အိမ်အကူကို ထိပါးတဲ့ ဖိလစ်ပိုင် သမ္မတ ဒူတာတေးထွက်ဖို့ ဖိအားပေးခံရ

ဖိလစ်ပိုင် ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ရာထူးက ဆင်းပေးဖို့ တောင်းဆို ခံနေရတဲ့ ဒူတာတေး

ဖိလစ်ပိုင်မှာ သမ္မတ ရိုဒရီဂို ဒူတာတေးက သူ လူပျိုပေါက်ဘဝမှာ သူ့အိမ်က အိမ်အကူအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးတာတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြောင်း ပြောခဲ့အပြီး သူ နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီတုန်းက အိပ်ပျော်နေတဲ့ အမျိုးသမီး အခန်းထဲကို သူဝင်ပြီး သူ့အဝတ်အစားတွေအောက် လက်နှိုက်လို့ ထိခဲ့ကိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်နေ့က ပြောခဲ့တဲ့ မိန့်ခွန်းမှာ မစ္စတာ ဒူတာတေးက အသေးစိတ် ပြောပြခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အဓမ္မကျင့်မှုတွေကို သမ္မတက အပြောင်အပျက်ပြောလေ့ရှိတာဟာ အမျိုးသမီးတွေ စော်ကားခံရဖို့ ပိုဖြစ်စေတယ် ဖိလစ်ပိုင် တလွှားမှာ ပြောဆိုမှုတွေ ရှိနေပါတယ်။

မစ္စတာ ဒူတေးဟာ သမ္မတ ရာထူးနဲ့ ထိုက်တန်သူ တယောက် မဟုတ်ဘူးလို့ ဆိုကာ အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားတဲ့ ဂါဘရီရဲလား အဖွဲ့က သူ့ကို ရာထူးက ဆင်းပေးဖို့ တောင်းဆို ထားပါတယ်။

အခုလို စေ့ဆော် ရန်စမှု ဖြစ်စေတဲ့ ပြောဆိုမှု တော်တော်များများကို သမ္မတ ဒူတာတေးက မကြာခဏ ဆိုသလို ပြောဆိုလေ့ ရှိသလို သူ့ရဲ့ ကျော်ကြားမှုကလည်း ကျဆင်း မသွားခဲ့ပါဘူး။

အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ပြောဆိုချက်မှာတော့ ကျွန်တော် သူခြုံထားတဲ့ စောင်ကိုမပြီး သူ့အတွင်းခံ ဘောင်းဘီအောက်ထဲ နှိုက်လိုက်တာ သူလည်းနိုးလာရော၊ ကျွန်တော်လည်း အဲဒီ အခန်းထဲက ထွက်ပြေးခဲ့တာပဲလို့ မစ္စတာ ဒူတာတေးက ပြောခဲ့တာ ဖြစ်ပါတယ်။

Image caption အမျိုးသမီးတွေအပေါ် အပြောင်အပျက် စကားပြောတာဟာ စော်ကားမှုကို တွန်းအားပေးသလို ဖြစ်စေတယ်လို့ အမျိုးသမီးအရေး တက်ကြွသူတွေကပြော

အဲဒီနောက် စော်ကားခံရတဲ့ အမျိုးသမီး အခန်းထဲ ပြန်၀င်သွားခဲ့ပြီး ဗလက္ကာရ ထပ်လုပ်ဖို့ ကြိုးစားခဲ့တယ်လို့ ခရစ်ယာန်ဘုန်းကြီးကို ပြောပြခဲ့ကြောင်း မစ္စတာ ဒူတာတေးက ရှင်းပြခဲ့ပါတယ်။

အဲဒီအခါ ခရစ်ယာန် ဘုန်းတော်ကြီးက သူ့ရဲ့ အပြစ်တွေကို ဆေးကြောပစ်ဖို့ ပြောခဲ့တယ်လို့ သမ္မတ ဒူတာတေးက ဆိုပါတယ်။

ဖိလစ်ပိုင်မှာ ချမ်းသာကြွယ်၀တဲ့ အိမ်ထောင်စုတွေမှာ အိမ်အကူတွေ ခန့်ထားလေ့ရှိပြီး အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာ အိမ်တွင်း ဗာဟီရ လုပ်ကိုင်ဖို့ အမျိုးသမီးတွေကို ထားလေ့ရှိတာ ဖြစ်ပါတယ်။

အခုလို အမျိုးသမီးတွေ အပေါ် မထီလေးစား ပြောဆိုမှုတွေကြောင့် သမ္မတ ဒူတာတေး အနေနဲ့ ရာထူးက နုတ်ထွက်ပေးဖို့ ကျောင်းဆရာတွေနဲ့ အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။

သမ္မတရုံးကတော့ သမ္မတဟာ ကက်သလစ်ဘုရားကျောင်းရဲ့ အမှားတွေကို ထောက်ပြတဲ့အနေနဲ့ မိန့်ခွန်းပြောရင်း သူငယ်ငယ်က ဖြစ်ပျက်ခဲ့တယ်ဆိုတာကို လုပ်ကြံပြီး ရယ်စရာ အဖြစ်ပြောခဲ့တာပါလို့ ဆိုပါတယ်။

အာရှ ပစ္စဖိတ် တလွှား လူကုန်ကူးမှုတွေကို ပူးပေါင်း တိုက်ဖျက်နေတဲ့ အဖွဲ့ကလည်း သမ္မတရဲ့ အခုလို ပြောဆိုချက်တွေက ပြည်ပရောက် ဖိလစ်ပိုင် အိမ်အကူတွေအပေါ် အကျပ်ရိုက်စေတယ်လို့ သတိပေးထားပါတယ်။

ဖိလစ်ပိုင်မှာ ပြည်ပထွက် အိမ်အကူ လုပ်နေသူ တသန်းကျော် ရှိတယ်လို့ အစိုးရ က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အရ သိရပါတယ်။

Image caption လူထုရှေ့မှောက် အမျိုးသမီးတယောက်ကို နမ်းပြတဲ့ ဒူတာတေး

ခုနှစ်လယ်ပိုင်းတုန်းကလည်း တောင်ကိုရီးယား နိုင်ငံကို ရောက်ခိုက် ပြည်ပရောက် ဖိလစ်ပိုင် အလုပ်သမတယောက်ကို နမ်းခဲ့တဲ့ အပြုအမူအတွက် သမ္မတ ဒူတာတေးဟာ အပြင်းအထန် အဝေဖန် ခံခဲ့ရပါတယ်။

လူထု ဧည့်ပရိသတ်ကို စကားပြော ရင်းမှာပဲ ဒူတာတေးက အမျိုးသမီး တဦးကို စင်ပေါ် ဖိတ်ခေါ်ပြီး သူ့ကို နမ်းလို့ ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် အမျိုးသမီးနဲ့သူ နှုတ်ခမ်းချင်း နမ်းကြတာကို တိုက်ရိုက်လွှင့်နေတဲ့ ရုပ်မြင်သံကြားပေါ် အထက်ပါပုံ အတိုင်း တွေ့ မြင် ရပါတယ်။

အနမ်းပေးကြစဉ် အခါတုန်းကတော့ လူအုပ်ထဲကနေ ဩဘာပေးသံတွေ ထွက်လာခဲ့ပြီး အများစုက တောင်ကိုရီးယားရောက် ဖိလစ်ပိုင် အလုပ်သမားတွေ ဖြစ်ကြပါတယ်။

ဒူတာတေးရဲ့ လုပ်ရပ်ဟာ လူပုံအလယ် ထူးခြားလိုစိတ်နဲ့ တမင်ကျူးလွန်တဲ့ အင်မတန် စက်ဆုပ်ဖွယ် အပြုအမူ ဖြစ်ပြီး ဖိုဝါဒီ သမ္မတ တယောက် ဖြစ်တယ်လို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေကတော့ ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့ကြပါတယ်။

ဒူတာတေးရဲ့ အပြုအမူဟာ မိန်းမသားထု အပေါ် အလေးမထားတဲ့ ဖိုဝါဒီ တစ်ယောက်ရဲ့ အပြုအမူ ဖြစ်တယ်လို့ ဝေဖန်တဲ့ ဂေဘရီလာ အဖွဲ့ကတော့ သမ္မတ ဒူတာတေးဟာ အလားတူ အမူအကျင့်တွေ ထပ်ပြန်တလဲလဲ ကျူးလွန်နေသူ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

အခုလို ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ရှိနေပေမယ့်လည်း မစ္စတာ ဒူတာတေးဟာ ဖိလစ်ပိုင် ပြည်သူတွေ အကြား လူကြိုက် များနေဆဲ ဖြစ်ပြီး နိုင်ငံခြားရောက် ဖိလစ်ပိုင် အလုပ်သမား အဖွဲ့ OFW ကလည်း သမ္မတ အပေါ် ထောက်ခံ ကြတယ်လို့ ဖိလစ်ပိုင်ဆိုင်ရာ ဘီဘီစီ သတင်းထောက် ဟောင်းဝါ့ဒ် ဂျွန်ဆင်က ဆိုပါတယ်။

ဒူတာတေးဟာ ဖိလစ်ပိုင်ရဲ့ ပုံရိပ်ကို ခိုင်ခိုင်မာမာ ပုံဖော် ပြသနိုင်ပြီး အိမ်ထောင် ဦးစီး ဖခင်သဖွယ် တိုင်းပြည်ကို ဦးဆောင်ရင်းမှာပဲ နိုင်ငံခြားရောက် ကိုယ့်နိုင်ငံသား အလုပ်သမားတွ အပေါ်လည်း စောင့်ရှောက်သူ အဖြစ် ရှုမြင်ခံနေရတယ်လို့ ဟောင်းဝါ့ဒ် ဂျွန်ဆင်က ပြောကြားခဲ့ဖူးပါတယ်။

အနောက် မီဒီယာတွေဟာ ဒူတာတေး အပေါ် မလို မုန်းထားစိတ်နဲ့ တလွဲတွေ ပုံဖော် နေတယ်လို့ လန်ဒန်မြို့က ဆေးရုံတစ်ရုံမှာ သူနာပြုအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ဖိလစ်ပိုင် အမျိုးသမီး တစ်ယောက်ကလည်း ဘီဘီစီကို ပြောပါတယ်။