မြန်မာအတွက် အပြောင်းအလဲ၊ စိန်ခေါ်မှုတွေများခဲ့တဲ့ ၂၀၁၈

သမ္မတဦးဝင်းမြင့် ဓာတ်ပုံ မူပိုင် THET AUNG
Image caption သမ္မတဦးဝင်းမြင့်

၂၀၁၈ ခုနှစ်မှာ နိုင်ငံတော်သမ္မတသစ်ပြောင်းလဲခန့်အပ်လိုက်တာ၊ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ထောင်ဒဏ် ၇ နှစ်စီချမှတ်ခြင်း၊ ရခိုင်အရေးကြောင့် နိုင်ငံတကာဖိအားပေးထိုးနှက်မှု၊ စီးပွားရေး နှောင့်နှေးမှုနဲ့ ငြိမ်းချမ်းရေး နောက်ပြန်လှည့်ချင်တဲ့အဖြစ်အပျက် စတဲ့ထိပ်တန်းအလှည့်အပြောင်းနဲ့ စိန်ခေါ်မှုတွေကို မြန်မာအစိုးရ ရင်ဆိုင်ခဲ့ရပါတယ်။

အကြီးမားဆုံးအပြောင်းအလဲကတော့ သမ္မတဦးဝင်းမြင့်ကို မတ်လမှာ ရွေးချယ်တာဝန်ခန့်အပ်လိုက်တာပဲဖြစ်ပါတယ်။ အစကတော့ သမ္မတ ဦးဝင်းမြင့်တက်လာရင် သိပ်ပြီးအပြောင်းအလဲဖြစ်လာမှာမဟုတ်ပဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကြိုးဆွဲရာ ကရမယ်လို့ ဝေဖန်သုံးသပ်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးဝင်းတက်လာပြီးနောက်ပိုင်း ထင်သာမြင်သာတဲ့ အပြောင်းအလဲ တချို့ ဥပမာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ပြတ်ပြတ်သားသား ကိုင်တွယ်လာတာ တွေ့ရပါတယ်။

၀န်ထမ်းလစာတိုးမြင့်တာတွေ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စတွေ တော်တော် များများလုပ်ပြီးသွားပြီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကော်မရှင်တွေနဲ့ လုပ်ကိုင်နိုင်ခဲ့တာတွေလည်းရှိတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက် ချက်တွေ သိသိသာသာ တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့တယ်လို့ သမ္မတရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။

ဦးဝင်းမြင့် သမ္မတသစ်ဖြစ်လာ

ရခိုင်ပြည်နယ်အရေး နဲ့ ရိုဟင်ဂျာအရေး

ရခိုင်ပြည်နယ်က ပဋ္ဋိပက္ခကြောင့်ထွက်ပြေးသွားတဲ့ မွတ်ဆလင်ဒုက္ခသည်အရေးနဲ့ စီးပွားရေးကဏ္ဍမှာတော့ ထင်သလောက်ခရီးမရောက်တဲ့အပြင် နိုင်ငံတကာရဲ့ ဖိအားလည်းပိုပြီးကြီးမားလာပါတယ်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် က လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသူလို့ယူဆရတဲ့ တပ်မတော်နဲ့ အစိုးရ အရာရှိတွေကိုလည်း နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့ပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံး ရှင်းလင်းမှုတွေ ရှိဆဲလို့ လုံခြုံရေးကောင်စီမှာ တင်သွင်း

တပ်မတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်အရာရှိ တချို့ကို နိုင်ငံတကာခုံရုံးမှာ ရုံးတင်စစ်ဆေးဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့တွေက ဖိအားပေးတောင်းဆိုခဲ့ပါတယ်။ ဒီကြားထဲမှာလည်း ဥရောပသမဂ္ဂ အဖွဲ့ကလည်း အထူးစီးပွားရေးအခွင့်အရေး GSP ကို ပြန်ရုပ်သိမ်းဖို့ စိစစ်နေပါတယ်။

စီးပွားရေးနဲ့ပတ်သက်ပြီး ထင်သာမြင်သာတဲ့ လုပ်ဆောင်ချက်တွေ မလုပ်နိုင်ခဲ့ဘူး။ ငြိမ်းချမ်းရေးမှာလည်း ရှေ့ဦးပိုင်းမှာလည်းတန့်နေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ကြားဖြတ် ရွေးကောက်ပွဲက သင်ခန်းစာကလည်း ပါတီအတွက် စိန်ခေါ်မှုဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဘီဘီစီကို ပြောပါတယ်။

၂၀၁၇ က ဆက်ခံခဲ့ရတဲ့ စိန်ခေါ်မှုကတော့ ရခိုင်မြောက်ပိုင်းက ပဋ္ဋိပက္ခလည်း ပါပါတယ်။ ဒါကလည်းနောက်ကွယ်ကကြိုးကိုင်သူတွေရှိပြီး တောင်းဆိုမှုတွေလုပ်လာမယ်ဆိုတာ ကြိုတင်တွက်ဆနိုင်ပါတယ်။ နိုင်ငံသားပေးဖို့ အထူးသဖြင့် ရိုဟင်ဂျာ ဆို တဲ့နာမည်တပ်ပြီးတော့ တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် အသိအမှတ် ပြုဖို့ကြိုးစားလာတာတွေ့ရတယ်လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Paula Bronstein
Image caption ဆန္ဒပြနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်

ရခိုင်အရေးကြောင့် မြန်မာနိုင်ငံရဲ့ပုံရိပ်ဟာ အကြီးအကျယ်အထိနာခဲ့ပြီး အနောက်နိုင်ငံနဲ့ မိတ်ပျက်သလိုဖြစ်နေပြီး မြန်မာနိုင်ငံကို တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေဆီကို တွန်းပို့နေတယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

ဒါကလည်း ကောင်းတဲ့ခြေလှမ်း မဟုတ်ပဲ အချိန်မီမကိုင်တွယ်နိုင်ရင် မြန်မာနိုင်ငံဟာ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေလို တရုတ်ရဲ့သြဇာနွံထဲနှစ်မြုပ်သွားမယ့် အနေအထားဖြစ်လာနိုင်တယ်လို့ သူကဆိုပါတယ်။ အနောက်နိုင်ငံကို ကျောခိုင်းပြီး တရုတ်ကိုအားကိုးမယ်ဆိုရင် မှားလိမ့်မယ်လို့ ဒေါက်တာခင်ဇော်ဝင်း က ပြောပါတယ်။

ရခိုင်အရေးမှာ တကမ္ဘာလုံးကဝိုင်းပြီးဖိအားပေးနေတာပါ။ အခံရဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်တယ်။ အရင်က တကမ္ဘာလုံးက ဝိုင်းပြီးမြှောက်ပင့်ရာကနေ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးဝေဖန်ကြပါတယ်။ အနောက်နိုင်ငံနဲ့အဆင်မပြေလို့ အနောက်နိုင်ငံကိုကျောခိုင်းတာဟာ မဖြစ်သင့်ပဲ ဖြစ်လာတဲ့ပြဿနာကို ခေါင်းဆောင်ပီသစွာ ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြေရှင်းသင့်တယ်လို့ ဒေါက်တာခင်ဇော်ဝင်း ကပြောပါတယ်။

အနောက်နိုင်ငံကိုကျောခိုင်းပြီး တရုတ်ဘက် ကိုလှည့်မယ်ဆိုရင် အရမ်းမှားသွား လိမ့်မယ်လို့ သူကဆိုပါတယ်။ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံလိုအဖြစ်မျိုးကို မြန်မာနိုင်ငံကို မဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ဘယ်သူက ခြိမ်းခြောက်နေလဲ

၂၀၁၈ ခုနှစ်ဟာ သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ နှစ်တနှစ်လည်းဖြစ်နေပါတယ်။ အထူးသဖြင့် ရိုက်တာသတင်းထောက်နှစ်ယောက် ကို ထောင်ဒဏ်ချမှတ်လိုက်တဲ့ကိစ္စအပါအဝင် အစိုးရနဲ့ အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် က ပုဒ်မ ၆၆ (ဃ)နဲ့ ဆက်သွယ်ရေးဥပဒေကိုအသုံးချပြီး လူ့အခွင့်အရေး လှုပ်ရှားသူနဲ့ သတင်းသမားတွေကို ဖမ်းဆီးအရေးအယူမှုတွေဟာ လွပ်လပ်စွာထုတ် ဖေါ်ပြောဆိုခွင့်ကို ဖိနှိပ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ လက်ရှိမှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ မူပိုင် AUNG KYAW HTET
Image caption ကိုဝလုံး

ရိုက်တာသတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို စက်တင်ဘာလက ထောင်ဒဏ် ၇ နှစ်စီချမှတ်လိုက်တာကလည်း နိုင်ငံတကာရဲ့ ဖိအားကို ထပ်ပြီးဖိတ်ခေါ်သလိုဖြစ်နေပြန်တယ်။ ရိုက်တာသတင်းထောက်နှစ် ယောက်အမှုမှာ ရခိုင်ပြည်နယ် အင်းဒင်ရွာက လူသတ်မှုသတင်းနဲ့ ပတ်သက်နေတဲ့ အတွက် နိုင်ငံတကာအာရုံစူးစိုက်မှုက ပိုများလာခဲ့ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားပေးမှုက နှစ်ထပ်ကွမ်းဖြစ်စေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ကိုကျော်စိုးဦးနဲ့သမီး

တန့်နေတဲ့ ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးနယ်ပယ်မှာလည်း ၂၀၁၈ ခုနှစ်ဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ နှစ်တနှစ်ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဘက်ကိုကြည့်ရင်လည်း ထင်သလောက်ခရီးမရောက်ဘူးလို့ လေ့လာသုံးသပ်သူတွေကဆိုပါတယ်။

အန်အယ်ဒီ အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ပဲ အန်စီအေလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး အင်အားတောင့်တင်းတဲ့အဖွဲ့တွေက အစိုးရတပ်နဲ့တိုက်ပွဲအရှိန်ပိုမြင့်တက်လာပါတယ်။

အန်စီအေလက်မှတ်ထိုးပြီးနောက်ပိုင်းမှာလည်း အရင်က တပ်အင်အားအနည်းငယ်သာရှိတဲ့အဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်မတော်နဲ့ တအန်းတပ်ဖွဲ့တွေဟာလည်း အင်အားထောင်နဲ့ချီဖြစ်လာပြီး တပ်မတော်နဲ့ တိုက်ပွဲဖြစ်နေခဲ့ပါတယ်။ အရင်က တိုက်ပွဲဖြစ်လေ့မရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတွေမှာ အခုဆိုရင် တိုက်ပွဲစိပ်လာပြီး ဒေသခံတွေရာနဲ့ချီထွက်ပြေးပုန်းရှောင်နေရပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်ရင်ဆိုင်ရမယ့် နောက်ထပ်စိန်ခေါ်မှုအသစ်

ဒါ့အပြင် အန်စီအေလက်မှတ်ထိုးထားတဲ့အဖွဲ့ဆယ်ဖွဲ့တွေထဲက အင်အားတောင့်တင်းတဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ယာယီရပ်စဲကြောင်း ကြေညာခဲ့တာကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဖုအထစ်ဖြစ်ခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် THET AUNG
Image caption ကေအန်ယူဥက္ကဋ္ဌနဲ့ တပ်ချုပ်

ကေအန်ယူအထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး ကတော့ တပ်မတော်နဲ့ အစိုးရရဲ့ထိပ်သီးခေါင်းဆောင်တွေအကြားမှာ ဘုံသဘောတူချက်တခုကို အုတ်မြစ်ချနိုင်ရင် တိုင်းရင်းသားအဖွဲ့တွေနဲ့ညှိနှိုင်းတဲ့အခါမှာ ပိုပြီးအဆင်ပြေမယ်လို့ သုံးသပ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က တင်ပြတဲ့အဆိုပြုလွှာနဲ့ အစိုးရ၊ တပ်မတော် ဘက်က ပြန်ပြီးအဆိုပြုလာတဲ့ အဆိုပြုလွှာနှစ်ခုကို တခုတည်းဖြစ် အောင်ဆွေးနွေးရင်းနဲ့ အန်စီအေဆိုတဲ့ တခုတည်းသောအဆိုပြုလွှာ Single Text ထွက်လာတာဟာ တိုးတက်မှုလို့ ပဒိုစောတာဒိုမူးက ဆိုပါ တယ်။

ဒါပေမဲ့ အန်စီအေထဲမှာ ပါတဲ့ စကားလုံးအသုံးအနှုန်းတွေဟာ လိုသလိုအဓိပ္ပာယ် ကောက်ယူနိုင်တဲ့အတွက် နှစ်ဖက်ဘုံသဘောတူဖို့ဆွေးနွေးတာနဲ့ အချိန်ကြာမြင့်ပြီး လမ်းပျောက်သလိုဖြစ်နေ တယ်လို့ သူကဆိုပါတယ်။

တပ်မတော်နဲ့ အစိုးရတို့က တကယ့်ငြိမ်းချမ်းတဲ့အနာဂတ်နိုင်ငံတခု တည်ဆောက်နိုင်ဖို့အတွက် ဘုံရည်မှန်းချက်တွေ မချနိုင်သေးတာကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လာပြီးထိခိုက်နေတဲ့သဘောမျိုးဖြစ်နေတယ်လို့ ပဒိုတာဒိုမူးက ပြောပါတယ်။

အန်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့လည်း အန်စီအေကိုအခြေခံတဲ့ အနာဂတ်မြန်မာနိုင်ငံကို ဘယ်လိုထူထောင်ကြမလဲဆိုတဲ့ Blueprint မရှိတာလည်း အားနည်းချက်တခုပဲလို့ သူကဆိုပါတယ်။

ငြိမ်းချမ်းရေးကနေ ကေအန်ယူ ဘာကြောင့်ယာယီရပ်စဲချင်တာလဲ

လတ်တလောငြိမ်းချမ်းရေးပွဲတွေမှာ ကေအဲန်ယူ ပါဝင်မှု ယာယီရပ်ဆိုင်းမယ်

ငြိမ်းချမ်းရေးမှာနောက်ထပ်အဟန့်အတားဖြစ်စေတဲ့အကြောင်းအရာတခုကတော့ ပျက်စီးသွားတဲ့ယုံကြည်မှုကို ပြန်လည်တက်ဆောက်ရေးဖြစ်တယ်လို့ ဆိုလာသူ ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာသုံးသပ်သူ ဒေါက်တာ ဦးတင်မောင်သန်း ပဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်တဲ့ အဖွဲ့တွေထဲမှာ ငြိမ်းချမ်းရေးကို သံသယ ရှိတဲ့အုပ်စုနဲ့ ယုံကြည်တဲ့အုပ်စုရဲ့ အားပြိုင်မှုကလည်း အများကြီးမူတည်တယ်လို့ သူကပြောပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ယုံကြည်မှု တည်ဆောက်ရေးက အကြီးမားဆုံးစိန်ခေါ်မှုတရပ်ပဲလို့ ဦးတင်မောင်သန်းက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံနဲ့ တပ်ချုပ်အကြား မပြေလည်တဲ့ဆက်ဆံရေး

လေ့လာသုံးသပ်သူတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှစ်ယောက် ဆက်ဆံရေးပြေလည်ရင် ငြိမ်းချမ်းရေးခရီး ဒီလောက်ထိနှောင့်နှေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ သမ္မတဖြစ်ရေးမျှော်မှန်းချက် တွေရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှုကြောင့် သူတို့နှစ်ယောက်အကြား ဆက်ဆံရေးကို ထိခိုက်စေတယ်လို့ တချို့ကသုံးသပ်ကြတယ်။

ဓာတ်ပုံ မူပိုင် PHYO HEIN KYAW
Image caption ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ ဆန္ဒရှိပါတယ်။ လေ့လာသူတွေပြောတာက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ကန့်သတ်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက ပုဒ်မ ၅၉ (စ) ရှိနေတာကြောင့် ဒေါ်စုမှာအခက်တွေ့နေရပါတယ်။ ဒါကိုပြင်ဆင်ဖို့ သို့မဟုတ် ဆိုင်းငံ့ဖို့ ဒေါ်စုမှာ ဆန္ဒရှိနေသလို တပ်ချုပ်က လည်း၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတဖြစ်လာဖို့ ဆန္ဒရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဦးဝင်းမြင့်ကို သမ္မတအဖြစ်မရွေးခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှစ်ယောက်တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်သတင်းရပ်ကွက်ကဆိုပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စဆွေးနွေးတာဖြစ်နိုင်တယ်လို့ လေ့လာသူတချို့က သုံးသပ်ကြတယ်။ ဒါပေမဲ့ အဲဒီလိုတွေ့ဆုံပြီးတဲ့နောက်မှာ ဦးဝင်းမြင့်သမ္မတဖြစ်လာတာကို ကြည့်ရင် ဒီတွေ့ဆုံမှုမှာ အောင်မြင်မှုမရှိခဲ့ဘူးလို့ ဆိုနိုင်ကြောင်း လေ့လာသူတွေကဆိုပါတယ်။

မမျှော်လင့်ပဲ အခွင့်အလမ်းတရပ်ပေါ်လာလား

၂၀၁၈ ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် ရုန်းကန်ရတဲ့နှစ်တနှစ်လို့ လေ့လာသုံးသပ် သူတွေကဆိုပါတယ်။ ဒါပေမဲ့ အများကအားမလိုအားမရဖြစ်နေချိန်မှာ မမျှော်လင့်တဲ့ အခွင့်အရေးတရပ်ပေါ်လာတယ်လို့ ဒေါက်တာခင်ဇော်ဝင်းက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် LYNN BO BO
Image caption ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်က မြောက်ပိုင်းမဟာမိတ်နဲ့ စကားပြောမယ်၊ ထွေအုပ်ကို အရပ်ဘက် အုပ်ချုပ်ရေးအောက်ကိုပြောင်းမယ်၊ စစ်တိုင်း ၅ ခုအတွင်း စစ်ဆင်ရေးနယ်မြေ အလိုက် စစ်ရေးလှုပ်ရှားမှုများအားလုံးကိုရပ်ဆိုင်းမယ်စတဲ့ ကြေညာချက်တွေဟာ အခွင့်အရေးတရပ်လိုမြင်ပြီး အမိအရဖမ်းဖို့လိုတယ်လို့ ဒေါက်တာခင်ဇော်ဝင်း က ဆိုပါတယ်။

စစ်တိုင်း ငါးတိုင်းမှာ စစ်ရေးရပ်မယ်လို့ အစိုးရတပ်ကြေညာ

ဒီထုတ်ပြန်ကြေညာချက်တွေဟာ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တယောက်တည်းရဲ့သဘောထားမဟုတ်ပဲ တပ်မတော်ရဲ့ သဘောထားဖြစ်နိုင်တဲ့အတွက် အစိုးရနဲ့ ဒီမိုကရေစီအင်အားစုတွေက ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ သူကပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်း လေ့လာသုံးသပ်သူတွေရဲ့ တွေ့ရှိချက်ကို ခြုံပြီးသုံးသပ်ရရင် မြန်မာ့နိုင်ငံရေးအတက်အကျအချက်ပြမျဉ်းဟာ အပေါ်ကိုမတက်ပဲ အောက်ဘက်ကို ဦးတည်ရွေ့လျားနေတာတွေ့ရပါတယ်။