အင်ဒိုနီးရှားက ကရာကာတိုအာ မီးတောင် နဲ့ ဆူနာမီ ဘယ်လို ဆက်စပ်လဲ

Indonesian residents gathering their possessions near Anyer Beach ဓာတ်ပုံ မူပိုင် EPA
Image caption စနေနေ့ ဆူနာမီကြောင့် လူသေမှု ပမာဏ တက်နေဆဲ

အင်ဒိုနီးရှား ကရာကာတိုအာ မီးတောင်က ကျောက်တွေ ပြိုကျပြီး ပင်လယ်အောက် ကျောက်ပြိုမှုတွေ ဖြစ်လို့ စနေနေ့က ဆူနာမီ လှိုင်းကြီးတွေ ထပြီး ရာနဲ့ချီတဲ့ အသက်အိုးအိမ်တွေကို ဖျက်ဆီးခဲ့တာ ဖြစ်နိုင်ပါတယ်။

ဒီမီးတောင်ဟာ ကြောက်စရာ အဆင့်သစ်ကို ရောက်နေပြီလို့ ကယ်လီဖိုးနီးယားက မီးတောင်ပညာရှင် ဂျက်စ်ဖီးနစ်က ရှင်းပြပါတယ်။ မီးတောင်ပေါက်ကွဲပုံ ဓာတ်ပုံတွေကို ကြည့်ပြီး သူက ဒီမှတ်ချက်ကို ပေးခဲ့တာပါ။

An illustration of Krakatau before the eruption in 1883 ဓာတ်ပုံ မူပိုင် Getty Images

အထက်ပါပုံက ၁၈၈၃ မီးတောင်ပေါက်မှုကြီး မတိုင်ခင်က ကရာကာတိုအာ မီးတောင်ပုံ ဖြစ်ပါတယ်။

အဲဒီနောက် ပြန်ပေါ်လာတဲ့ ဒီမီးတောင်သစ်ကို ကရာကာတိုအာရဲ့ ကလေးလို့ ပြောင်းခေါ်ကြပါတယ်။

ကရာကာတိုအာဟာ အဝကျယ်ပြီး တဆက်တည်းရှိတဲ့ အခုံးပုံ မီးတောင်ကြီးပါ။

ပုံမှာ ငါးဖမ်းလှေတစင်း ရှိနေတာကို ကြည့်ခြင်းအားဖြင့် အဲဒီချိန်မှာ ထိပ်က မီးခိုးငွေ့တွေ ထွက်နေတာတောင်မှ မီးတောင်ပေါက်မှာကို စိုးရိမ်ထိတ်လန့်ကြတဲ့ပုံ မရှိပါဘူး။

မီးတောင်ထဲမှာ အပူကြောင့် အထက်တက်လာတဲ့ ရေငွေ့ပန်းထွက်တာလည်း ဖြစ်နိုင်တာမို့ မီးခိုးငွေ့ထွက်တာဟာ မီးတောင်တွေအတွက် ပုံမှန်လည်း ဖြစ်နိုင်ပါတယ်။

Anak Krakatau volcano. Photo: July 2018 ဓာတ်ပုံ မူပိုင် Getty Images

ဇူလိုင် ၂ဝ၁၈ မှာ ရိုက်တဲ့ ပုံအရ ကရာကာတိုအာ မှာ ပေါက်ကွဲမှု အသေးစား တခု ဖြစ်နေပြီး မီးတောင် ပေါက်မှု ပြင်းအား အဆင့် ဝ သို့မဟုတ် ၁ ရှိနိုင်ပါတယ်။

မီးတောင်ကနေ ပေါက်ကွဲထွက်လာတဲ့ ပစ္စည်းပမာဏနဲ့ ပြင်းအားကို တိုင်းထွာတဲ့ ဒီစနစ်အရ ဝ နဲ့ ၁ ဆိုတာ ဟာဝိုင်ယီကျွန်းမှာ တွေ့နေကျ ပေါက်ကွဲမှု ပုံစံ ဖြစ်ပြီး ၈ ဆိုရင်တော့ အနှစ် ခြောက်သိန်းကျော်က အမေရိကန် ရဲလိုးစတုန်း အမျိုးသား ဥယျာဉ်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှု အကြီးစားမျိုးကို ဆိုလိုပါတယ်။

ဒီလို ပေါက်ကွဲမှု အသေးစားမျိုးက နေ့တိုင်းလိုလို နှစ်ချီပြီး ဖြစ်နေနိုင်ပြီး ပေါက်ကွဲမှုကြီး မဖြစ်ဘဲလည်း ရှိနိုင်ပါတယ်။

ဒါပေမဲ့ ကျောက်ရည်ပူတွေ ပိုများလာရင်တော့ ပေါက်ကွဲမှုက ကြီးသွားနိုင်ပါတယ်။

Anak Krakatau volcano. Photo: July 2018 ဓာတ်ပုံ မူပိုင် Getty Images

ဇူလိုင် ၂ဝ၁၈ မှာပဲ ရိုက်တဲ့ နောက်တပုံမှာတော့ ဒီမီးတောင်ဝကနေ မီးတောက်မီးလျှံတွေ ပန်းထွက်လာတာ တွေ့ရမှာပါ။

မီးတွေဖြာထွက်နေတဲ့အတွက် ထွက်လာတဲ့ချော်တွေ ပူနေပြီး အချိန်ကြာတာနဲ့ မည်းနက်သွားပါလိမ့်မယ်။

အချိန်ကြာတာနဲ့ ကျောက်ရည်ပူတွေ အေးပြီး ချော်တုံးအသေး အကြီးတွေ ဖြစ်လာပါတယ်။

ဒါတွေက လူတွေကို အန္တရာယ်ပေးနိုင်ပြီး ချော်တုံးကြီးတွေက မီးတောင်ထိပ်ဝကနေ ပေရာချီပြီး လွင့်ထွက်သွားနိုင်ပါတယ်။

Anak Krakatau volcano. Photo: August 2018 ဓာတ်ပုံ မူပိုင် Getty Images

သြဂုတ် ၂ဝ၁၈ မှာ ကောင်းကင်က ရိုက်တဲ့ပုံတပုံမှာတော့ ကရာကာတိုအာ မီးတောင်ကို ချော်ကျောက်တွေ ဖုံးနေတဲ့ ကျွန်းလေးတကျွန်းလိုပဲ တွေ့ရပါတယ်။

ကရာကာတိုအာ မီးတောင်ကို တခြား ကျွန်းသုံးကျွန်း ဝိုင်းထားတာရဲ့အလယ်မှာလို တွေ့ရပါတယ်။ တကယ်တော့ ဒီကျွန်းတွေဟာ မူလရှိခဲ့တဲ့ မီးတောင်ဟောင်းရဲ့ နယ်နိမိတ်ထဲမှာ ပါခဲ့ပါတယ်။

၁၈၈၃ မီးတောင်ပေါက်မှုကြောင့် ကျွန်းရဲ့ပုံစံပျက်ပြီး ပျောက်သွားတဲ့ ကျွန်းနေရာမှာ ၁၉၃ဝ ကမှ မီးတောင်သစ်တလုံး ပြန်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီပုံအရ ပေါက်ကွဲမှု အပျော့စား ဖြစ်နေတာတွေ့ရပါတယ်။

Anak Krakatau volcano. Photo: September 2018 ဓာတ်ပုံ မူပိုင် EPA

၂ဝ၁၈ စက်တင်ဘာမှာ ရိုက်တဲ့ပုံကျတော့ အရင်ပုံနဲ့ တော်တော်ကွာသွားပါပြီ။

အညိုရောင် ထူပျစ်ပျစ် ပေါက်ကွဲမှုတွေကြောင့် ဘေးက ကျွန်းသုံးကျွန်းကိုတောင် သေချာမမြင်ရတော့ပါဘူး။

ဒီပေါက်ကွဲမှုကြောင့် လေယာဉ်တွေ ပျံသန်းမရ ဖြစ်သလို ထွက်လာတဲ့ ကျောက်မှုန်တွေကြောင့် လူ့ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

ဒီကျောက်မှုန်တွေထိမှန်ပြီး အဆောက်အအုံတွေ ပြိုပျက်တာတွေလည်း ဖြစ်နိုင်ပါတယ်။

Anak Krakatau volcano. Photo: 23 December 2018 ဓာတ်ပုံ မူပိုင် Reuters

၂ဝ၁၈ ဒီဇင်ဘာ ၂၃ မှာ တွေ့ရတဲ့ ကြောက်စရာ ပုံမှာတော့ အရင်လပိုင်းက မြင်ခဲ့ရတဲ့ ကရာကာတိုအာမီးတောင်နဲ့ တခြားစီ ဖြစ်သွားပါပြီ။

မီးတောင်ဝကြီးကို လည်း ပေါက်ကွဲမှုကြောင့် မမြင်ရတော့ဘဲ ကျောက်ရည်ပူ၊ ရေနဲ့ ဓာတ်ငွေ့တွေ ထိတွေ့မှုကြောင့် ပေါက်ကွဲပြီး မီးခိုးငွေ့တွေ ပန်းထွက်လာတာ တွေ့ရပါတယ်။

ကရာကာတိုအာဟာ ပင်လယ်ရေပတ်လည်ဝိုင်းနေတဲ့အတွက် ရေနဲ့ မီးတောင်ချော်ပူတွေ ထိပြီး မီးခိုးငွေ့တွေ ပိုထွက်လာသလို ကြည့်ရတာလည်း ပိုပြီး ဆိုးစေပါတယ်။

Anak Krakatau volcano. Photo: 23 December 2018 ဓာတ်ပုံ မူပိုင် Reuters

မီးတောင်တွေမှာ လျှပ်စီးလက်နိုင်တာကို ကရာကာတိုအာ ပေါက်ကွဲမှု ပုံကပြနေပါတယ်။

ကျောက်ခဲစတွေ၊ မီးတောင်ပြာတွေနဲ့ ရေပေါင်းစပ်ပြီး လေထုထဲမှာ ပွတ်တိုက်မှုကြောင့် လျှပ်စစ်အားဖြစ်ပေါ်လာတာပါ။

ပုံမှာ ပေါက်ကွဲမှု အရှိန်ကြောင့် မီးတောင်ကိုလည်း သေချာ မတွေ့ရတော့ပါဘူး။

လျှပ်စီးလက်တာတွေက မုန်တိုင်းတိမ်တွေက လာတာမဟုတ်ဘဲ ပေါက်ကွဲမှုကလာတာကို တွေ့ရပါတယ်။

Short presentational grey line

မီးတောင်တွေဟာ လေဟာနယ်ထဲမှာ ပေါက်တာ မဟုတ်လို့ အကျိုးဆက်ကို ဘေးပတ်ဝန်းကျင်က ခံစားရပြီး တခါတလေ ဒေသတွင်းနဲ့ ကမ္ဘာထိ ခံစားရပါတယ်။

ကရာကာတိုအာ မီးတောင်ရဲ့ ပေါက်ကွဲမှု အဆင့်သစ်ကတော့ ဆူနာမီလှိုင်းအသွင်နဲ့ လာခဲ့ပါတယ်။

အချက်အလက်မရနိုင်သေးပေမယ့် ဂျားဗားကျွန်း အနောက်ပိုင်းကို ရိုက်ခတ်တဲ့ ဆူနာမီဟာ မီးတောင် တစိတ်တပိုင်း ပြိုကျမှုကြောင့် ရေအောက် ကျောက်သားတွေ ပြိုကျပြီး ဖြစ်တာလို့ ယူဆရပါတယ်။

ဒီကျောက်တွေပြိုလို့ လူသေတဲ့ ဆူနာမီလှိုင်းကြီးတွေ တက်လာတာ ဖြစ်နိုင်ပါတယ်။

မီးတောင် အန္တရာယ်ဟာ အင်ဒိုးနီးရှားမှာ မထူးဆန်းပါဘူး။ ကရာကာတိုအာမှာ နောက်ဆုံးဖြစ်တဲ့ ပေါက်ကွဲမှုကြောင့် လေ့လာမှု အသစ်တွေ ထပ်လုပ်ဖို့ လိုနေပြီ ဆိုတာ ပြနေပါတယ်။ ဒါမှ ပညာပေးရေး၊ ကာကွယ်ပြင်ဆင်ရေးတွေ လုပ်ပြီး လူတွေနဲ့ ပစ္စည်းဥစ္စာတွေကို မီးတောင်ဘေးက လုံခြုံအောင် ထားနိုင်မှာပါ။

ဂျက်စ်ဖီးနစ်ဟာ ကမ္ဘာမြေရဲ့ ခြေရာပြာ ပတ်ဝန်းကျင် သုတေသန အဖွဲ့ကို ပူးတွဲတည်ထောင်တဲ့ မီးတောင်ပညာရှင် ဖြစ်ပြီး ဗြိတိသျှ တော်ဝင် ပထဝီဝင် အသင်းကြီးရဲ့ သဟာယအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။