အင်္ဂါဂြိုဟ်မှာ အရင်ကကော သက်ရှိတွေ နေခဲ့သလားဆိုတာ စစ်မယ်

ဓာတ်ပုံ မူပိုင် NASA
Image caption ကမ္ဘာပေါ်မှာလို ပြတ်ရွေ့ကြော လှုပ်ရှားမှု မရှိတော့ပဲ ရပ်ဆိုင်းသွားတယ်လို့ ယူဆရတဲ့အတွက် ယခင်က သက်ရှိတွေ နေခဲ့သလားဆိုတဲ့ သဲလွန်စတွေကို ရှာလို့ ပိုလွယ်

အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိတွေ နေခဲ့သလား စမ်းသပ်တာက ကမ္ဘာပေါ်မှာ စမ်းတာထက် ပိုလွယ်နိုင်တယ်လို့ အင်္ဂါဂြိုဟ်ပေါ်ကို နောက်ထပ် ဂြိုဟ်တုလွှတ်မယ့်အဖွဲ့မှာ ပါတဲ့ အမေရိကန် အာကာသ အေဂျင်စီ နာဆာရဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အင်္ဂဂြိုဟ်ရဲ့ မြေသားထုဟာ ကမ္ဘာပေါ်မှာလို ပြတ်ရွေ့ကြော လှုပ်ရှားမှု မရှိတော့ပဲ ရပ်ဆိုင်းသွားတယ်လို့ ယူဆရတဲ့အတွက် ယခင်က သက်ရှိတွေ နေခဲ့သလားဆိုတဲ့ သဲလွန်စတွေကို ရှာလို့ ပိုလွယ်မယ်လို့ သူတို့က ဆိုပါတယ်။

ဂြိုဟ်နီကြီးလို့ ခေါ်တဲ့ အင်္ဂါဂြိုဟ်ကို ၂၀၂၁ ခုနှစ်မှာ ဘီးခြောက်ခုနဲ့ ရွေ့လျားသွားလာ စမ်းသပ်မယ့် မာ့စ် ၂၀၂၀ စက်ရုပ်ကား ရောက်ရှိသွားမှာ ဖြစ်ပြီး ဂြိုဟ်ပေါ်က နှစ် ၃.၉ ဘီလီယံ သက်တမ်းရှိတဲ့ ကျောက်လွှာတွေမှာ သက်ရှိတွေရဲ့ သဲလွန်စ ရှိမရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ဟာ အဲဒီ အချိန်ကာလက အခုလို အေးခဲမှု မရှိပဲ ရေလည်းရှိတယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် NASA/JPL/UNIVERSITY OF ARIZONA
Image caption ဂြိုဟ်ပေါ်က နှစ် ၃.၉ ဘီလီယံ သက်တမ်းရှိတဲ့ ကျောက်လွှာတွေမှာ သက်ရှိတွေရဲ့ သဲလွန်စ ရှိမရှိ စစ်ဆေးမယ်

ကမ္ဘာပေါ်မှာတော့ ဒီလို သက်တမ်းရင့်တဲ့ ကျောက်သားတွေကို အပေါ်ယံ မြေမျက်နှာပြင်ပေါ်မှာ တွေ့ရဖို့ ခဲယဉ်းသလို ရှိနေတဲ့ ကျောက်သားတွေကလည်း အပူချိန်ကြောင့် ကျစ်လျစ်သွားတဲ့ ကျောက်သားတွေ ဖြစ်တဲ့အတွက် အဲဒီကာလက သက်ရှိတွေ ဘယ်လိုနေခဲ့သလဲဆိုတာ သဲလွန်စရှာဖို့ ခက်ခဲပါတယ်။

မားစ် ၂၀၂၀ စက်ရုပ်ဟာ ယဇီယို ချိုင့်ဝှမ်းလို နာမည်ပေးထားတဲ့ နေရာမှာ ဆင်းသက်မှာ ဖြစ်ပြီး ဂြိုဟ်တုကတဆင့် လေ့လာချက်အရ ယခင်က ဒီနေရာမှာ ရေကန်ကြီး တခုရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ရေကန်မှာ အနည်းဆုံး အဏုဇီဝ ပိုးမွှားလေးတွေသာ ရှင်သန် ကျက်စားခဲ့မယ်ဆိုရင် အနည်ထိုင်ပြီး ကျောက်ဖြစ်သွားတဲ့ အထဲမှာ သဲလွန်စ ရှာနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

အထူးသဖြင့် ရေထဲကတဆင့် ဖြစ်လာတတ်တဲ့ ကာဗွန်နိတ်ကျောက်တွေဟာ မူလရေထဲက သတ္တဝါမှန်သမျှကို ခြုံငုံဖြစ်တည် လာတာ ဖြစ်တဲ့အတွက် အဲဒီ ချိုင့်ဝှမ်းကမ်းစပ်မှာ ရှိနေတဲ့ ဒီကျောက်တွေကို အလွယ်တကူ စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် NASA/JPL/JHUAPL/MSSS/BROWN UNIVERSITY
Image caption ယဇီယို ချိုင့်ဝှမ်းလို နာမည်ပေးထားတဲ့ နေရာမှာ ဆင်းသက်မှာ ဖြစ်ပြီး ဂြိုဟ်တုကတဆင့် လေ့လာချက်အရ ယခင်က ဒီနေရာမှာ ရေကန်ကြီး တခုရှိခဲ့တယ်လို့ ဆို

မားစ် ၂၀၂၀ စက်ရုပ်ကားဟာ ကမ်းစပ်နေရာက ကျောက်များတဲ့ နေရာတဝိုက်မှာ လေ့လာမှာ ဖြစ်သလို အောက်ခြေကျောက်လွှာကို တူးလို့ ရလာတဲ့ ကျောက်တုံးတွေကိုလည်း သိမ်းဆည်းပြီး ကမ္ဘာပေါ်ပြန်မယ့် ဂြိုဟ်တု အလာကို စောင့်မှာ ဖြစ်ပါတယ်။

ဒီ စက်ရုပ်ကားကို ပြန်ခေါ်ဖို့ စီမံကိန်းကိုတော့ နာဆာနဲ့ ဥရောပ အာကာသ အေဂျင်စီ အီဆာ တို့က ပူးတွဲလုပ်ဆောင်ဖို့ စီစဉ်ထားပြီး ၂၀၃၀ အစောပိုင်းလောက်မှာ လုပ်ဖြစ်မယ်လို့ မှန်းထားပါတယ်။

မားစ် ၂၀၂၀ စက်ရုပ်ကားဟာ ၂၀၁၂ မှာ နာဆာက အင်္ဂါဂြိုဟ်ကို စေလွှတ်ခဲ့တဲ့ တတန် အလေးချိန်ရှိ စူးစမ်းခြင်း အမည်ရ စက်ရုပ်ကားကိုပဲ အခြေခံထားပါတယ်။

ဓာတ်ပုံ မူပိုင် NASA
Image caption အဲဒီစက်ရုပ်ကို မိုးပျံဝန်ချီစက်လို့ အမည်ပေးထားတဲ့ နည်းပညာနဲ့ ဂြိုဟ်မျက်နှာပြင်ပေါ်က ချချင်တဲ့ နေရာကို အတိအကျ ချဖို့ ကြိုးစားမှာ ဖြစ်

အဲဒီစက်ရုပ်ကားကို မိုးပျံဝန်ချီစက်လို့ အမည်ပေးထားတဲ့ နည်းပညာနဲ့ ဂြိုဟ်မျက်နှာပြင်ပေါ်က ချချင်တဲ့ နေရာကို အတိအကျ ချဖို့ ကြိုးစားမှာ ဖြစ်ပြီး ဒီတခေါက်မှာတော့ မြေပြင်အနေအထားကို ပိုပြီး တိတိကျကျ မြေပုံထုတ်ပြီးမှ စက်ရုပ်ကားကို နေရာချဖို့ နည်းပညာကို ဖြည့်စွက် ထားပါတယ်။

မြေပြင်ပေါ်ကို ရောက်သွားတဲ့ အချိန်မှာလည်း ဒီစက်ရုပ်ကားက လိုအပ်သလို လမ်းကြောင်းပြောင်းဖို့ ဆုံးဖြတ်ပြီး လေ့လာနိုင်မယ့် ကွန်ပြူတာ စနစ်ကို ထည့်သွင်းထားပါတယ်။

ဒီစက်ရုပ်ကို စေလွှတ်ရာမှာ လိုချင်တဲ့နေရာကို ရောက်ဖို့အတွက် ကမ္ဘာနဲ့ အင်္ဂါဂြိုလ်ကြားမှာ တခြားဂြိုဟ်အစရှိတဲ့ အရာတွေ ခံမနေပဲ အကွာအဝေးအနည်းဆုံး ဖြစ်မယ့် လမ်းကြောင်းတည့်မယ့်အချိန်ကို ရွေးရတဲ့ အချိန်ကန့်သတ်ချက်လည်း ရှိနေပါတယ်။

အဲဒီအတွက် မားစ် ၂၀၂၀ စက်ရုပ်ကားက ၂၀၂၁ ဖေဖော်ဝါရီမှာ ဂြိုဟ်ပေါ် ရောက်ဖို့ ၂၀၂၀ ဇူလိုင်နဲ့ သြဂုတ်လ ကြားမှာ နာဆာက ဂြိုဟ်တုလွှတ်တင်ဖို့ စီစဉ်ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အင်္ဂါဂြိုဟ် ပေါ်ကို လူတွေရောက်ဖို့ နီးစပ်ပြီလား