အင်တာနက်မှာ အရှာဆုံး တရုတ်ရုပ်သံဇာတ်လမ်း၊ ယန်ရှီနန်းတော်

The protagonist Wei Yingluo, of Yanxi Palace ဓာတ်ပုံ မူပိုင် IQiyi
Image caption မိဘုရားငယ်တပါးဖြစ်တဲ့ ဝေရင်လော်ကို ဖော်ကျူးတဲ့ ယန်ရှီနန်းတော်

အချစ်၊ အမုန်း၊ ကြံစည်မှု၊ လက်စားချေမှု၊ ပြိုင်ဘက်ကို အဆိပ်ခတ်မှု၊ ကလေးတွေကို သတ်တာတွေကအစ ပါတဲ့ ဇာတ်လမ်းကြီး ဖြစ်ပါတယ်။

တရုတ်ပြည်မှာ ဂူဂယ်သုံးတာကို ပိတ်ထားပေမယ့် ယန်ရှီနန်းတော် ဇာတ်လမ်းဟာ ကမ္ဘာပေါ်မှာ ၂ဝ၁၈ အတွင်း လူစိတ်အဝင်စားဆုံး ခံရဆုံး ဇာတ်လမ်းတပုဒ် ဖြစ်ခဲ့ပါတယ်။

စင်္ကာပူ၊ မလေးရှား၊ ဘရူနိုင်း၊ ဟောင်ကောင် စတဲ့ အာရှတလွှားမှာ ဒီဇာတ်လမ်းတွဲအကြောင်း လူစိတ်ဝင်စားတာ အများဆုံးလို့ ဂူဂယ်က တွေ့ရှိခဲ့ ပါတယ်။ တရုတ်ပြည်မကြီးမှာလည်း ဒီဇာတ်လမ်းတွဲကို လူကြိုက်အင်မတန်များပါတယ်။

ဇူလိုင်လက စပြီး တရုတ်ပြည်က အိုင်ကျိယီ ရုပ်သံနဲ့ ရုပ်ရှင်ဝက်ဆိုက်မှာ ဒီဇာတ်လမ်းတွဲကို ကြည့်သူ ၁၅ ဘီလျံ ရှိပါတယ်။

အဲဒီနောက် ပြည်တွင်း ရုပ်သံလိုင်းတွေနဲ့ ပြည်ပ စျေးကွက် ၇ဝ ကျော်မှာ ဒီဇာတ်လမ်းတွဲကို ပြခဲ့တာပါ။ ဒီနှစ်နွေရာသီအတွက် တရုတ် အင်တာနက်မှာ ၃၉ ရက်တိုင် ကြည့်သူအများဆုံး စံချိန်တင်ခဲ့ပါတယ်။

အပိုင်း ၇ဝ ပါတဲ့ ယန်ရှီနန်းတော် ဇာတ်လမ်းဟာ ၁၇ဝဝ ကျော် ကျင်းလုံ ဧကရာဇ်လက်ထက်က မောင်းမတွေအကြား အာဏာလုပွဲတွေအကြောင်း နောက်ခံပြုထားတာပါ။

ချို့တဲ့တဲ့နောက်ခံကလာတဲ့ မိန်းကလေးတယောက် အနောက်ဆောင်ထဲမှာ ဘုရင့်မေတ္တာရအောင် ဘယ်လိုကြိုးစားတယ် ဆိုတာ ဒီဇာတ်လမ်းက သရုပ်ဖော်ပါတယ်။

စင်ဒရဲလား ဇာတ်လမ်းနဲ့တူသလို၊ အင်္ဂလန်က အဲလစ်ဇဘက် ဘုရင်မအကြောင်း သရဖူ ဇာတ်လမ်းတွဲနဲ့ တူသလို ရှိပေမယ့် ဒီကားရဲ့ ထူးခြားချက်ကြောင့် ဒီနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။

မဝါဒီဇာတ်ကြောင်းနဲ့ဟပ်မိ

ဒီဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင် ဝေရင်လော်ဟာ ရိုးရာ တရုတ်အမျိုးသမီး ပုံစံ ဖြစ်တဲ့ နာခံပျော့ညံ့တဲ့ ပုံစံက ကွဲထွက်နေပါတယ်။

တရုတ်ပြည်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ချင်မင်းဆက် လက်ထက်မှာ လူများစု ဟန်တရုတ်တွေကို မန်ချူးတွေက ဖိနှိပ်ထားပေမယ့် ဟန်ထဲက ရင်လော်ဆိုတဲ့ အမျိုးသမီးတယောက်က ချင်းလုံဘုရင်ရဲ့ ကိုယ်လုပ်တော်အဖြစ် ထွန်းပေါက် လာတဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းဖွဲ့ထားတာပါ။

ရင်လော်ရဲ့ အကြံဉာဏ်နဲ့ ထက်မြက်မှုကြောင့် အဲဒီခေတ်မှာ တရုတ်လူမျိုးတယောက် အနေနဲ့ အမြင့်ဆုံး ဖြစ်တဲ့ ဘုရင့် ကိုယ်လုပ်တော်ကြီး ရာထူးကို ရခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် IQiyi
Image caption နန်းတော်ထဲမှာ အစေခံဘဝကနေ ထိပ်ထိတက်လာတဲ့ ဝေရင်လော်

ရင်လော်ဟာ ကွယ်လွန်ပြီးနောက်မှာ ဧကရီဘွဲ့နှင်းခံရလို့ မန်းချူးခေတ်မှာ တပါးတည်းသော တရုတ်ဧကရီမိဘုရားကြီး ဖြစ်ခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲက မဝါဒီဇာတ်လမ်းတွေ တရုတ်ပြည်မှာ ဘယ်လို ပရိသတ်ကို ဖမ်းစားနိုင်သလဲဆိုတာ ပြနေပါတယ်။

တရုတ်ပြည်ရဲ့ တပါးတည်းသော ဧကရီဘုရင်မအကြောင်း ဇာတ်လမ်းတွဲကလည်း နာမည်ကြီးနေတာပါ။

ဆင်ဆာသိပ်မထိ

ရုပ်သံမှာ မပြခင် ဒီဇာတ်လမ်းကို အင်တာနက်က ပြခဲ့ပါတယ်။

ဒီဇာတ်လမ်းကို ပူးတွဲထုတ်လုပ်တဲ့ အိုင်ကျိယီ ရုပ်သံနဲ့ ရုပ်ရှင်ဝက်ဆိုက် ကလည်း ဒီဇာတ်လမ်းကို ရုပ်သံမှာ လူကြည့်များအောင်နဲ့ စိစစ်မှု နည်းအောင် ကူညီပေးပါတယ်။

ဒီဝက်ဆိုက်ဟာ တရုတ်ပြည်မှာ အအောင်မြင်ဆုံး ရုပ်သံဆိုက်တခုလည်း ဖြစ်ပါတယ်။

တရုတ်ပြည်မှာ အစိုးရ ရေဒီယိုနဲ့ ရုပ်သံဌာနက အားလုံးကို ထိန်းချုပ်ထားတာမို့ ရိုက်ကွင်း မစခင်မှာပဲ သူတို့ဆီက ခွင့်ပြုချက် ယူရပါတယ်။

ဗီဒီယို ဇာတ်လမ်းတွေပြသတဲ့ ဝက်ဆိုက်တွေ ပေါ်လာတဲ့အခါ စိစစ်ရေးနဲ့ မငြိစွန်းဘူး ထင်တဲ့ကားတွေကို ပြသခွင့် ရှိလာပါတယ်။

၂ဝ၁၆ တုန်းက လိင်တူချစ်သူ ဇာတ်လမ်းတွဲတခု တအားပေါက်သွားတဲ့အခါတော့ ပြနေတုန်း ပြန်ဖြုတ်ချခံရပါတယ်။ နောက်နှစ်ကျတော့ လိင်တူဇာတ်လမ်းတွေ အပိတ်ခံရပါတယ်။

အင်တာနက်ဆိုက်တွေမှာ စိတ်ထင်တိုင်း ဇာတ်လမ်းတွဲတွေကို မပြနိုင်ပေမယ့် အစိုးရ ချုပ်ကိုင်ထားတဲ့ ရုပ်သံလိုင်းတွေထက်တော့ ပိုပြီး ချောင်ချိတာ တွေ့ရပါတယ်။

ကုန်ကျစရိတ်နည်းပြီး အရည်အသွေးမြင့်

ဒီကားမှာပါတဲ့ သရုပ်ဆောင်တွေက သိပ်နာမည်ကြီးတာ မဟုတ်ပါဘူး။ ဟောင်ကောင်မင်းသမီး ရှာမိန် ရှားတယောက်ပဲ ဇာတ်ပို့ခန်းက ပါပါတယ်။

နာမည်ကြီးတွေ ပါမှ ဖြစ်မယ်ဆိုတဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမြင်ကို တိုက်ဖျက်ထားတဲ့ဇာတ်လမ်းလို့ ရုပ်ရှင်သမားတွေက မှတ်ချက်ပေးပါတယ်။

တရုတ်ပြည်မှာ နာမည်ကြီး ရုပ်ရှင်သမားတွေ အခွန်ရှောင်မှုကြောင့် အာဏာပိုင်တွေ အရေးယူနေချိန်မှာ ဒီဇာတ်လမ်းတွဲ ထွက်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် IQiyi
Image caption အဝတ်အစားနဲ့ တိကျတဲ့ ဆက်တင်ကြောင့် ပရိသတ်ကြိုက်ကြ

ဆက်တင် အခမ်းအနားကောင်းမှု၊ အဝတ်အစားခမ်းနားမှုနဲ့ မိတ်ကပ်အပြင်အဆင်တွေကြောင့် ပရိသတ်တွေအကြိုက်တွေ့ခဲ့ကြပါတယ်။

ဇာတ်လမ်းမှာပါတဲ့ မောင်းမတိုင်း မန်ချူးခေတ်ကအတိုင်း နားဆွဲ တဘက်ကို သုံးဆင့်ဆီ ပန်ဆင်ကြပါတယ်။