တရုတ် ထောက်လှမ်းရေး ဒုအကြီးအကဲဟောင်း အဂတိလိုက်မှုနဲ့ ထောင်တသက်ချခံရ

တရုတ် ဓာတ်ပုံ မူပိုင် Reuters
Image caption မာဂျီအန်း အမှု စီရင်ချက်ချနေသည်ကို တရုတ်တီဗီမှာ တွေ့ရစဉ်

တရုတ်မှာ ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲဟောင်း တယောက်ကို တရားရုံးက ထောင်ဒဏ် တသက် ချမှတ် လိုက်ပါတယ်။

ထောက်လှမ်းရေး အကြီးအကဲဟောင်း မာဂျီအန်းဟာ လာဘ်ယူမှု ၊ စတော့စျေးကွက် အရောင်းအ၀ယ်နဲ့ ပတ်သက်လို့ အတွင်းသတင်းပေါက်ကြားမှု အပါအဝင် တခြား ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့ ပြစ်ဒဏ်ချခံရတာ ဖြစ်တယ်လို့ တရားရုံးက ပြောပါတယ်။

သူမှာ အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီး အယူခံ၀င်ဖို့ မကြိုးစားတော့ဘူးလို့ တရုတ် နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နိမ်း ပြည်နယ် တရားရုံးက ဆိုပါတယ်။

တရုတ် နိုင်ငံမှာ အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ ဖမ်းဆီး အပြစ်ပေးခဲ့တဲ့ အစိုးရ အရာရှိ အရေအတွက်က လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ တသန်းကျော် ရှိခဲ့တယ်လို့ တရုတ် အစိုးရက ပြောပါတယ်။

ပြည်ပကို ထွက်ပြေးသွားတဲ့ အဂတိလိုက်စားသူ လူပေါင်း ၄ဝ၉ ယောက်ကိုလည်း လိုက်လံ ဖမ်းဆီး အရေးယူနိုင်တယ်လို့ ဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဦးတည် ဆောင်ရွက်ချက်ကို သမ္မတ ရှီကျင်းပင်က မူဝါဒ သတ်မှတ်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့ကတော့ အဲဒီလို အဂတိမှု စွဲချက်တွေနဲ့ ဖမ်းဆီးတာတွေဟာ နိုင်ငံရေး ပြိုင်ဖက်တွေကို နှိမ်နင်းတဲ့ နည်းတစ်ခု ဖြစ်တယ်လို့ ဝေဖန်ကြတာတွေလည်း ရှိပါတယ်။

အခု အရေးယူခံရတဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း မာဂျီအန်းနဲ့ မိသားစု တို့ လာဘ်ယူခဲ့တဲ့ ငွေပေါင်း အမေရိကန် ဒေါ်လာ သန်း ၂ဝ ကျော်ဖိုး အထိ ရှိတယ်လို့ ဆိုပါတယ်။

အိမ်ယာမြေ စီးပွားရေး သမား တဦးနဲ့ ပေါင်းပြီး ရာထူးနေရာကို အလွဲသုံးစား လုပ်ကာ ဒီလာဘ်ငွေတွေ ရယူခဲ့တာ ဖြစ်ပါတယ်။

ကြံရာပါ စီးပွားရေး သမား ဆိုသူကတော့ တရုတ်နိုင်ငံထဲ ရှိ မနေတော့ဘဲ တိမ်းရှောင်သွားပြီ ဖြစ်ပါတယ်။

သမ္မတ ရှီကျင်းပင် လက်ထက် ထိပ်တန်း တရုတ် အစိုးရ အရာရှိတွေ အကျင့်ပျက်မှု စွဲချက်တွေနဲ့ အရေးယူ ခံနေရတာမှာ မာဂျီအန်းလည်း တစ်ယောက် အပါအဝင် ဖြစ်လာပါတယ်။

မာဂျီအန်း ဟာ ထောက်လှမ်းရေး ၀န်ကြီးဌာနမှာ ဒု၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်တွင်း ပြည်ပ ထောက်လှမ်းရေး လုပ်ငန်းတွေကို ကြီးကြပ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်မြူနစ် ပါတီက ထိပ်ပိုင်း အရာရှိတွေရဲ့ အဂတိ လိုက်စားမှု တော်တော်များများနဲ့ ဆက်စပ်နေတဲ့ တရုတ် ၀ရမ်းပြေး သူဌေးတယောက် ဖြစ်တဲ့ ဂေါ်ဝမ်ဝေး နဲ့ အခု ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ မာဂျီအန်း လည်း ပတ်သက်ခဲ့ဖူးတာ ဖြစ်ပါတယ်။

အခုအခါ နယူးယောက်မြို့မှာ နေထိုင်နေတဲ့ ဂေါ်ဝမ်ဝေး ရဲ့ အကျိုးစီးပွား အတွက် မစ္စတာ အန်းက အကူညီပေးခဲ့တယ်လို့ ဒါလီယန် တရားရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူယူခဲ့တဲ့ လာဘ်ငွေ ပမာဏဟာ အတိုင်းမဆ ကြီးမားလှပြီး လူထု အကျိုးစီးပွားကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ အပြင် ၀န်ထမ်းတွေရဲ့ ဂုဏ်သိက္ခာကိုလည်း ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အဂတိလိုက်စားတဲ့ ကွန်မြူနစ် ပါတီ အရာရှိကြီးတွေ

အလားတူ အဆင့်မြင့် အရာရှိဟောင်း တယောက်ကို ၂၀၁၄ တုန်းကလည်း အမေရိကန် ဒေါ်လာ ၆ သန်း နီးပါး လာဘ်ယူမှုနဲ့ ထောင်ဒဏ် တသက် ချမှတ် ခဲ့ပါတယ်။

တရုတ် ထိပ်တန်း စီးပွားရေး စီမံကိန်း အေဂျင်စီ ဒုတိယ အကြီးအကဲ တာဝန် ယူခဲ့ဖူးသူ Liu Tienan ဟာ တရုတ် သမ္မတ ရှီ ကျင်းပင် ရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး စီမံကိန်း အရ အခု အရေးယူ ခံရတဲ့ အရာရှိဟောင်း ဖြစ်ပါတယ်။

စီးပွားရေး သဘောတူညီချက်တွေအတွက် မစ္စတာ Liu Tienan ရဲ့ အပေးအယူ လုပ်မှု၊ ပညာအရည် အချင်း အထောက်အထား အတုပေးမှု တို့ကို သူ့ရဲ့ အငယ်အနှောင်း အမျိုးသမီးက သတင်းထောက် တယောက်ကို ပြောပြ ခဲ့တာကြောင့် အလုပ်ဖြုတ် ခံရပြီး ထောင်ချ ခံခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတ ရှီကျင်ပင်းက အဆင့်မြင့် အရာရှိကြီးပဲ ဖြစ်ဖြစ် အောက်ခြေ ဝန်ထမ်းပဲ ဖြစ်ဖြစ် သန့်ရှင်းတဲ့ အစိုးရ ဖြစ်ရေး ကြိုးပမ်းမှုမှာ ဘယ်သူ့ကိုမှ ခြွင်းချက် မထားဘူးလို့ ကတိပေးထားတာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံမှာ သတင်းစာရဲ့ ဖော်ထုတ် ရေးသားချက်ကနေ စတင်ပြီး ဖမ်းဆီး စစ်ဆေး အရေးယူတဲ့ အဆင့်အထိ ရောက်ရှိသွားတဲ့ အမှုမျိုးဟာ ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ