ မိသားစုကို ကျွန်မကယ်ဖို့ တခုခု လုပ်မှ ဖြစ်တော့မယ်၊ ဝင်ငွေထပ်ရဖို့ လိုတယ် ဒါပေမယ့် ကျွန်မမှာ အဲဒီအချိန်က နိုင်ငံသား လက်မှတ်၊ သက်သေခံ ကတ်ပြား ဆိုလို့ ပြစရာ မရှိတော့ ပိုက်ဆံ များများ ရှာနိုင်ဖို့ လုပ်စရာ အလုပ် များများစားစား မရှိဘူး"လို့ မစ္စစ်ဘီက ပြောပြပါတယ်။

၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ မြောက်ကိုရီးယား အမျိုးသမီး ၅၀ လောက်ကို တရုတ်အမျိုးသားတွေဆီ ရောင်းချခဲ့ပါတယ်။

ဒါဟာ လူမှောင်ခို ကူးမှု ဆိုတာကို မစ္စစ်ဘီက ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၃ ခုနှစ်တုန်းက သူ့ကို ပွဲစားက လိမ်ညာရောင်းခဲ့သလိုတော့ သူမလုပ်ခဲ့ပါဘူးတဲ့။ အဲဒီ အမျိုးသမီးတွေ သဘောတူမှသာ ရောင်းခဲ့တာပါ။ တနည်းပြောရရင် သူတို့ ဘဝ ရှင်သန်ဖို့ နည်းလမ်းတခုအတွက် သူအကူအညီ ပေးခဲ့တာလို့ မစ္စစ် ဘီက ပြောပါတယ်။

အာဏာရှင် စစ်အစိုးရ လက်အောက်ကနေ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား အမျိုးသမီးတွေအတွက် အားကိုးစရာ နေရာ မရှိပါဘူးလို့ ဆိုပါတယ်။

"ဒါပေမယ့် သူတို့ကို ကျွန်မက အမျိုးသားတွေနဲ့ ချိတ်ဆက်ပေးတယ်။ သူတို့ အိမ်ထောင်ရက်သားကျပြီး လုံခြုံ စိတ်ချစွာ နေနိုင်တယ်။ တကယ်လို့ သူတို့ လမ်းပေါ်မှာသာ နေရမယ် ဆိုရင် အဖမ်းခံထိပြီး မြောက်ကိုရီးယား အကျဉ်းထောင်ထဲ အပို့ခံရမှာပါ။ အမျိုးသမီးတွေကလည်း ဒီလို မဖြစ်ချင်ကြပါဘူး။ ရောင်းရငွေကို အရောင်းစားခံရတဲ့ အမျိုးသမီးတွေနဲ့ ကျွန်မ တဝက်စီ ခွဲယူကြပါတယ်" လို့ မစ္စစ်ဘီက ပြောပြပါတယ်။

ဒါ့အပြင် အိမ်ထောင် စည်းမျဉ်းလိုမျိုး မြောက်ကိုရီးယား အမျိုးသမီးတွေ လိုချင်တဲ့ တောင်းဆိုချက်တွေကို မစ္စစ်ဘီက တရုတ်လို ဘာသာပြန်ပေးတာမျိုး၊ အဲဒီအမျိုးသမီးတွေရဲ့ မြောက်ကိုရီးယားက မိသားစုတွေဆီ လစဉ် ငွေလွှဲပေးတာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။

တချိန်မှာ လူမှောင်ခို ကူးခံရပြီး နောက်ပိုင်းမှာ ကိုယ်တိုင် လူမှောင်ခို ဖြစ်လာတော့ ဘယ်လို ခံစားရသလဲ၊ အပြစ်မကင်းဘူးလို့ ခံစားမိသလားလို့ မေးကြည့်တဲ့အခါ မစ္စစ်ဘီက "လူမှောင်ခိုကူးခံရတဲ့ အတွေ့အကြုံဟာ မြောက်ကိုရီးယား အမျိုးသမီးတွေ အားလုံး မဖြစ်မနေ ရင်ဆိုင်ရတဲ့ အတွေ့အကြုံလို့ ကျွန်မ ထင်ပါတယ်။ ကျွန်မတုန်းက လိမ်ညာ လှည့်စားခံခဲ့ရတယ်။ အခု ကျွန်မ ရောင်းစားခဲ့တဲ့ အမျိုးသမီးတွေကတော့ သူတို့ ဘယ်လမ်း သွားမယ် ဆိုတာကို သိနေကြတယ်။ သူတို့ ဒေါသထွက်ချင် ထွက်ကြမှာ ဖြစ်ပေမယ့် ကျွန်မလောက်တော့ ဆိုးမှာ မဟုတ်ပါဘူး"လို့ မစ္စစ်ဘီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Cinesofa
Image caption သူကိုယ်တိုင် တောင်ကိုရီးယားကို ထွက်မပြေးခင် မြောက်ကိုရီးယား ၅၀ လောက်ကို တောင်ကိုရီးယားဆီ မစ္စစ်ဘီ ခိုးသွင်းခဲ့

လူမှောင်ခိုကူးခံရသူ အဖြစ်ကနေ ကိုယ်တိုင် လူမှောင်ခို ဖြစ်ခဲ့တာ ဘာ့ကြောင့်လဲ

သူတို့နေရာမှာ ခံစားကြည့်ရင်

၂၀၀၃ ခုနှစ်တုန်းက တရုတ်နိုင်ငံထဲသွားဖို့ မြောက်ကိုရီးယား နယ်စပ်ကို မဖြတ်ခင် မစ္စစ်ဘီက မြောက်ကိုရီးယား ခင်ပွန်းသည်ကို ကတိ တခုပေးခဲ့ပါတယ်။ တနှစ် အလုပ်လုပ်ပြီးလို့ ပိုက်ဆံရှာပြီးရင် ပြန်လာခဲ့မယ်ပေါ့။ ၁၀ နှစ်အကြာ ၂၀၁၃ ခုနှစ် မေလ မှာတော့ အန္တရာယ် များတဲ့ ခရီးတခုကို နောက်ထပ် သွားခဲ့ရပြန်ပါတယ်။ ဒီတခါမှာတော့ တရုတ် လာအို နယ်စပ်ကို ဖြတ်ရတာ ဖြစ်ပြီး တရုတ်ခင်ပွန်းသည်ကို ကတိ ပေးရပြန်ပါတယ်။ အဲဒါကတော့ တောင်ကိုရီးယားမှာ အခြေကျရင် တရုတ်ခင်ပွန်းသည်ကို ခေါ်မယ်။ မင်္ဂလာဆောင်ကြမယ် ဆိုတဲ့ ကတိပါ။

မြောက်ကိုရီးယား အမျိုးသမီးတွေကို တရုတ်အမျိုးသားတွေဆီ ရောင်းစားတဲ့ အလုပ်အပြင် မြောက်ကိုရီးယားတွေကို တောင်ကိုရီးယားဆီ ပို့တဲ့ ပွဲစား အလုပ်ကိုလည်း မစ္စစ်ဘီ လုပ်ခဲ့ပါသေးတယ်။

အနည်းဆုံး မြောက်ကိုရီးယား ၅၀ လောက်ကို တောင်ကိုရီးယားနိုင်ငံဆီ ပို့ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီအခါမှာတော့ သူတို့ နေရာမှာ သူဝင်ခံစားနိုင်ခဲ့ပါတယ်။

"လွန်ခဲ့တဲ့ ၂ လလောက်က ကျွန်မ အငယ်ဆုံးသားလေး သွားတဲ့ လမ်းကြောင်းအတိုင်း ကျွန်မသွားခဲ့ပါတယ်။ သားက ကျွန်မကို ပြောတယ်။ လမ်းက သိပ်ကြမ်းတယ်။ ကျောပိုးအိတ်ထဲမှာ ပန်းသီးတွေ သယ်နိုင်သလောက် သယ်သွားလို့ ပြောတယ်။ ဘယ်လောက်တောင် ခရီးကြမ်းသလဲ ဆိုတာ ပြောမပြတတ်အောင်ပဲ။ ကျွန်မ အကြီးအကျယ် ကြေကွဲမိတယ်။ ဘာ့ကြောင့် ငါတို့ မြောက်ကိုရီးယားတွေ ရှင်သန်ဖို့ ဒီလို ခရီးကြမ်းကြီးကို ဖြတ်ရသလဲပေါ့"

တရုတ်နိုင်ငံကနေ အရှေ့တောင်အာရှ ဒေသဆီကို အလုံပိတ်ကား၊ လယ်ထွန်စက်နဲ့တမျိုး၊ ခြေလျင်နဲ့ တဖုံ မစ္စစ်ဘီ ထွက်ပြေးခဲ့စဉ်တုန်းက ကင်မရာတလုံးနဲ့ အတူ တကိုယ်တည်း လိုက်ပါခဲ့တဲ့ ရုပ်ရှင် ဒါရိုက်တာ ဂျီရို ယွန် က ကြမ်းတမ်းတဲ့ ဒီ ခရီးစဉ် အသေးစိတ်ကို ပုံဖေါ်နိုင်ဖို့ သူ့အတွက် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ အကြီးအကျယ် ကြုံခဲ့ရတယ်လို့ ပြောပါတယ်။

"ခရီးစဉ်အတွင်း အများကြီး မရိုက်ကူးနိုင်ခဲ့ပေမယ့် ဒီခရီးစဉ်ကနေ သူ့ဘဝတခုလုံးအတွက် အကြီးမားဆုံး သင်ခန်းစာ ရခဲ့တယ်"လို့ ဆိုပါတယ်။

မှတ်တမ်း ရုပ်ရှင်ထဲမှာ ခိုလှုံခွင့် တောင်းဖို့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား အုပ်စုတစု တရုတ် လာအို နယ်စပ်ကို ခြေလျင် ဖြတ်နေတုန်း အုပ်စုထဲ ပါလာတဲ့ နို့စို့အရွယ် ကလေးလေး တဦး အော်ငိုတော့ အားလုံး အလန့်တကြား ဖြစ်သွားခဲ့တာ တွေ့ရပါတယ်။

ရုပ်ရှင်ထဲမှာ မပါပေမယ့် နောက်ဆုံးမှာ အဲဒီကလေးလေးကို အိပ်ဆေးတိုက်ပြီး အသံမထွက်အောင် လုပ်ခဲ့ရတယ်လို့ မစ္စစ်ဘီက ဘီဘီစီ ကိုရီးယားဌာနကို ပြန်ပြောပြပါတယ်။ မဟုတ်ရင် သူတို့ တအုပ်စုလုံး ဖမ်းမိသွားမှာမို့ တခြား ရွေးစရာ နည်း မရှိဘူးလို့ ဆိုပါတယ်။

အာဏာပိုင်တွေရဲ့ အဖမ်းမခံရအောင် လာအိုကနေ ဘန်ကောက် အထိ လယ်ထွန်စက်တစင်းရဲ့ အနောက်မှာ လှဲပြီး သူတို့ လိုက်လာခဲ့ကြရပါတယ်။

မှတ်တမ်း ရုပ်ရှင်ထဲမှာ ဒါရိုက်တာ ဂျီယို ယွန်ကို မှောက်ရက်လှဲပြီး ကောင်းကင်ပြာကြီးကို ဗီဒီယို ရိုက်နေတာ တွေ့ရပါတယ်။

ဇာတ်သိမ်း မလှခဲ့ပုံ

မစ္စစ် ဘီဟာ သူ့တရုတ်ခင်ပွန်းသည်ကို ပေးထားတဲ့ ကတိကို မတည်နိုင်ခဲ့ပါဘူး။ မမျှော်လင့်တဲ့ အချစ်ဇာတ်လမ်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဇာတ်မသိမ်းနိုင်ခဲ့တာ ဘာ့ကြောင့်ပါလဲ။

၂၀၁၄ ခုနှစ် ဇန္နဝါရီလမှာ မစ္စစ်ဘီ တောင်ကိုရီးယားကို ရောက်လာခဲ့ပါတယ်။ တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိတွေရဲ့ စစ်ကြော မေးမြန်းမှုအတွင်း သူ့ကို သူလျှိုမှုနဲ့ မသင်္ကာ ဖြစ်ခဲ့ကြပါတယ်။

သင်္ကာ မကင်းဖြစ်ရတဲ့ အကြောင်းရင်းက အိုက်စ် လို့ ခေါ်တဲ့ မြောက်ကိုရီးယား မူးယစ်ဆေးကို တရုတ်နိုင်ငံမှာ သူ ရောင်းခဲ့ဖူးတယ် ဆိုတဲ့ အချက်ပါပဲ။ ငွေရဖို့ သူတကြိမ် လုပ်ခဲ့ဖူးတယ် ဆိုတာကို မစ္စစ်ဘီက ထုတ်ဖော် ဝန်ခံခဲ့ပါတယ်။

မူးယစ်ဆေး ရောင်းလို့ ရတဲ့ အမြတ်ငွေက မြောက်ကိုရီးယား အစိုးရဆီ ရောက်သွားတယ်၊ ဒါ့ကြောင့် မစ္စစ်ဘီဟာ သူလျှို ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေက စွပ်စွဲခဲ့ကြပါတယ်။

ဒီစွပ်စွဲချက်ကို မစ္စစ်ဘီက ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။

ဒါပေမယ့်လည်း တောင်ကိုရီးယား အစိုးရက မစ္စစ်ဘီနဲ့ သူ့ ခင်ပွန်းသည်ကို ကာကွယ် စောင့်ရှောက်ဖို့ မသင့်တဲ့ မြောက်ကိုရီးယားတွေ စာရင်းထဲမှာ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။ အဓိပ္ပါယ်က မစ္စစ်ဘီနဲ့ သူ့ခင်ပွန်းသည် တို့အနေနဲ့ ပြန်လည်နေရာ ချထားရေး ငွေကြေး၊ အိုးအိမ်အတွက် အမတော်ကြေး၊ သက်မွေးဝမ်းကြောင်း သင်တန်းတက်ခွင့် စတာတွေ အပါအဝင် အကျိုးခံစားခွင့်တွေကို ခံစားခွင့် မရှိတော့ပါဘူး။

တရုတ်နိုင်ငံမှာ အနည်းဆုံး ၁၀နှစ် နေခဲ့ပြီး ရာဇဝတ်မှု ရာဇဝင် ရှိသူ မြောက်ကိုရီးယား ခိုလှုံခွင့် တောင်းသူတွေ ဒါမှမဟုတ် တောင်ကိုရီးယားကို ရောက်ပြီးပြီးချင်း တနှစ်အတွင်း ခိုလှုံခွင့် တောင်းဖို့ ပျက်ကွက်ခဲ့သူ မြောက်ကိုရီးယားတွေကို တောင်ကိုရီးယား အစိုးရက ကာကွယ်စောင့်ရှောက်ဖို့ မသင့်သူတွေ အဖြစ် သတ်မှတ်ထားပါတယ်။

မစ္စစ်ဘီရဲ့ အမှုမှာတော့ သူနဲ့ သူ့ခင်ပွန်းတို့က တရားမဝင် မူးယစ်ဆေးတွေ ရောင်းခဲ့တဲ့အတွက် ဒီအဆင့် သတ်မှတ်ခဲ့တာလို့ တောင်ကိုရီးယားနိုင်ငံရဲ့ တောင်နဲ့မြောက် ကိုးရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက တောင်ကိုရီးယား သတင်းမီဒီယာ တခုကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Cinesofa
Image caption လွတ်လပ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ မစ္စစ်ဘီ မပျော်ပိုက်၊ တောင်ကိုရီးယားကို အော့နှလုံးနာတယ်လို့ ဆို

မစ္စစ်ဘီကတော့ သူ့ခင်ပွန်းဟာ မူးယစ်ဆေးကို လုံးဝ မတို့ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မူးယစ်ဆေး ရောင်းလို့ ရတဲ့ ငွေအားလုံးကို သူ့ဟာသူ သုံးပစ်လိုက်တာမို့ သူ့ကို သူလျှိုမှုနဲ့ တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိတွေ သံသယ ဖြစ်စရာ အကြောင်းမရှိဘူးလို့ မစ္စစ်ဘီက ပြောပါတယ်။

သူတို့ ဇနီးမောင်နှံက တောင်ကိုရီးယား အစိုးရကို ပြန်တရားစွဲခဲ့ကြပါတယ်။

ဒီလို ဖြစ်ပျက်နေစဉ် အတွင်းမှာပဲ မစ္စစ် ဘီရဲ့ တရုတ် ခင်ပွန်းသည်က နောက်မိန်းမ ထပ်ယူလိုက်ပါတယ်။

ဒါပေမယ့် သူတို့နှစ်ဦးကတော့ သူငယ်ချင်းတွေအဖြစ် ဆက်ပြီး အဆက်အသွယ် ရှိနေဆဲပါလို့ မစ္စစ်ဘီက ပြောပြီး အဲဒီ မနက်ကပဲ သူ့ခင်ပွန်းသည် ပို့လိုက်တဲ့ မက်ဆေ့ဂျ် တခုကို ပြပါတယ်။

ဒါ့အပြင် မစ္စစ်ဘီက ဒီမှတ်တမ်း ရုပ်ရှင်ဓါတ်ပုံတွေကို ခင်ပွန်းသည်ဆီ ပို့ခဲ့ပါတယ်။

မက်ဆေ့ဂျ် အများစုက သူသစ္စာဖောက်မိလို့ စိတ်မကောင်း ဖြစ်မိတဲ့ အကြောင်းတွေ ရေးထားတာလို့ မစ္စစ်ဘီက ပြန်ပြောပြပါတယ်။

အခုအခါ မစ္စစ်ဘီဟာ ဆိုးလ်မြို့ အရှေ့ပိုင်းက ယန်ပြုံယောင်းမြို့က ကဖေးဆိုင်တခုမှာ ကော်ဖီ ရောင်းပြီး အသက်မွေးဝမ်းကြောင်းနေပါတယ်။

ဒီမှတ်တမ်း ရုပ်ရှင် ရိုက်ဖြစ်တာကလည်း အဓိက ငွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား အမျိုးသမီးတွေကို တရုတ်ဆီ မှောင်ခို ရောင်းစားခဲ့တာ၊ မြောက်ကိုရီးယားတွေကို တောင်ကိုရီးယားကို ပို့ဖို့ ပွဲစား လုပ်ခဲ့တာတွေဟာ ငွေကြောင့်ပဲလို့ မစ္စစ်ဘီက ပြောပြပါတယ်။

"အဲဒီ အချိန်တုန်းက ကျွန်မအတွက် ငွေက အဓိက ပါပဲ။ ဒါပေမယ့် အခုတော့ ဒီလို မတွေးတော့ပါဘူး။ ကျွန်မကလေးတွေအတွက် ကျွန်မ စွန့်လွှတ် အနစ်နာခံခဲ့တယ်။ တကယ်လို့ တရုတ်ခင်ပွန်းသည်နဲ့ ကလေးရခဲ့မယ်၊ သူ့နဲ့ ကျွန်မ အတူနေမယ် ဆိုရင်တော့ ကျွန်မ ပျော်မှာပါ။ ဒါပေမယ့် ကျွန်မ အသက်လည်း ၅၀ ကျော်ပါပြီ။ အခု ကျွန်မရဲ့ ဆန္ဒက တကိုယ်တည်း နေပြီး ပျော်ပျော်နေဖို့ပါ။ လူမှောင်ခိုကူးတာမျိုးလည်း လုံးဝ မလုပ်ချင်တော့ပါဘူး"

ဓာတ်ပုံ မူပိုင် Cinesofa
Image caption တချိန်မှာ မစ္စစ်ဘီ၊ သူ့တရုတ်ခင်ပွန်း၊ သူ့မြောက်ကိုရီးယား ခင်ပွန်းနဲ့ သားအငယ်ဆုံးတို့ တရုတ်နိုင်ငံက အခန်းတခန်းထဲမှာ ရက် ၄၀ နေခဲ့ကြ