အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ဂျိမ်း မက်တစ် ထုတ်ဖော်ကြေညာ

အမေရိကန်၊ ကာကွယ်ရေး ဝန်ကြီး၊ သမ္မတထရမ့်၊ ဂျိမ်းမက်တစ် ဓာတ်ပုံ မူပိုင် Getty Images
Image caption ကာကွယ်ရေး ဝန်ကြီး ဂျိမ်းမက်တစ် ဖေဖေါ်ဝါရီလမှာ ရာထူးကနေ တရားဝင်ထွက်မှာဖြစ်

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျိမ်း မက်တစ် ရာထူးကနေ နုတ်ထွက်တော့မှာပါ။

အမေရိကန် အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေ ရာထူးကနေ ဆက်တိုက် နုတ်ထွက်ကုန်ကြတဲ့အထဲမှာ မစ္စတာ မက်တစ်က အခုနောက်ဆုံး နုတ်ထွက်မယ့်သူ ဖြစ်ပါတယ်။

ဆီးရီးယားကနေ အမေရိကန် တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းမယ်လို့ သမ္မတ ထရမ့် ထုတ်ဖော် ကြေညာအပြီး တရက်အကြာမှာပဲ ဗိုလ်ချုပ်ကြီး မက်တစ်က ရာထူးကနေ နုတ်ထွက်မယ့်အကြောင်း ထုတ်ဖော် ကြေညာလိုက်တာပါ။

အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုတ်သိမ်းမယ့် ဆုံးဖြတ်ချက်ကို ဗိုလ်ချုပ်ကြီး မက်တစ်က ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ရာထူးက နုတ်ထွက်ကြောင်း အသိပေးတဲ့ စာထဲမှာ ဗိုလ်ချုပ်ကြီး မက်တစ်က သမ္မတ ထရမ့်နဲ့ မူဝါဒပိုင်း သဘောကွဲလွဲမှု ရှိတယ် ဆိုတာကို သိသိသာသာ ဖော်ပြခဲ့ပါတယ်။

သမ္မတ အနေနဲ့ ကိုယ့်နဲ့ ပိုအမြင်တူတဲ့ သူကို ရွေးချယ် ခန့်ခွင့် ရှိတယ်လို့ အဲဒီစာထဲမှာ ပါပါတယ်။

အသက် ၆၈ နှစ်အရွယ် ဗိုလ်ချုပ်ကြီး မက်တစ်ဟာ ဖေဖော်ဝါရီလ မှာ ရာထူးကနေ တရားဝင် နုတ်ထွက်မှာ ဖြစ်ပါတယ်။

သူ့နေရာမှာ ဆက်ခံမယ့်သူ အမည်ကို သမ္မတ ထရမ့်က ချက်ချင်း ထုတ်မပြောခဲ့ပေမယ့် ဒီရာထူးမှာ မကြာခင် အစားထိုး ခန့်အပ်မယ်လို့တော့ ပြောသွားပါတယ်။

မူဝါဒရေးရာ ကိစ္စ အတော်များများမှာ သမ္မတ ထရမ့်နဲ့ သဘောချင်း မတိုက်ဆိုင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မက်တစ်ရဲ့ နုတ်ထွက်စာမှာ ရေးထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်ချုပ်ကြီးမက်တစ်နဲ့ သမ္မတ ထရမ့်အကြား မူဝါဒပိုင်း သဘောကွဲလွဲမှု ရှိခဲ့

သမ္မတ ထရမ့်ကို တိုက်ရိုက် ရေးပို့တဲ့ စာထဲမှာ ဗိုလ်ချုပ်ကြီး မက်တစ်က မဟာမိတ်တွေအပေါ် လေးလေးစားစား ဆက်ဆံရေးနဲ့ ဘုံတူညီတဲ့ ကာကွယ်ရေး စနစ်အတွက် အမေရိကန်ရဲ့ သြဇာလက်နက် အားလုံးကို အသုံးပြု ဖြည့်ဆည်းပေးရေး ဆိုတဲ့ သူ့ရဲ့ သဘောထား အမြင်တွေကို ဖော်ပြထားပါတယ်။

ဒီကိစ္စမှာရော တခြားကိစ္စရပ်တွေမှာပါ ကိုယ့်နဲ့ သဘောထားချင်း တူတဲ့ ကာကွယ်ရေး ဝန်ကြီး တဦးကို ရွေးချယ် ခန့်ခွင့် ရှိသလို သူ့အနေနဲ့လည်း ရာထူးကနေ နုတ်ထွက်ခွင့် ရှိတယ်လို့ ဗိုလ်ချုပ်ကြီး မက်တစ်က သူ့ရဲ့ နုတ်ထွက်စာထဲမှာ ရေးထားပါတယ်။

ဆီးရီးယားနိုင်ငံထဲကနေ အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ ကိစ္စကို ထည့်မပြောသွားပေမယ့် အချိန်မတိုင်ခင် အမေရိကန် တပ်ဖွဲ့တွေ ရုပ်သိမ်းတာဟာ နည်းဗျူဟာပိုင်း မှားယွင်းမှုကြီး ဖြစ်သွားလိမ့်မယ်လို့ ဗိုလ်ချုပ်ကြီး မက်တစ်က အရင်က သတိပေးခဲ့ဖူးပါတယ်။

ဒါ့အပြင် ရုရှားနဲ့ နေတိုး ကိစ္စရပ်တွေ အပါအဝင် အရေးပါတဲ့ တခြား ကိစ္စရပ် အတော်များများမှာလည်း သဘောထားချင်း မတိုက်ဆိုင်တာတွေကို ထောက်ပြသွားခဲ့ပါတယ်။

သူ့နေရာမှာ နောက်လူတဦးကို အစားထိုး ခန့်နိုင်ဖို့ အချိန် လုံလုံလောက်လောက် ပေးတဲ့အနေနဲ့ ဖေဖော်ဝါရီလကုန်တဲ့အထိ ဒီရာထူးမှာ သူဆက်နေပေးသွားမယ်လို့ သူက အတည်ပြုပြောသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗိုလ်ချုပ်ကြီး မက်တစ် နုတ်ထွက်မှာနဲ့ ပတ်သက်လို့ လွှတ်တော်အမတ်တွေ အံ့သြ တုန်လှုပ်သွားခဲ့ကြ

ဗိုလ်ချုပ်ကြီး မက်တစ် နုတ်ထွက်သွားတာနဲ့ ပတ်သက်လို့ ကွန်ဂရက်စ်လွှတ်တော်မှာ အစိုးရဘက်ကရော၊ အတိုက်အခံဘက်ကပါ အံ့သြ တုန်လှုပ်သွားခဲ့ကြပါတယ်။

သမ္မတ ထရမ့်နဲ့ အကြီးအကျယ် သဘော ကွဲလွဲပြီး ဗိုလ်ချုပ်ကြီး မက်တစ် ရာထူးကနေ နုတ်ထွက်တော့မယ် ဆိုတာ ကြားရလို့ အတော့်ကို စိတ်မကောင်း ဖြစ်မိတယ်လို့ သမ္မတ ထရမ့်ရဲ့ ရီပတ်ဘလစ်ကန် ပါတီ ဆီးနိတ် လွှတ်တော် အမတ် အများစု ခေါင်းဆောင် မစ် မက်ကောနယ် က ပြောပါတယ်။

ဒီမိုကရက်တစ် ပါတီ အောက်လွှတ်တော် အမတ်အနည်းစု ခေါင်းဆောင် နန်စီ ပလိုစီ ကလည်း ဒီသတင်းကြားရတဲ့အတွက် ဝမ်းနည်း တုန်လှုပ် မိတယ်လို့ အမေရိကန် သတင်းမီဒီယာတွေကို ပြောပါတယ်။

ဗိုလ်ချုပ်ကြီး မက်တစ်ဟာ ထရမ့် အစိုးရအတွင်း တည်ငြိမ်မှု အမြင်သဘောထား ရှိသူ တဦးအဖြစ် အတော်များများက ယူဆထားကြကြောင်း ပြောပါတယ်။

ဆီးရီးယားနိုင်ငံကနေ အမေရိကန် တပ်ဖွဲ့ဝင် ၂ဝဝဝ ကျော် ပြန်ရုပ်သိမ်းဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတ ထရမ့်က ဗုဒ္ဓဟူးနေ့က ထုတ်ဖော် ကြေညာခဲ့တာ ဖြစ်ပြီး အိုင်အက်စ် အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ကို အဲဒီမှာ အနိုင်ရ ချေမှုန်းနိုင်ခဲ့ပြီလို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ သူ့ရဲ့ အရေးပါတဲ့ ကက်ဘိနက် ဝန်ကြီးအဖွဲ့ဝင် တချို့ရဲ့ အမြင်တွေနဲ့ မတိုက်ဆိုင်ဘူးလို့ သတင်းတွေက ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်ရဲ့ မိတ်ဘက်နိုင်ငံတချို့ ဆီကလည်း ဝေဖန်သံတွေ ပေါ်ထွက်လာခဲ့ပါတယ်။

တခါ အာဖဂန်နစ္စတန် နိုင်ငံကနေလည်း အမေရိကန် တပ်ဖွဲ့ဝင်တွေ သိသိသာသာ လျှော့ချဖို့ အမေရိကန် အစိုးရက စီစဉ်နေတယ် ဆိုတဲ့ သတင်းတွေ ကြာသပတေးနေ့က ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒီ သတင်းတွေထဲမှာ အမေရိကန် တပ်ဖွဲ့ဝင် ၇၀၀၀ ကို ပြန်ရုပ်သိမ်းဖွယ် ရှိတယ်လို့ ဖေါ်ပြထားပေမယ့် တာဝန်ရှိသူတွေဆီက အတည်ပြုချက်တော့ မရသေးပါဘူး။

အမေရိကန် တပ်ဖွဲ့တွေကို ပြန်ရုပ်သိမ်းတာဟာ နည်းဗျူဟာပိုင်းအရ အကြီးအကျယ် အန္တရာယ် ရှိနေပြီး ဒေသတွင်းမှာ အမေရိကန်တို့ရဲ့ တိုးတက်ဖြစ်ထွန်းမှုကို နောက်ပြန်ဆုတ်သွားနိုင်တယ်လို့ ရီပတ်ဘလစ်ကန် ဆီးနိတ်လွှတ်တော်အမတ် လင်းဆေး ဂရေဟမ် က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဖေါ်ပြခဲ့ပါတယ်။