သမ္မတရှီရဲ့ အတိုင်းမဲ့အာဏာ၊ မငြိမ်းနိုင်တဲ့ အာဖဂန် ပြည်တွင်းစစ်၊ အင်ဒိုနီးရှား သဘာဝဘေး၊ ထန်းလွမ်ဂူအောင်ပွဲ

Image caption စီးပွားရေး အင်အားကြီး ဖြစ်လာချိန် အာဏာကို ဗဟိုချုပ်ကိုင်ဖို့ ပိုလိုအပ်တယ်လို့ တရုတ်အစိုးရ ယူဆ။

သမ္မတရှီရဲ့ အတိုင်းမဲ့အာဏာ

တရုတ်နိုင်ငံဟာ ၂ဝ၁၈ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ် ပိုမို နေရာယူ လွှမ်းမိုး လာသလို သမ္မတ ရှီကျင်းပင်ရဲ့ ဩဇာလည်း အင်မတန် ကြီးထွားလာပါတယ်။

တရုတ် သမ္မတ ရာထူးနေရာကို သက်တမ်း နှစ်ကြိမ်ပဲ ယူနိုင်တဲ့ အကန့်အသတ်ကို မတ်လ ပြည်သူ့ကွန်ကရက် ညီလာခံမှာ ပယ်ဖျက် လိုက်ပါတယ်။

ဒါ့ကြောင့် ရှီ့ အနေနဲ့ သူသာ သမ္မတနေရာကို ရာသက်ပန် ယူမယ်ဆို ယူနိုင်တဲ့ သဘော ဖြစ်သွားပြီး အဲဒီ ညီလာခံက သူ့ကို သမ္မတအဖြစ်ရော စစ်ဘက် အကြီးအကဲအဖြစ်ပါ ပြန်တင်မြောက်ခဲ့ပါတယ်။

သမ္မတ သက်တမ်းကို ကန့်သတ်တဲ့ ပြဌာန်းမှုတွေ လုပ်နိုင်ခဲ့ပြီးမှ ခုလို ပယ်ဖျက်တဲ့ လုပ်ရပ်ကို နောက်ကြောင်းပြန်တဲ့ လုပ်ရပ် အဖြစ် ဝေဖန်သူတွေကတော့ ရှုမြင်ပြီး ရှီဟာ မော်စီတုန်းလို အာဏာကို အနှိုင်းမဲ့ တည်ဆောက်တယ်လို့ ဆိုပါတယ်။

Image caption တိန့်ရှောင်ဖိန်စခဲ့တဲ့ တံခါးဖွင့်ဝါဒ အနှစ် ၄၀ ပြည့်ချိန်

တစ်ဘက်မှာတော့ တိန့်ရှောင်ဖိန် စခဲ့တဲ့ တရုတ် နိုင်ငံရဲ့ တံခါးဖွင့် ဝါဒ ကျင့်သုံးတာ အနှစ် ၄ဝ တိုင်ခဲ့ပြီး တရုတ်ပြည်သူ သန်း ၇ဝဝ ကျော် ဆင်းရဲတွင်းက လွတ်ခဲ့သလို တိုင်းပြည် ဝင်ငွေ တစ်နှစ် ဒေါ်လာ ထရီလျံပေါင်း ရာနဲ့ချီ ရှိပြီး စီးပွားရေး အင်အားကြီး အဖြစ် ရောက်လာပြီ ဖြစ်ပါတယ်။

တစ်ဘက်မှာတော့ တရုတ် အစိုးရဲ့ လူ့ အခွင့်အရေး ချိုးဖောက်မှု တွေ အဖြစ် ဒီနှစ် အတွင်းမှာပဲ နိုင်ငံတကာ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာတာကတော့ တရုတ်နိုင်ငံ အနောက်ပိုင်းက ဝီဂါ မွတ်ဆလင် လူနည်းစုတွေ အပေါ် တရုတ် အစိုးရ ပြုမူ ဆက်ဆံပုံတွေ အကြောင်း ဖြစ်ပါတယ်။

ထိန်းသိမ်းရေး စခန်းတွေ အများအပြား ဖွင့်ထားပြီး အဲဒီထဲ ဝီဂါတွေ သိန်းနဲ့ ချီ ရှိနေကြတယ်လို့ သိလာရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
most

ဒါတွေဟာ မွမ်းမံသင်တန်းကျောင်းတွေလို့ တရုတ်အစိုးရက အကြောင်းပြပေမယ့် အဲဒီ ထိန်းသိမ်းရေး စခန်းတွေကို ပိတ်ပစ်ဖို့နဲ့ အဲဒီ စခန်းတွေထဲ လွတ်လပ်တဲ့ စုံစမ်း လေ့လာရေးသမားတွေကို ဝင်ရောက်ခွင့်ပေးဖို့ ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှာ အနောက်နိုင်ငံအများစုက တိုက်တွန်း ခဲ့ကြပါတယ်။

ဒါပေမယ့် ဘေကျင်းဘက်ကတော့ ဒီလို ပြောဆိုချက်တွေဟာ ဘက်လိုက်ပြီး တရုတ်ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေတာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

မငြိမ်းနိုင်တဲ့ အာဖဂန် ပြည်တွင်းစစ်

၂ဝ၁၈ ထဲ အာဖဂန်နစ္စတန် နိုင်ငံမှာ တာလီဘန်နဲ့ တခြား စစ်သွေးကြွ အဖွဲ့တွေရဲ့ အန္တရာယ်ဟာ ပိုကြီးထွားလာတာ တွေ့ခဲ့ရပါတယ်။

တာလီဘန်တွေက အကြမ်းဖက် တိုက်ခိုက်မှုတွေကို နေရာ အနှံအပြားမှာ အရှိန်မြင့် လုပ်လာခဲ့တာကြောင့် အာဖဂန် အစိုးရတပ်ဖွဲ့တွေဟာ အမေရိကန်ကို ကျောထောက် နောက်ခံ ဆက်ယူထားပေမယ့်လည်း အကြမ်းဖက် နှိမ်နှင်းရေးမှာ မနိုင်မနင်း ဖြစ်လာခဲ့ရပါတယ်။

Image caption တာလီဘန်တွေ စစ်ရှိန်မြှင့်

တာလီဘန်တွေ ထိန်းချုပ်လာနိုင်တဲ့ နေရာတွေလည်း ခု လတ်တလော လတွေအတွင်း ပိုပြီး များလာခဲ့တယ်လို့ အာဖဂန် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမေရိကန် စိစစ်ရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ခရိုင်တွေမှာ အစိုးရရဲ့ ထိန်းချုပ်မှု ဒါမှမဟုတ် သြဇာသက်ရောက်မှု ရှိတာက ၅၅ ဒဿမ ၅ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။

အာဖဂန်မှာ တပ်ချထားတဲ့ အင်အားထောင်ချီတဲ့ အမေရိကန်တပ်ဖွဲ့ တွေကို သမ္မတ ထရမ့်က ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာကြောင့် အာဖဂန်ရဲ့ လုံခြုံရေး အခြေအနေ ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

အင်ဒိုနီးရှားနဲ့ သဘာဝဘေး

၂ဝ၁၈မှာ ကမ္ဘာအနှံ့ သဘာဝ ဘေးဆိုးတွေ ကြုံခဲ့ရတာမှာ အာရှနဲ့ပစိဖိတ် ဒေသတလွှား အင်ဒိုနီးရှားနိုင်ငံ အခံလိုက်ရဆုံးလို့ ဆိုနိုင်ပါတယ်။

ဇူလိုင်လကုန်ပိုင်းနဲ့ ဩဂုတ်လဆန်းပိုင်းမှာ အင်ဒိုနီးရှား Lombok လော်မ်ဘော့ ကျွန်းပေါ် သီတင်းတပတ်အတွင်းမှာကို အင်အားပြင်း ငလျင် ၂ ကြိမ် လှုပ်သွားခဲ့ပါတယ်။

Image caption ငလျင်၊ မီးတောင်နဲ့ ဆူနာမီဒဏ်တွေ ခံခဲ့ရ

လူရာနဲ့ချီ သေဆုံး ဒဏ်ရာရ ခဲ့ကြသလို သိန်းနဲ့ချီ ပြီးတော့လည်း ဘေးလွတ်ရာကို ပြောင်းရွေ့ ခဲ့ရပါတယ်။

တခါစက်တင်ဘာလကုန်ပိုင်းမှာလည်း ဆူလာဝေဆီကျွန်းပေါ်က ကမ်းရိုးတန်း မြို့ဖြစ်တဲ့ ပါလူးမြို့ မှာ ရစ်ချ်တာ စကေး ၇.၅ ပြင်းအားရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ပါတယ်။ ဆူနာမီ ရေလှိုင်းကြီးတွေပါ ပေါ်ပေါက်လာပြီး ဆူနာမီဒဏ်ကြောင့် သေဆုံးသူ ပေါင်း အတည်ပြု ထားနိုင်သမျှကို ၂ ထောင်ကျော်ရှိပါတယ်။ အယောက် ၆ထောင်ကျော်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

လူ ၆သောင်းကျော် အိုမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အင်ဒိုအစိုးရက ဆူနာမီအတွက် အသေအချာ ပြင်ဆင် ထားနိုင်ခဲ့ခြင်းမရှိဘူးလို့ ဝန်ခံပါတယ်။

Image caption လူတွေ သိန်းချီ ထွက်ပြေးခဲ့ကြရ
Image caption မီးတောင်တွေပေါတဲ့ အင်ဒို
Image caption ငလျင်ဒဏ် ခံလိုက်ရတဲ့ ပါလူးကျွန်း

နှစ်ကုန်ကာနီး ဒီဇင်ဘာလထဲမှာလည်း မီးတောက်ပေါက်တာ၊ နောက်ဆက်တွဲ ဆူနာမီဒဏ် ခံရတာတွေ ပေါ်ပေါက် ခဲ့ပြန် ပါတယ်။

ဒီတစ်ကြိမ်ကတော့ ကရာကာတို ဆိုတဲ့ မီးတောင် ပေါက်ခဲ့တာဖြစ်ပြီး ဂျာဗားနဲ့ ဆူမားတြား ကျွန်းတွေ ကြားမှာဖြစ်ပါတယ်။

ဆွန်ဒါရေလက်ကြားကို ဆူနာမီလှိုင်းတွေ ဝင်လာခဲ့ပြီး သေဆုံးသူ အနည်းဆုံး ၄ ရာ ကျော် ရှိပြီး ၊ ပျောက်နေသူတွေလည်း ရာချီ ရှိနေတာကြောင့် သေဆုံးစာရင်း မြင့်လာနိုင်ဖွယ် ရှိပါတယ်။

အာရှတိုက်ထဲ အဆိုးဆုံး သဘာဝဘေးထဲ အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ်မှာ ဖြစ်ခဲ့တဲ့ မိုးကြီးရေလျှံမှုလည်း ပါဝင်ပါတယ်။ နှစ် ၁ဝဝ အတွင်း အဆိုးဆုံး ရေလွှမ်း ခဲ့လို့ လူ တစ်သန်း အိုးအိမ်မဲ့ခဲ့ပြီး သေဆုံးသူတွေလည်း အယောက် ၄ဝဝ နီးနီး ရှိပါတယ်။

တဆက်တည်း သဘာဝ ဘေးအန္တရာယ်ဆိုင်တဲ့ နောက်သတင်း တခုကို ပြောရရင်တော့ ၂၀၁၈ သြဂုတ်လအတွင်းမှာတော့ အိန္ဒိယနိုင်ငံက ကာရာလာပြည်နယ်မှာ မိုးသည်းထန်ပြီး ရာစုနှစ်တခုအတွင်းအဆိုးဆုံး ရေလွှမ်းမှုဒဏ်ကိုခံခဲ့ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အင်ဒို ဆူနာမီ သေဆုံးသူ ၁၄ဝဝ ကျော်

ထန်းလွမ်ဂူအောင်ပွဲ

တုန်လှုပ်စရာ သဘာဝဘေး စစ်ဘေး သတင်းတွေထဲ ထိုင်းနိုင်ငံ ထန်းလွမ်လိုဏ်ဂူထဲက လူကယ်ဆယ်ရေး သတင်းကတော့ တကမ္ဘာလုံးကို ပထမပိုင်းမှာ စိတ်မောစေခဲ့ပြီး နောက်တော့ အပျော်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ်ကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်ခရိုင်မှာရှိတဲ့ ထန်းလွမ် ဆိုတဲ့ လိုဏ်ဂူကို အကြောင်းပြု ပေါ်ပေါက်ခဲ့တာပါ။

Image caption ဖိုးကံကောင်းလေးတွေ

ဇွန်လနှောင်းပိုင်း အချိန်၊ အဲဒီဂူထဲ ဒေသခံ တောဝက် ဘောလုံးအသင်းက လူငယ်လေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာတို့ ဝင်သွားခဲ့ပြီး ရက်အတန်ကြာ ပြန်ထွက် မလာတော့ပါဘူး။

မိုးရွာလာပြီး ဂူထဲ ရေပြည့်လာလို့ အတွင်းပိုင်းကို တိုးဝင် ခဲ့ရတဲ့ လူငယ်လေးတွေ ဂူထဲ ပိတ်မိ နေခဲ့တာပါ။

အသက်ရှင်လျက် ရှိဦးမယ် ဆိုတဲ့ မျှော်လင့်ချက်ကို ဂူပြင်ကသူတွေ မစွန့်လွှတ်ပဲ ကယ်ဆယ်ရေးကို အကြီးအကျယ် ပြုလုပ်ခဲ့ပြီး နိုင်ငံတကာကလည်း ပူးပေါင်း ပါဝင်ပါတယ်။

Image caption မသေမပျောက် ပြန်တွေ့မယ်ဆိုတဲ့ ယုံကြည်မှုကို မစွန့်ကြသူတွေ
Image caption သူငယ်ချင်းတွေအတွက် ဆုတေးပေး
Image caption တကယ်ပဲ မသေမပျောက် ပြန်တွေ့ခဲ့ရ
Image caption ဆာမန်ခူနန်ကို တခမ်းတနား ဂုဏ်ပြု

ကယ်ဆယ်ရေးလုပ်ငန်းထဲ ကိုယ်ထိလက်ရောက် ဝင်ကူသူ သောင်းနဲ့ချီ ရှိခဲ့ပြီး၊ ရေလွှမ်းနေတဲ့ ဂူကို အတွင်းပိုင်းထိ ထိုးဖောက်ဖို့ ရေငုပ်သမား ၁ဝဝ ကျော် ကြိုးစားခဲ့ပါတယ်။

ဂူထဲကို အောက်ဆီဂျင်ဘူးတွေ သယ်ပို့ပေးတဲ့ စေတနာ့ဝန်ထမ်း ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ဆာမန်ခူနန် အသက်ပေးခဲ့ရပါတယ်။

အဆုံးမှာတော့ ကလေးတွေကိုရော သူတို့ရဲ့ နည်းပြဆရာလေးကိုပါ မသေမပျောက် ပြန်တွေ့ခဲ့ပြီး ဂူပြင်အရောက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ချင်းမိုင်မှာ ကယ်ဆယ်ရေးသမား တဦးသေဆုံး