နယ်ပယ်အစုံကို နှံ့နှံ့စပ်စပ် ဆွေးနွေးနိုင်တဲ့ အိန်ဂျလီနာဂျိုလီ

Image caption ဒီမိုကရက် သမ္မတလောင်း ဖြစ်လာလေမလား ဂျိုလီ

ဟောလိဝုဒ် နာမည်ကျော် ရုပ်ရှင် မင်းသမီး အိန်ဂျလီနာဂျိုလီက သူ တချိန်ကျရင် နိုင်ငံရေးထဲ ဝင်လာကောင်း ဝင်လာမယ်လို့ ဘီဘီစီရဲ့ အစီအစဉ်တခုမှာ ဖွင့်ဟ ပြောဆို လာပါတယ်။

နိုင်ငံရေးထဲ ဝင်ပါမလား ဆိုတာမျိုးကို လွန်ခဲ့တဲ့ အနှစ် ၂ ဝ လောက်တုန်းက မေးလာရင် ယတိပြတ် ငြင်းဖြစ်ခဲ့မှာ သေချာ ပေမယ့် အခု အချိန်မှာတော့ သူ့ကို လိုအပ်တဲ့ နေရာတိုင်း သွားဖို့ စိတ်ကူးနေတယ် ဆိုပြီး ဂျိုလီက ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက်၊ သောကြာနေ့ ဘီဘီစီရဲ့ "ဒီကနေ့" ဆိုတဲ့ အစီအစဉ်မှာ ဂျိုလီဟာ ဧည့်အယ်ဒီတာ အနေနဲ့ ဝင်ရောက် ပါဝင်ရင်း အဲဒီလို ပြောလာတာပါ။

လက်ရှိမှာလည်း ဂျိုလီဟာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီရဲ့ အထူး သံတမန် တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံထဲ လာရောက်ဖူးသလို မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေ ရှိနေတဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေထဲက ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

Image caption ဒုက္ခသည်ဆိုင်ရာ အထူးသံတမန် အိန်ဂျလီနာဂျိုလီနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဂျိုလီဟာ ဒုက္ခသည် အရေး၊ လိင် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားနေသူ ဖြစ်ပါတယ်။

ဘီဘီစီ ရေဒီယို ဖိုး ကနေ ထုတ်လွှင့်တဲ့ တူဒေး"ဒီကနေ့" ပရိုဂရမ်မှာ အစီစဉ်တင်ဆက်သူ ဂျပ်စတင် ဝက်ဘ်နဲ့ ဂျိုလီ စကားတွေ ပြောခဲ့တာမှာလည်း အမေရိကန် နိုင်ငံရေး အကြောင်း၊ လူမှုကွန်ရက်တွေနဲ့ စပ်လျဉ်းတဲ့ အရေးကိစ္စတွေ အပါအဝင် အကြောင်းချင်းရာ ကိစ္စ အစုံကို အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သွားခဲ့ပါတယ်။

အမေရိကန်မှာ ဒီမိုကရက် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း စာရင်းထဲတောင် ဂျိုလီ နာမည် ပါနေနိုင်တယ်လို့ ဝက်ဘ်က ပြောတဲ့အခါ ဂျိုလီက မငြင်းပဲ "ကျေးဇူးပါပဲ" လို့ အသာအယာ ပြန်ပြောခဲ့ပါတယ်။

ကလေးသူငယ်တွေ လူမှုကွန်ရက် ဆိုရှယ်မီဒီယာ အသုံးပြုမှုနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ အခါ ဆိုရှယ်မီဒီယာပေါ် ရှိနေတာတွေ မှန်သမျှ သားသမီးတွေဆီ မရောက်အောင် ထိန်းဖို့ ခက်လှတဲ့ ပြဿနာကို သူကိုယ်တိုင်လည်း တခြား မိဘတွေလိုပဲ ကြုံနေရတယ်လို့ ဆိုပါတယ်။

Image caption ဘီဘီစီရဲ့ အစီအစဉ်သစ်မှာ ထုတ်လုပ်ရေးမှူး လုပ်မယ့် ဂျိုလီ

ဒါပေမယ့် သူ့ ကလေးတွေရော သူ့ဆီမှာပါ ဖေ့စ်ဘုတ် အကောင့် မရှိတဲ့အတွက် သူတို့မိသားစုဟာ ဖေ့စ်ဘုတ်ပေါ် မရောက်တဲ့ နောက်ဆုံး လက်ကျန် မိသားစုလို့ ခေါ်နိုင်တယ်လို့ ဆိုပါတယ်။

အသက် ၇ နှစ်နဲ့ ၁၂ နှစ်ကြား ကလေးတွေ အတွက် ရည်ရွယ်ပြီး ၂ဝ၁၉ နှစ်သစ်ကျရင် အပတ်စဉ် ထုတ်လွှင့်မယ့် ဘီဘီစီရဲ့ အစီအစဉ်အသစ် Our World "ဒို့ကမ္ဘာ" မှာလည်း ဂျိုလီက ထုတ်လုပ်ရေးမှူး အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

"ဒို့ကမ္ဘာ" အစီအစဉ်ဟာ ကလေးတွေကို နည်းပညာသစ်တွေ အကြောင်း အထူး အာရုံစိုက်မယ့် နိုင်ငံတကာ သတင်းတွေ၊ ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့ သတင်းတွေ၊ ဆိုရှယ်မီဒီယာ အကြောင်းတွေကို ပြောပြဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ကမ္ဘာကြီးပေါ် ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာ ခံစားမှု အပြည့်နဲ့ ကလေးတွေ ရရှိနိုင်မှာကို မိခင်တယောက် အနေနဲ့ သူကျေနပ်မိတယ်လို့ ဂျိုလီက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အိန်ဂျလီနာ ဂျိုလီ နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း