အင်ဒိုနီးရှား ဆူနာမီ သတိပေးစနစ် ချို့ယွင်းမှု ရှိနေသေးသလား

indonesia ဓာတ်ပုံ မူပိုင် Reuters
Image caption ပျောက်ဆုံးနေသူတွေလည်း အများအပြားရှိနေပြီး ပြိုကျသွားတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေနိုင်

အင်ဒိုနီးရှားနိုင်ငံမှာ ဒီဇင်ဘာလ ၂၂ ရက် ဒေသစံတော်ချိန် ည ကိုးနာရီခွဲလောက်က ဆန်ဒါး ရေလက်ကြားက ကမ်းခြေမြို့တွေကို ရုတ်တရက် ဆူနာမီလှိုင်းဝင်သွားတဲ့အတွက် သေဆုံးသူ ၂၂၂ ဦးနဲ့ ဒဏ်ရာရသူ ၈၄၃ ဦးရှိကြောင်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ဒါပေမဲ့ ပျောက်ဆုံးနေသူတွေလည်း အများအပြားရှိနေပြီး ပြိုကျသွားတဲ့ အဆောက်အအုံတွေအောက်မှာ ပိတ်မိနေနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေသလို ဆူနာမီလှိုင်းဒဏ်ခံရသူတွေကို ကယ်ဆယ်ရေး သမားတွေက ဆက်လက် ရှာဖွေနေကြပါတယ်။

ဆန်ဒါး ရေလက်ကြားရဲ့ အနောက်တောင်ဘက် ပင်လယ်ပြင်မှာရှိတဲ့ အနာခရာ ခတိုးအာ မီးတောင် ပေါက်ကွဲအပြီးမှာ ပင်လယ်ကြမ်းပြင် မြေပြိုမှုကြောင့် ဆူနာမီလှိုင်းတွေ ပေါ်လာတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Image caption ဘာသတိပေးသံမှ မကြားလိုက်ရပဲ ဆူနာမီဝင်လာပေမယ့် အချိန်မီ ထွက်ပြေးနိုင်ခဲ့

ဆူနာမီ သတိပေးချက် ထွက်မလာခဲ့လို့ဆို

ဆူနာမီ အန္တရာယ်က ထွက်ပြေးရသူ တဦးဖြစ်တဲ့ ဘက်တန်ဒေသက မစ္စတာ ရူဒီ ဟာဒီယန်ရှားက ဘာသတိပေးသံမှ မကြားလိုက်ရဘဲ ဆူနာမီ ဝင်လာပေမယ့် အချိန်မီ ထွက်ပြေးနိုင်ခဲ့တယ်လို့ ဘီဘီစီ အင်ဒိုနီးရှားဌာနခွဲကို ပြောဆိုထားပါတယ်။

ရေသံတွေ ကြားရတဲ့အတွက် ထွက်ပြေးရာမှာ သုံးကြိမ်လောက် ရေလှိုင်းဒဏ်ခံရပြီး လဲကျခဲ့ပေမယ့် အသက်မသေပဲ လွတ်မြောက်ခဲ့တာလို့ သူက ဆိုပါတယ်။

သူ့ရဲ့ အရောင်းဆိုင်ကလေးကတော့ ရေထဲ ပါသွားခဲ့ပါတယ်။

မစ္စတာ ဟာဒီယန်ရှားအနေနဲ့ သတိပေးသံ မကြားခဲ့ရဘူး ဆိုပေမယ့် အရင် ဆူနာမီ အန္တရာယ် ကာကွယ်လေ့ကျင့်မှု လုပ်ထားတာကြောင့် သတိရှိနေခဲ့တယ်လို့ ဆိုပါတယ်။

ဒီတခေါက် ဆူနာမီဟာ မိုးသံ လေသံ ဘာမှ မကြားရပဲ ဝင်လာတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဂျာဗားကျွန်းမှာရှိတဲ့ ကာရီတာ ကမ်းခြေနားမှာ ဆူနာမီ ဒဏ်ခံရပေမယ့် လွတ်မြောက်လာတဲ့ ကျောင်းသား တဦးဖြစ်သူ အက်ဇကီ ကူနီယာဝမ်ကလည်း ဆူနာမီ သတိပေးသံ မကြားရပဲ လှိုင်းဝင်လာတဲ့အတွက် သူနဲ့အတူ ကျောင်းသား ၃၀ လောက် ကြောက်လန့်တကြား ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ရေလှိုင်းတွေ စဖြစ်လာတဲ့အချိန်မှာ ဆူနာမီလို့ မကြေညာပဲ ဒီရေ တက်တာလို့သာ ကြေညာ

အာဏာပိုင်တွေဘက်က သတိပေးမှု ချို့ယွင်းချက်

အင်ဒိုနီးရှား နိုင်ငံတော် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ နူဂရိုဟိုဟာ အခုလို ရေလှိုင်းတွေ စဖြစ်လာတဲ့အချိန်မှာ ဆူနာမီလို့ မကြေညာပဲ ဒီရေ တက်တာလို့သာ ကြေညာပြီး အများပြည်သူတွေ အထိတ်တလန့် မဖြစ်ကြဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ သူက သူ့အမှားအတွက် တောင်းပန်ခဲ့ပြီး ငလျင်လှုပ်တာ မရှိတဲ့အတွက် နားလည်မှုလွဲခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှား ဆူနာမီ သတိပေးစနစ် ကိုယ်နှိုက်ကလည်း ပြီးခဲ့တဲ့ တပတ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မှားယွင်း သတိပေးချက် ထုတ်ပြန်ခဲ့တဲ့အတွက် အများပြည်သူ အထိတ်တလန့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လဘူဟန် ပင်လယ်အော်မှာ ရှိတဲ့ ဆူနာမီ သတိပေးစနစ်ဟာ အာဏာပိုင်တွေရဲ့ ထိန်းချုပ်မှုကြောင့် မဟုတ်ပဲ ရုတ်တရက် အချက်ပေးသံတွေ ထွက်လာခဲ့တာလို့ မစ္စတာ နူဂရိုဟိုက ဆိုပါတယ်။

ဒါဟာ စက်ကိရိယာပိုင်း ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ပြီး လူအများအပြား ကြောက်လန့် ထွက်ပြေး ခိုလှုံကြတဲ့အတွက် ဆူနာမီဒဏ် ကာကွယ်ရေး စခန်းတွေလည်း လူပြည့်သွားခဲ့တယ်လို့ သူက ပြောပါတယ်။

မီးတောင်ပညာရှင် ဂျက်ဖီးနစ်ကတော့ အမေရိကန်နိုင်ငံမှာ အစိုးရ ရန်ပုံငွေ ချမှတ်မှုက ကွန်ဂရက်အတွင်း သဘောတူညီချက် မရတာကြောင့် အစိုးရဌာနတွေ လုပ်ငန်းရပ်ဆိုင်းသွားတာကလည်း အင်ဒိုနီးရှား ဆူနာမီ သတိပေးမှု အားနည်းတာနဲ့ ဆက်စပ်နေတယ်လို့ တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ အဆိုအရ အမေရိကန် အစိုးရဌာန လုပ်ငန်းရပ်ဆိုင်းထားရာမှာ အမေရိကန် ဘူမိဗေဒ ဌာနလည်း ပါဝင်ခဲ့တဲ့အတွက် အဲဒီက အချက်အလက်တွေသာ ရခဲ့ရင် ခရာ ခါတိုးအာ မီးတောင်ပေါက်မှုနဲ့ ဆက်စပ်တဲ့ ဆူနာမီကို ပိုပြီး သဘောပေါက်နိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ငလျင်မှာလည်း ဆူနာမီ သတိပေးချက် ချို့ယွင်းချက်တွေ ရှိခဲ့ပြီး အဲဒီ ဆူနာမီကြောင့် လူတွေ ထောင်ချီ သေဆုံးခဲ့

ပြီးခဲ့တဲ့ လပိုင်းက ဖြစ်ခဲ့တဲ့ ဆူလာဝေဆီ ဆူနာမီမှာလည်း သတိပေးချက် ချို့ယွင်းခဲ့

ဆူလာဝေဆီ ကျွန်းမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ငလျင်မှာလည်း ဆူနာမီ သတိပေးချက် ချို့ယွင်းချက်တွေ ရှိခဲ့ပြီး တကယ် ဖြစ်ခဲ့တာထက် သုံးဆလောက် လျော့နေတဲ့ ရေလှိုင်းအမြင့် သတိပေးချက်ကိုတောင် ဖြစ်ပြီး နာရီဝက်အတွင်း ရုပ်သိမ်းခဲ့တဲ့အထိ အမှားအယွင်းတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီ ဆူနာမီကြောင့် လူတွေ ထောင်ချီ သေဆုံးခဲ့တာ ဖြစ်တဲ့အတွက် အများဝေဖန်မှုလည်း ခံခဲ့ရပါတယ်။

ဒီ ဆူနာမီမှာလည်း အခု မီးတောင်ကြောင့် ဖြစ်တဲ့ ဆူနာမီလိုပဲ အများ သတိမထားမိတဲ့ ထူးခြားချက် ရှိခဲ့တာကလည်း သေဆုံးမှု များစေခဲ့တဲ့ အကြောင်း ဖြစ်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အင်ဒို ဆူနာမီ သေဆုံးသူ ၁၄ဝဝ ကျော်

ဆူလာဝေဆီ ဆူနာမီမှာ အဓိက ခံရတဲ့ ပါလူမြို့ဟာ ကျဉ်းမြောင်းတဲ့ ပင်လယ်အော်ရှည်နဲ့ တည့်တည့်မှာ ရှိနေတဲ့အတွက် လှိုင်းအရှိန်မြှင့်ပေးသလို ဖြစ်သွားပြီး မှန်းထားတာထက် ပိုဆိုးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ဆူနာမီ သတိပေးစနစ် တပ်ဆင်ထားမှုတွေ ခိုးယူ ဖျက်ဆီးခံရတာတွေ ရှိခဲ့တာကလည်း ချို့ယွင်းမှုတွေကို ဆိုးရွားစေခဲ့ပြီး အင်ဒိုနီးရှား ငလျင်နဲ့ ဆူနာမီ ဌာန အကြီးအကဲ ကိုယ်တိုင်ကလည်း စက်ပြင်ဆင်စရိတ် တဝက် အတွက်ကိုတောင် လုံလောက်တဲ့ ရန်ပုံငွေ မရဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ်းခြေနဲ့ ဝေးဝေးနေကြဖို့ သတိပေးထားပေမယ့် လမ်းတွေ ပျက်စီး ပိတ်ဆို့မှုကြောင့် ကုန်းမြင့်ပိုင်းကို မသွားနိုင်ပဲ ပိတ်မိနေသူတွေလည်း ရှိနေ

အခု မီးတောင် ဆူနာမီရဲ့ အန္တရာယ် အလားအလာ

ဂျာဗားကျွန်းဘက်မှာ ဆူနာမီဖြစ်ပြီး နောက်တရက် ဖြစ်တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အင်ဒိုနီးရှား နိုင်ငံတော် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပြောခွင့်ရ ပုဂ္ဂိုလ် မစ္စတာ နူဂရိုဟိုက မီးတောင် လှုပ်ရှားမှုတွေ ရှိနေသေးတဲ့အတွက် ဆူနာမီလှိုင်းတွေ ထပ်ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

အထူးသဖြင့် ကမ်းခြေနဲ့ ဝေးဝေးနေကြဖို့ သတိပေးထားပေမယ့် လမ်းတွေ ပျက်စီး ပိတ်ဆို့မှုကြောင့် ကုန်းမြင့်ပိုင်းကို မသွားနိုင်ပဲ ပိတ်မိနေသူတွေလည်း ရှိနေပါတယ်။

သဘာဝဘေးအန္တရာယ်ရေးရာ ကျွမ်းကျင်သူ ကရီနာ ဖန်လေ ကတော့ မီးတောင်ပေါက်တဲ့ အရှိန်နဲ့ ပင်လယ်ကြမ်းပြင် မြေပြိုမှုကြောင့် မြေပြင် အနေအထား ပြောင်းလဲသွားတဲ့အတွက် မီးတောင် ပေါက်ကွဲမှု ရပ်သွားရင်တောင် နောက်ထပ်လည်း မြေထပ်ပြိုနိုင်လို့ ကမ်းခြေ တလျှောက် ပိုပြီး သတိထားဖို့လိုမယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုလို ဆူနာမီလှိုင်းဖြစ်ပေါ်စေခဲ့တဲ့ အနာ ခရာ ခါတိုးအာ မီးတောင်ဟာ ၁၈၈၃ ခုနှစ်က ဖြစ်ခဲ့တဲ့ ခရာ ခါတိုးအာ မီးတောင် ပေါက်အပြီးမှာ ပင်လယ်ထဲက တိုးထွက်လာတဲ့ မီးတောင်သစ် ဖြစ်ပါတယ်။

အဲဒီ ခရာ ခါတိုးအာ မီးတောင် ပေါက်ကွဲမှုဟာ အပြင်းထန်ဆုံး မီးတောင် ပေါက်ကွဲမှု စာရင်း ဝင်ခဲ့ပြီး ပေါက်ကွဲသံကို မိုင်ပေါင်း ၃၀ဝ၀ ကျော် အကွာက ကြားခဲ့ရသလို ငလျင်နဲ့ ဆူနာမီတွေကြောင့် လူပေါင်း သုံးသောင်း ခြောက်ထောင်လောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆူနာမီ

ဆက်စပ် အကြောင်းအရာများ