အမေရိကန် အစိုးရယန္တရား တချို့ လည်ပတ်မှုရပ်ဆိုင်း

Image caption သမ္မတ သက်တမ်း နှစ်နှစ် ကျော်လာပြီ ဖြစ်တဲ့ ထရမ့်

အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းဆောက်လုပ်ဖို့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်မှာ သဘောတူညီချက်မရလို့ အမေရိကန် အစိုးရအဖွဲ့ရဲ့ ဌာနတချို့လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းလိုက်ပါတယ်။

ဒီလို ရပ်ဆိုင်းလိုက်တဲ့ ဌာနတွေထဲမှာ ပြည်တွင်းလုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ နိုင်ငံခြားရေးနဲ့ တရားရေးဌာနတွေ ပါဝင်နေပါတယ်။ ဒါ့အပြင် အမျိုးသား ပန်းခြံတွေနဲ့ ဥယျာဉ်တွေလည်း ပိတ်လိုက် ပါတယ်။

အခုလို အစိုးရ ယန္တရား ယာယီ ရပ်ဆိုင်းသွားတဲ့ အတွက် ဗဟိုအစိုးရ လက်အောက်က ၀န်ထမ်း သုံးသိန်း ရှစ်သောင်းဟာ ယာယီခွင့် ဒါမှမဟုတ် လစာမဲ့ ခွင့်ယူရဖို့ ဖြစ်လာပါပြီ။အရေးပါပြီး မဖြစ်မနေ တာဝန်ထမ်းဆောင်ရတဲ့၊ အသက်အိုးအိမ် စည်းစိမ် ကာကွယ်စောင့်ရှောက်ပေးတဲ့ အစိုးရ ၀န်ထမ်း လေးသိန်း နှစ်သောင်းလောက်ကတော့ လစာ မရပေမယ့် အလုပ် ဆက်ဆင်းနေရမှာ ဖြစ်ပါတယ်။

မက္ကဆီကို နယ်စပ်မှာ ဆောက်လုပ်မယ့် တံတိုင်းအတွက် ကုန်ကျစရိတ် ဒေါ်လာ ၅ ဘီလီယံကို သမ္မတ ထရမ့်က တောင်းခံထားတဲ့အပေါ် ဒီမို ကရက်တစ်တွေနဲ့ ညှိနှိုင်းမရ ခဲ့တာ ဖြစ်ပါတယ်။

အစိုးရယန္တရား ရပ်သွားတာနဲ့ ပတ်သက်ပြီး သမ္မတ ထရမ့်ကတော့ ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ ထောက်ခံ သဘောတူညီချက် မပေးခဲ့တဲ့ ဒီမိုကရက်တစ်တွေကို အပြစ်တင်လိုက်ပါတယ်။

အခုတော့ အစိုးရယန္တရားကို ပိတ်လိုက်တော့မှာပါ၊ ဒီအတွက် ကျနော့် အနေနဲ့ ဘာမှ မတတ်နိုင်ပါဘူး ဒီမိုကရက်တွေ မဲပေးဖို့ လိုအပ်နေပါတယ်၊ အစိုးရ ယန္တရား ပိတ်တာ သိပ်တော့ မကြာပါဘူးလို့ သမ္မတ ထရမ့်က ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းမှာ ပြောသွားခဲ့ပါတယ်။

ကွန်ဂရက်ဆိုင်ရာ ဒီမိုကရက်တစ်ခေါင်းဆောင်တွေကတော့ နယ်စပ်လုံခြုံရေး ဖြေရှင်းဖို့ အဖြေကို ရီပတ်ဘလီကင်တွေကို ကမ်းလှမ်းထားပြီးဖြစ်သလို တံတိုင်း ဆောက်လုပ်ဖို့က ဈေးကြီးပြီး မထိရောက်ဘူးလို့ ပြောဆိုထားပါတယ်။

မက္ကဆီကို နယ်စပ်မှာ တံတိုင်းကာဖို့ ကိစ္စဟာ သမ္မတ ထရမ့် ရွေးကောက်ပွဲ မဲဆွယ် ကတည်းက ပြောနေတဲ့ ကတိစကား တရပ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေပိုင်း အထိ အမေရိကန် လွှတ်တော်မှာ အမတ်တွေဟာ ဒီတံတိုင်း ကာဖို့ ဘတ်ဂျက် ကိစ္စကို ဆွေးနွေး ခဲ့ကြပါတယ်။

သဘောတူညီချက် တစုံတရာ မရတာကြောင့် အမေရိကန် အစိုးရ ယန္တရားထဲမှာ ပါတဲ့ ဌာန အားလုံးရဲ့ လေးပုံ တပုံလောက်ဟာ ဒီဇင်ဘာ ၂၁ရက် စနေ ညလယ် ကစလို့ လည်ပတ်မှု ရပ်သွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘတ်ဂျက် အတည်ပြုမှု ရဖို့ အမေရိကန် လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးနေစဉ်

အခုလို နောက်ဆုံး တွေ့ဆုံ ဆွေးနွေးမှု ကနေ ဒီဇင်ဘာ ၂၁ သောကြာ ည အထိ ဆုံးဖြတ်ချက် တစုံတရာ မရဘဲ ကွန်ဂရက် အမတ်တွေဟာ Capitol Hill အဆောက်အအုံကနေ ထွက်သွားကြရပါတယ်။

နောက်ရက် ဒီဇင်ဘာ ၂၂ ရက် စနေနေ့မှာ ပြန်လည် ဆွေးနွေးကြလိမ့်မယ်လို့ ယူဆရပါတယ်။

ဆီးနိတ် လွှတ်တော်က ဒီမိုကရက် ခေါင်းဆောင် ချက်ခ် ရှူမာ ကတော့ ခုလို ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သမ္မတ ထရမ့်ကိုသာ ပြစ်တင်ထားပါတယ်။

အခုလို ထွက်ရပ်လမ်း မရှိတဲ့ အခြေအနမှာ ဆီးနိတ်က အမတ် အများစု ခေါင်းဆောင် မစ်ချ်မက်ကော်နယ် အနေနဲ့ သူ့အခေါ်အရ နျူကလီးယား လမ်းကြောင်းကို ရွေးချယ်သင့်တယ်လို့ သမ္မတ ထရမ့်က တိုက်တွန်း ထားပါတယ်။

သူပြောတဲ့ နျူကလီးယား လမ်းကြောင်း ဆိုတာကတော့ လွှတ်တော်မှာ ညှိမရတဲ့ ငြင်းခုံမှုတွေ အဆုံးသတ်သွားအောင် လက်ရှိ ကျင့်သုံးနေတဲ့ ပါတီနှစ်ရပ်စလုံးရဲ့ ထောက်ခံမဲ ၆၀ ရမှ အတည်ပြုချက်ရတဲ့ အခြေအနေကို ဖျက်သိမ်းကာ ထောက်ခံမဲ ၅၁မဲ နဲ့ အတည်ပြုမှု ရယူဖို့ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် လွှတ်တော်မှာ ဥပဒေ တရပ်ကို ပြင်မယ် ဆိုရင် ထောက်ခံမဲ သုံးပုံ နှစ်ပုံ ရမှ အတည်ပြုချက် ရယူနိုင်တာ ဖြစ်ပါတယ်။

Image caption တံတိုင်း ခတ်ဖို့ စတီး သံပိုက်ချောင်း နမူနာ ပြထားတဲ့ ထရမ့်ရဲ့ တွစ်တာ ပေါ်ကပုံ

ဒါပေမယ့် အခုလို ဥပဒေ အတည်ပြုမှု ပိုင်းဆိုင်ရာ အရ လွှတ်တော်မှာ အကျပ်အတည်း တွေ့တဲ့အခါမှာ ဒီလမ်းကြောင်း ကို သုံးဖို့ တိုက်တွန်းလာတိုင်း မစ္စတာ မစ်ချ်မက်ကော်နယ်က ထပ်တလဲလဲ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ရီပတ်ဘလစ်ကန် တော်တော်များများ ကလည်း ဒီဘတ်ဂျတ် အဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပါတယ်။

အခုလို အမေရိကန် အစိုးရ ဘတ်ဂျက် အသုံးစရိတ် ဆိုင်ရာ ရပ်ဆိုင်း သွားရတဲ့ အဖြစ်ဟာ အခု ၂၀၁၈ အတွင်း တတိယ အကြိမ် ဖြစ်ပါတယ်။

တကယ်တမ်း လက်တွေ့မှာ အောက်ပါ အခြေအနေ အတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။

၁။ အကောက်ခွန်နဲ့ နယ်စပ် ၀န်ထမ်း တွေ လခ ရဖို့ နှောင့်နှေး ကြန့်ကြာမှု ရှိနိုင်ပေမယ့် ဆက်လက် တာဝန် ထမ်းဆောင် ကြရမှာ ဖြစ်ပြီး လေဆိပ်တွေတော့ ဆက်လက် ဖွင့်ထားအုံးမှာပါ။

၂။ အမျိုးသား ပန်းခြံ ၀န်ထမ်း ၈၀ ရာခိုင်နှုန်း ကတော့ အလုပ်မဆင်းရတော့ဘဲ ပန်းခြံတွေ ပိတ်ထားမှာ ဖြစ်သလို မဖြစ်မနေ ထားရှိရမယ့် နေရာမှာဘဲ ဝန်ထမ်း ချထားတော့မှာပါ။

၃။ အိုးအိမ် ၀န်ထမ်း ၉၀ ရာခိုင်နှုန်း ကတော့ လစာမဲ့ ခွင့်ယူကြရမှာ ဖြစ်ပြီး နောက်ရမယ့် ခွင့်တွေနဲ့ ပြန်ချေမယ့် သဘောမှာ ရှိနေတာပါ။

၄။ အစားအသောက်နဲ့ ဆေးဝါးဌာနကတော့ ပုံမှန် စစ်ဆေးမှု ရပ်ဆိုင်း ထားမှာ ဖြစ်ပြီး အရေးပါတဲ့ အခန်းကဏ္ဍတွေကိုသာ ဆက်လက် လုပ်ဆောင်သွားမှာပါ။

၅။ နာဆာ အာကာသ ဌာနက ၀န်ထမ်း ၉၀ ရာခိုင်နှုန်း ဟာလည်း အလုပ်မဆင်းရဘဲ ရှိနေတော့မှာပါ။

အမေရိကန် ဗဟို အစိုးရ ၀န်ထမ်း လက်ကျန် ၇၅ ရာခိုင်နှုန်း ကတော့ လာမယ့် ၂၀၁၉ စက်တင်ဘာ အထိ လခ အပြည့်ရသွားမှာ ဖြစ်တဲ့ အတွက် ကာကွယ်ရေး၊ စစ်မှုထမ်းဟောင်း ဌာန၊ အလုပ်သမားရေးနဲ့ ပညာရေး ဌာန တွေက ၀န်ထမ်းတွေ အပေါ်မှာတော့ အခု ဘတ်ဂျတ် ပြဿနာက သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ