ထိုင်းမှာ ဆေးခြောက်ကို ပထမဆုံး သုံးစွဲခွင့်ပေး

Thai campaigners calling for a lift on the ban medicinal cannabis, during a November protest in Bangkok ဓာတ်ပုံ မူပိုင် Reuters
Image caption ဆေးခြောက်ကို ကျန်းမာရေးအတွက် သုံးခွင့်ပေးဖို့ တောင်းဆိုကြ

ဆေးခြောက်ကို ကျန်းမာရေး အတွက် သုံးခွင့်ပေးဖို့ ထိုင်းလွှတ်တော်မှာ မဲခွဲ အတည်ပြုလိုက်ပါပြီ။ ဒါကို ပြည်သူတွေအတွက် နှစ်သစ်ကူးလက်ဆောင်လို့ အမတ်တယောက်က ကြွေးကြော်ခဲ့ပါတယ်။

အပျော်အပါးအတွက် သုံးတာကိုတော့ ခုထိ ခွင့်မပြုသေးပါဘူး။

ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ရိုးရာတိုင်းရင်းဆေးအဖြစ် သုံးခဲ့ပြီး ၁၉၃ဝ ကျော်မှ ပိတ်ပင်ခဲ့တာပါ။

အရှေ့တောင်အာရှမှာ မူးယစ်ဆေးသုံးစွဲမှုကို အပြင်းထန်ဆုံး ပြစ်ဒဏ်တွေ ပေးနေချိန်မှာ ထိုင်းနိုင်ငံကနေပြီး ပထမဆုံး ဒေသတွင်းမှာ ဆေးခြောက်ကို ကျန်းမာရေးအတွက် ပထမဆုံး သုံးစွဲခွင့် ပေးတော့မှာ ဖြစ်ပါတယ်။

၁၉၇၉ ခု မူးယစ်ဥပဒေကို ပြင်ဖို့ ထိုင်းစစ်အစိုးရက ခန့်ထားတဲ့ လွှတ်တော်က ဒီဇင်ဘာလ ၂၅ ရက်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

နှစ်သစ်ကူး ပိတ်ရက်တွေ မတိုင်ခင် ဥပဒေကြမ်းတွေ အမြန်အပြီးသတ်ဖို့ လွှတ်တော်အထူးအစည်းအဝေး ခေါ်ပြီး ဆုံးဖြတ်ခဲ့တာလို့လည်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ဒီပြင်ဆင်ချက်ကို အစိုးရဂေဇက်က ပုံနှိပ်ပြီးနောက် ဥပဒေအဖြစ် အသက်ဝင်လာမှာလို့လည်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါတယ်။

"ဒါဟာ ထိုင်း အမျိုးသား လွှတ်တော်ကနေ အစိုးရနဲ့ ပြည်သူတွေကို နှစ်ကူးလက်ဆောင်ဝေတာ " လို့ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဆုံချိုင်း စဝန်ကန်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကမ္ဘာ့ဆေးခြောက်စျေးကွက် ကနေဒါ

ဘာတွေခွင့်ပြုမလဲ

လူနာတွေမှာ ကျန်းမာရေးအတွက် သုံးစွဲဖို့ သတ်မှတ်ထားတဲ့ ဆေးခြောက်ပမာဏကို သယ်ဆောင်ခွင့် ရမှာ ဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ ဆေးစာရွက်စာတမ်း အထောက်အထားတွေကို ယူရမယ်လို့လည်း ဘန်ကောက်ပို့စ်က ရေးသားပါတယ်။

ဒီအတွက် လိုအပ်တဲ့ စိုက်ပျိုး ရောင်းချခွင့် လိုင်စင်တွေကိုတော့ တင်းကျပ်စွာ ထိန်းချုပ်ထားမှာပါ။

ကရာတွမ်လို့ ခေါ်တဲ့ ဒေသတွင်းမှာ စိုက်ပျိုးတဲ့ စိတ်ကို နိုးကြားစေတဲ့ အပင်တမျိုးဟာလည်း ဒီဥပဒေသစ်မှာ အကျုံးဝင်တယ်လို့ သိရပါတယ်။

တကမ္ဘာလုံးပြောင်းလဲ

တကမ္ဘာလုံး နိုင်ငံတော်တော်များများမှာ ဆေးခြောက် ဥပဒေတွေကို ပြန်ပြီး သုံးသပ်ကြပါတယ်။

ကနေဒါနဲ့ ဥရုဂွေးမှာ အပျော်အပါးအတွက် အပါအဝင် ဆေးခြောက်ကို ပထမဆုံး စပြီး တရားဝင် ခွင့်ပြုခဲ့ပါတယ်။ အရှေ့တောင်အာရှမှာတော့ မူးဆစ်ဆေးနဲ့ ပတ်သက်ရင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ခုထိ ချမှတ်တုန်း ဖြစ်ပါတယ်။

ဒီနှစ်ဆန်းကပဲ မလေးရှားမှာ အမျိုးသားတယောက်ကို ဆေးခြောက်ဆီ ရောင်းလို့ ဆိုပြီး သေဒဏ်ပေးခဲ့ပါတယ်။

အင်ဒိုနီးရှားက ဘာလီကျွန်းမှာတော့ ကျန်းမာရေးအတွက် ဆေးခြောက်ဆီကို ဆောင်ထားတဲ့ ဗြိတိသျှ အမျိုးသား တယောက်ကို ထောင် ၁၅ နှစ်ချခဲ့ပါတယ်။

အဆစ်မြစ်ရောင် ရောဂါအတွက် လိုလို့ မိတ်ဆွေတယောက်ဆီကနေ မှာခဲ့တာလို့ ကွန်းဝေါနယ်က ၄၅ နှစ်အရွယ် ပစ်ဟုမ်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ဆေးဘက်ဝင်တဲ့ ဆေးခြောက်

  • လူကြီးတွေမှာ ဖြစ်တဲ့ နာတာရှည် နာကျင်မှုတွေ ကုစားရာမှာ
  • ဓာတ်ကင်တဲ့ ကုထုံးကြောင့် ဖြစ်တဲ့ အော့အန် မူးဝေတဲ့ ဝေဒနာကို ကုသရာမှာ
  • ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်တဲ့ မာလ်တီပယ် စကယ်လရိုးစစ် ရောဂါ လက္ခဏာတွေကို ကုစားရာမှာ သိသာတဲ့ သာဓကတွေ တွေ့ရပါတယ်။

နောက်

  • ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုတွေ ဖြစ်တဲ့ ဖိုင်ဘရိုမိုင်ရဲဂျီးယား ရောဂါနဲ့ အိပ်ရင်းနဲ့ အသက်ရှူရပ်တဲ့ ရောဂါတွေကို ကုစားရာမှာ အတော်အသင့် တိုးတက်မှု ရတယ်လို့လည်း သိရပါတယ်။

ဝက်ရူးပြန် ရောဂါ

  • ကလေးတွေမှာ ရှားရှားပါးပါး ဖြစ်တတ်တဲ့ ဝက်ရူးပြန် ရောဂါတမျိုးကို ကုသရာမှာ ဆေးခြောက်က ထုတ်တဲ့ ကာနာဘစ်ဒိုင်ရော ဆေးက အတက်ကို လျှော့ချပေးတယ်လို့ လတ်တလော လေ့လာချက်တွေအရ သိရပါတယ်။