ထရမ့် - “ခရစ္စမတ်ဘိုးဘိုး ရှိတယ် ဆိုတာ ယုံလား”

ခရစ္စမတ် အကြိုနေ့မှာ ကလေးငယ်တွေရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံဖြေကြားပေးနေတဲ့ သမ္မတထရမ့်နဲ့ ဇနီး ဓာတ်ပုံ မူပိုင် EPA
Image caption ခရစ္စမတ် အကြိုနေ့မှာ ကလေးငယ်တွေရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံဖြေကြားပေးနေတဲ့ သမ္မတထရမ့်နဲ့ ဇနီး

ဒီမေးခွန်းတွေက ဘယ်သူမှ မမေးသင့်တဲ့ မေးခွန်းတွေပါ။

ဒီအနီရောင်ခလုတ်က ဘာလုပ်တာလဲ။

ကျွန်တော့် အကြောင်းကို လူတွေက ဘယ်လိုပြောကြလဲ။

ကလေးတွေကို လက်ဆောင်ပေးလေ့ရှိတဲ့ ခရစ္စမတ်ဘိုးဘိုးကြီး ဆန်တာကလော့စ် ရှိတယ်ဆိုတာ ယုံလား။

ခရစ္စမတ်ပွဲတော် အခါသမယမှာ ဆန်တာကလော့စ် ခရစ္စမတ်ဘိုးဘိုးကြီး ရှိတယ်ဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ ဒါပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကလေးတယောက်ကို စကားပြောနေတုန်းမှာ အကြောင်း တခုခုကြောင့် ဒါကို သံသယ ဝင်စေခဲ့ပါတယ်။

ဖြစ်စဉ် မြင်ကွင်း ပြောရရင် အမေရိကန် သမ္မတရဲ့ အိမ်ဖြူတော် နိုင်ငံတော်အဆင့် ညစာစားပွဲမှာပါ။

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လာနီယာတို့ ဇနီးမောင်နှံ နှစ်ဦးဟာ ဧရာမ ခရစ္စမတ် သစ်ပင်ကြီး နှစ်ပင်အောက်မှာ ထိုင်ပြီး အမေရိကန် ကလေးငယ်တွေရဲ့ တယ်လီဖုန်း ဆက်သွယ်မှုတချို့ကို ဖြေကြားပေးနေပါတယ်။

မြောက်အမေရိက လေကြောင်းကာကွယ်ရေး ဌာနချုပ် (NORAD) အစိုးရ အဖွဲ့ အစီအစဉ်နဲ့ ၁၉၅၅ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ခရစ္စမတ် အချိန်မှာ ပရဟိတ သမားတွေ အကူအညီနဲ့ ဆန်တာကလော့စ် ဆီ လှမ်းဆက်သွယ်တဲ့ ကလေးငယ်တွေကို ဖုန်းလက်ခံ ဖြေကြားပေးတဲ့ ဆန်တာ ကလော့စ် ခြေရာခံ အစီအစဉ်ဆိုတာ ရှိပါတယ်။ ဒီနှစ်မှာ သမ္မတထရမ့်နဲ့ ဒီမိုကရက်တွေ ကြား ဘဏ္ဍရေး အငြင်းပွားမှုကြောင့် အမေရိကန်အစိုးရ ယန္တရားတချို့ ယာယီ ရပ်ဆိုင်းနေပေမယ့် ဒီ ဆန်တာ ခြေရာခံစနစ်ကတော့ ဆောင်ရွက်ပါတယ်။

ဒီထဲက ဖုန်းဆက်သွယ်မှုတချို့ကို သမ္မတနဲ့ သမ္မတ ကတော်က ကူညီ ဖြေဆိုပေးခဲ့ပါတယ်။ ဒီ ဖုန်းဖြေဆိုမှုတွေကို အလှည့်ကျ သတင်းယူခွင့် စနစ်နဲ့ အိမ်ဖြူတော်မှာ သတင်းယူခွင့်ရခဲ့တဲ့ ကယ်ဗင်ဒီယက်စ် ကျေးဇူးနဲ့ သိခွင့် ရခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒီဇင်ဘာ ဆို ကြားရတဲ့ ခရစ္စမတ်သီချင်းသံတွေ

ဒီယက်စ် မှတ်တမ်းတင်ခဲ့တဲ့ ဖုန်းအပြန်အလှန် ပြောဆိုမှုတွေက ဒီလိုပါ။

ကိုးလ်မန်း အမည်နဲ့ ကလေးငယ်ကို သမ္မတ ထရမ့်က အသံဟိန်းဟိန်းကြီးနဲ့ ပြောပါတယ်။

"ဟယ်လို၊ ကိုးလ်မန်းလားဟေ့၊ ပျော်ရွှင်တဲ့ နာတာလူးပွဲတော် ဖြစ်ပါစေ၊ နေကောင်းရဲ့လား၊ အသက် ဘယ်လောက် ရှိပြီလဲ … ကျောင်းမှာ စာလိုက်နိုင်ရဲ့လား၊ မင်း အခု အချိန်အထိ ဆန်တာကို ယုံကြည်နေတုန်းပဲလား"။

အွန်လိုင်းလူမှုကွန်ရက်တွေမှာ ဝေမျှနေကြတဲ့ အဲဒီ အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုမှာ သမ္မတထရမ့်က ကလေးငယ်ကို အခုလို ပြောပါတယ်။

"ဘာလို့ဆို အသက် ၇ နှစ် ရောက်ပြီ ဆိုတော့ ဆန်တာက အရေးမပါတော့ဘူး မဟုတ်လား"

ကလေးငယ် ကိုးလ်မန်းက ဘာပြန်ဖြေသလဲ ဆိုတာတော့ မသဲကွဲပါဘူး။

မစ္စတာ ထရမ့်က ဘာကြောင့် ဒီမေးခွန်းကို မေးရတာလဲ ဆိုတာလည်း အလားတူ မရှင်းလင်းပါဘူး။ ဘာကြောင့်ဆို ဆန်တာရဲ့ တည်ရှိမှုက အခုလို ပွဲတော် အချိန်မှာ အငြင်းပွားစရာမလိုတာကြောင့်ပါ။

လွန်ခဲ့တဲ့ နာရီပိုင်း အတွင်း ကမ္ဘာ အနှံ့မှာ တွေ့မြင်ရတဲ့ ဓာတ်ပုံတွေက ဆန်တာ တည်ရှိကြောင်း သက်သေပါပဲ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒါက မက္ကစီကိုက ခရစ္စမတ်ဘိုးဘိုး
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒါကတော့ ကလေးတွေရဲ့ ပျော်စရာ မြေ ဒစ္စနေလန်းကပါ
ဓာတ်ပုံ မူပိုင် Reuters
Image caption ဖင်လန်က ခရစ္စမတ်ဘိုးဘိုးကြီးကလည်း ဒီလိုပါ

သမ္မတထရမ့်နဲ့ ကလေးငယ်တွေရဲ့ တခြား တယ်လီဖုန်း စကားပြောဆိုမှုတွေကတော့ အပြန်အလှန် နွေးထွေးတဲ့ ဆုမွန်ကောင်းတောင်းမှုတွေနဲ့ ကြီးကြီးမားမား ပြောစရာ မရှိဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

"မင်းရဲ့ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ပါစေ" လို့ ဖုန်းခေါ်လာတဲ့ ကလေးတဦးကို မယ်လာနီယာက ဆုတောင်းပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ