အမေရိကန် အခန်းဖော်ကို အဆိပ်ခတ်မှုနဲ့ တရုတ်ဓာတုဗေဒကျောင်းသားကို တရားစွဲ

Yukai Yang ဓာတ်ပုံ မူပိုင် Pennsylvania police
Image caption သာလီယမ် အဆိပ်ကို သူသုံးဖို့ဆိုပြီး ဝယ်ခဲ့တယ်ဆိုတဲ့ ဓာတုဗေဒကျောင်းသား

အမေရိကန် တက္ကသိုလ်တခုမှာ ဓာတုဗေဒ သင်ယူနေတဲ့ တရုတ်ကျောင်းသား တယောက်ဟာ အာဖရိက နွယ်ဖွား အမေရိကန် အခန်းဖော်ကို လနဲ့ချီပြီး အဆိပ်ခတ်ဖို့ ကြိုးစားခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲလိုက်ပါတယ်။

ယူကိုင်ယန် ကို လူသတ်ရန် ကြံစည်မှုနဲ့ တရားစွဲပြီး ဖမ်းဆီးထားပါတယ်။

သူ့အခန်းဖော် ဂျူဝမ် ရွိုင်ရယ်ရဲ့ အစားအသောက်ထဲကို သာလီယမ် အဆိပ်ခတ်ခဲ့တယ်လို့ ရှေ့နေတွေက ဆိုပါတယ်။ ရွိုင်ရယ်မှာ သာလီယမ် အဆိပ်သင့်တဲ့ လက္ခဏာတွေ ခံစားနေရဆဲ ဖြစ်ပါတယ်။

မစ္စတာယန်က ဒီဓာတုအဆိပ်ကို ဝယ်မိကြောင်း ဝန်ခံပါတယ်။ ဒါပေမဲ့ ဒါကို သူ့တကိုယ်သုံးဖို့အတွက်ပဲ ဝယ်တာလို့ ဆိုပါတယ်။

လူသတ်မှုအပြင် အဆောင်ခန်းထဲမှာ လူမျိုးရေး ပုတ်ခတ်တဲ့ ရုပ်ပုံ ဆွဲမှုနဲ့လည်း ယန်ကို စွဲဆိုထားပါတယ်။

ဒီအဆိပ်ခတ်တယ်ဆိုတဲ့ ဇာတ်လမ်းက ပန်ဆယ်ဗေးနီးယား ပြည်နယ်က လီဟိုင်း တက္ကသိုလ်မှာ ၂ဝ၁၈ နွေဦးပေါက်မှာ ဖြစ်ခဲ့တာပါ။ အဲဒီမှာ ယန်နဲ့အတူနေတဲ့ အတန်းကြီးကျောင်းသား ရွိုင်ရယ်က ခေါင်းမူးတာ၊ လဲကျတာ၊ အော့အန်တာနဲ့ ချမ်းတုန်လာတာတွေကြောင့် ခဏခဏ ဆေးခန်းပြရတယ်လို့ အစိုးရ ရှေ့နေက ပြောပါတယ်။

ယန်က သာလီယမ်နဲ့ တခြားဓာတုပစ္စည်းတွေကို အင်တာနက်က ဝယ်ခဲ့ကြောင်း ဝန်ခံပါတယ်။ ဒါပေမဲ့ သူ စာမေးပွဲ ကျရင် သူ့ကိုယ်သူ ဒုက္ခပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်တာလို့ ဆိုတယ်လို့ ခရိုင် အစိုးရရှေ့နေ ဂျွန်မော့ဂ်နယ်လီ က သတင်းထောက်တွေကို ပြောပါတယ်။

ရွိုင်ရယ်မှာ ခြေထောက်တွေ တအားနာတာ၊ ထုံတာနဲ့ ပူပူလောင်လောင် ခံစားရတာတွေ ဖြစ်လို့ အထူးကုသမှု ခံယူနေရတယ်လို့လည်း မော့ဂ်နယ်လီက ပြောပါတယ်။

အဆိပ်ခတ်တာက အကြာကြီး ဖြစ်နေတော့ လူနာမှာ ဒီနေ့ထိ လက္ခဏာတွေပြနေတုန်းလို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် facebook/lehighu
Image caption လီဟိုင်းတက္ကသိုလ်မှာ ကျောင်းသားနှစ်ယောက် နှစ်ချီ အတူနေခဲ့ကြ

အနံ့မရှိ အဆင်းမရှိတဲ့ သာလီယမ် ဟာ လူအတွက် သေစေနိုင်တဲ့ ဓာတုဒြပ်စင် ဖြစ်ပါတယ်။ အရင်တုန်းက ကြွက်သတ်ဖို့ အဆိပ်အဖြစ် သုံးခဲ့ပြီး ခုထိလည်း အီလက်ထရောနစ် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ သုံးတုန်းဖြစ်ပါတယ်။

ယန်ကို အခန်းထဲမှာ လူမျိုးရေး နှိမ့်ချစော်ကားတဲ့ ပုံဆွဲမှုနဲ့လည်း တရားစွဲထားပြီး ဖြစ်ပါတယ်။

ဒီပုံဆွဲတဲ့ လက်ရေးဟာ တရုတ်ကျောင်းသားရဲ့လက်ရာလို့ ထုတ်ဖော်နိုင်တယ်လို့လည်း ရဲက ဆိုပါတယ်။

ဒီကျောင်းသား နှစ်ယောက်ဟာ နှစ်တွေအကြာကြီး အတူနေခဲ့ကြတာပါ။ ဓာတ်ခွဲခန်းက ရလဒ်တွေ ထွက်လာတဲ့အထိ ရွိုင်ရယ်က သူတို့နှစ်ယောက် သူငယ်ချင်းတွေလို့ ထင်ခဲ့တာ ဖြစ်ပါတယ်။