မိန်းမ မဝင်ရ ဘာသာရေးကန့်သတ်ချက်ကို အန်တုသူ အိန္ဒိယသူ နှစ်ယောက်

အိန္ဒိယ ဓာတ်ပုံ မူပိုင် Reuters
Image caption ရာစုနှစ်များစွာ ရှည်ကြာခဲ့တဲ့ အစဉ်အလာကို ချိုးဖောက်သူတွေ

သမိုင်းဝင်မယ့် လုပ်ရပ်

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကာရာလာပြည်နယ်က နာမည်ကျော် ဟိန္ဒူ ဘုရားကျောင်း ဆာဘရီမာလာထဲကို အမျိုးသမီးနှစ်ယောက် ဝင်ရောက် ခြေချနိုင်ခဲ့ကြပါတယ်။

အသက် ၁ဝနှစ်ကနေ ၅ဝ ကြား ဓမ္မတာ ရာသီပန်း ပွင့်တဲ့ အသက်အရွယ် အပိုင်းအခြား ရှိနေကြတဲ့ အမျိုးသမီးတိုင်းကို ဘုရားကျောင်းထဲ ဝင်ခွင့် မပြုတဲ့ ဆာဘရီမာလာရဲ့ အစဉ်အလာ ကျိုးပေါက်သွားတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ အမြင့်ဆုံး တရားရုံးချုပ်က ဘုရားကျောင်းရဲ့ အမျိုးသမီး မဝင်ရ ကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပေမယ့် လက်မခံကြတဲ့ အယူအစွဲ ပြင်းထန်သူတွေဟာ အမျိုးသမီးတွေ အပေါ် ကိုယ်ထိလက်ရောက် တိုက်ခိုက်တာမျိုးထိ ဒေါသတကြီး လအတန်ကြာ ဆန္ဒပြနေတဲ့ ကြားကပဲ အမျိုးသမီး နှစ်ယောက်က ဆာဘရီမာလာထဲ တိတ်တဆိတ် ဝင်ရောက် နိုင်ခဲ့ကြပါတယ်။

ဝင်ရောက်ခဲ့သူ နှစ်ဦးကတော့ ဘင်ဒူ အမ္မီနီ ဆိုတဲ့ အသက် ၄ဝ အရွယ် အမျိုးသမီးနဲ့ သူ့ထက် တစ်နှစ်ငယ်တဲ့ ကာနာကာ ဒူရ်ဂါ ဆိုတဲ့ အမျိုးသမီးတို့ ဖြစ်ပါတယ်။

မနက် ဝေလီဝေလင်း အရုဏ်တက်ချိန်မှာ ဆာဘရီမာလာထဲ သူတို့ နှစ်ယောက် ဝင်ရောက်ခဲ့ကြတာပါ။

ဘုရားကျောင်းထဲ မိနစ် အနည်းငယ် နေခဲ့တယ်၊ အယက်ပါး နတ်ဘုရား ရုပ်ပွားကို ဖူးမျှော်ခဲ့ရတယ်လို့ မစ္စ အမ္မီနီက ဘီဘီစီကို ပြောပါတယ်။

Image caption လူပျို နတ်ဘုရားကို ကိုးတဲ့အတွက် မိန်းမမဝင်ရလို့ ကန့်သတ်ထား

ဆာဘရီမာလာ ဘုရားကျောင်း

ကာရာလာပြည်နယ်က ဆာဘရီမာလာ ဘုရားကျောင်းဟာ အင်မတန် ဘုရားဖူး ဧည့်သည် အလာအများဆုံး နေရာတွေထဲက တခုဖြစ်ပြီး တနှစ်ကို လာတဲ့သူ အောက်ထစ် လူ ၁၇ သန်း ရှိပြီး သန်း ၅ဝ ထိအောင် အလာများတဲ့ နှစ်မျိုးလည်း ရှိတယ်လို့ ဒေသတွင်း မှတ်တမ်းတွေက ဆိုပါတယ်။

အဲဒီ ကျောင်းမှာ အဓိကကိုးတဲ့ ဟိန္ဒူ နတ်ဘုရားဟာ အယက်ပါး ဖြစ်ပြီး သီဝ နတ်ဘုရားရဲ့ သားတော်လို့ အယူရှိပါတယ်။

ဘုရားကျောင်း တည်ရှိရာဟာ ပေ တထောင့်ငါးရာကျော် အမြင့်မှာ ရှိပြီး တောင်တွေ တောတွေ ပတ်လည်ဝိုင်းနေတဲ့ နေရာ ဖြစ်ပါတယ်။ ပရီရာ ကျား ဘေးမဲ့တော တစိတ်တပိုင်းလည်း ပါဝင်တဲ့ ဒေသ ဖြစ်ပါတယ်။

ဒီ ဘုရားကျောင်းထဲက ၁ဝ နှစ်ကနေ ၅ဝ ကြား အမျိုးသမီး မဝင်ရ တားမြစ်ထားတာဟာ ရာစုနှစ်တချို့ထိအောင် ရှည်ကြာမြဲ လာခဲ့တဲ့ အစဉ်အလာတခု အဖြစ် နားလည်ရပါတယ်။

Image caption ရှေးရိုးစွဲတွေကတော့ အစဉ်အလာကို ကာကွယ်လို

ဆာဘရီမာလာဟာ အမျိုးသမီးတွေ အတွက် ဘာလို့ တားမြစ်နယ် ဖြစ်ရတာလဲ

အမျိုးသမီးတွေ ဓမ္မတာ ရာသီသွေး ဆင်းနေချိန်မှာ မသန့်မရှင်း ဖြစ်နေတယ် ဆိုတဲ့ အယူအဆနဲ့ ဘာသာရေး ဆိုင်ရာ ကိစ္စတွေမှာ မပါဝင်ဖို့ ဟိန္ဒူ အယူမှာ တားမြစ်ထားပါတယ်။

အမျိုးသမီးတွေ ရာသီသွေး ဆင်းမနေတဲ့ အချိန်တွေမှာတော့ ဝင်ခွင့်ပြုတဲ့ ဟိန္ဒူ ဘုရားကျောင်း များပါတယ်။

ဆာဘရီမာလာကတော့ လစဉ် ဓမ္မတာ လာနေချိန်မျိုးတင် မကဘဲ ဓမ္မတာ လာနိုင်တဲ့ အသက်အရွယ် အပိုင်းအခြားလို့ သူတို့ ယူဆထားတဲ့ အသက် ၁ဝ နှစ် ကနေ ၅ဝ ကြား အမျိုးသမီးတိုင်းကို လုံးဝ ခြေချခွင့် မပေးတဲ့ ဘုရားကျောင်း အနည်းစုထဲက တကျောင်း ဖြစ်ပါတယ်။

နတ်ဘုရား အယက်ပါးဟာ အိမ်ထောင်သားမွေးမှု၊ လိင်မှုကိစ္စ အားလုံးကနေ ရှောင်ဖယ်ပြီး ဗြဟ္မာစရိယ အကျင့်ကျင့်တဲ့ လူပျိုနတ်ဘုရား အဖြစ် ယုံကြည်ကြမှု အပေါ် အခြေခံလို့ မိန်းမမဝင်ရ ကန့်သတ်ချက်ကို ဘုရားကျောင်းက ချမှတ်ထားတာ ဖြစ်ပါတယ်။

Image caption လူတွေသန်းချီ နှစ်စဉ်လာတဲ့ ဘုရားကျောင်း

တရားရုံးချုပ်ရဲ့ အဆုံးအဖြတ်၊ ပြည်နယ် အစိုးရရဲ့ ရပ်တည်မှု

ဘုရားကျောင်းထဲ အမျိုးသမီး မဝင်ရ တားမြစ်ချက်ကို အိန္ဒိယ ဗဟိုတရားရုံးက ပယ်ဖျက်ခဲ့ပြီး ကာရာလာ ပြည်နယ် အစိုးရကလည်း အဲဒီ တရားရုံး အမိန့်ကို ထောက်ခံပါတယ်။

လက်ဝဲ ညွန့်ပေါင်း အစိုးရ ဖွဲ့ထားတဲ့ ကာရာလာပြည်နယ် ဝန်ကြီးချုပ် ပင်နာရာယီ ဗီဂျာယန် ဆိုရင် အမျိုးသမီးနှစ်ယောက် ဘုရားကျောင်းထဲ ထိုးဖောက် ဝင်ရောက် နိုင်ခဲ့တာကို သမိုင်းဝင် ဖြစ်ရပ်လို့တောင် ချီးကျူး ပြောဆိုပါတယ်။

တရားရုံးချုပ်ရဲ့ အမိန့် သက်ဝင်လာဖို့ ဆိုရင် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အင်အားကို သုံးပြီး ဆောင်ရွက်တဲ့ အထိ လုပ်ဆောင်မယ်လို့လည်း ဝန်ကြီးချုပ် ဗီဂျာယန်က အုံကြွနေသူတွေကို သတိပေး ပြောဆို နေခဲ့ပါတယ်။

တဘက်မှာ ကြည့်ရင်လည်း တနိုင်ငံလုံး အတိုင်းအတာရ ဗဟို အစိုးရ ဖွဲ့ထားနိုင်တဲ့ အာဏာရ ပါတီဟာ ဟိန္ဒူ အမျိုးသားရေး ပါတီ ဖြစ်တဲ့ BJP ပါတီ ဖြစ်ပါတယ်။

ဘီဂျေပီ ပါတီကတော့ တရားရုံးချုပ်ရဲ့ အမိန့်ဟာ ဟိန္ဒူ အစဉ်အလာတွေ အပေါ် တိုက်ခိုက်တာပဲ ဆိုပြီး ပြောနေပါတယ်။

တရားရုံးချုပ် အမိန့်ကို ဆန့်ကျင်ပြီး အမျိုးသမီး မဝင်ရ တားမြစ်ချက်ကို ဆက်လက် ထားရှိဖို့ ဘုရားကျောင်း ဂေါပကတွေနဲ့ ဟိန္ဒူ အမျိုးသားရေး ဝါဒီတွေက အလိုရှိနေပြီး အုံကြွ ဆန္ဒပြ နေခဲ့ကြတာမှာ အခုဆို လအတန်ကြာ ရှိနေပြီ ဖြစ်ပါတယ်။

Image caption ဥပုသ်ရက်ရှည် စောင့်ပြီးမှ ဘုရားကျောင်းထဲ ဝင်ရတယ်

အော်ဟစ် ဆန္ဒပြကြရုံ သက်သက် မဟုတ်ဘဲ ဘုရားကျောင်းထဲ ဝင်ဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ကြတဲ့ အထိ ပြုမူ နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ဒေါသထွက်နေတဲ့ လူအုပ်ကြီးကြောင့် တရားရုံးချုပ် အမိန့် ဘယ်လို ရှိထားထား၊ အမျိုးသမီးတွေ ဆာဘရီမာလာထဲ မဝင်နိုင်ပဲ လှည့်ပြန် နေခဲ့ရပါတယ်။

အမျိုးသမီးတွေကို တိုက်ခိုက်တဲ့ အထိ ဆိုးရွား လာလို့ ပြည်နယ် အစိုးရကလည်း ရှေးရိုးစွဲ ဆန္ဒပြသမားတွေကို ဖမ်းဆီး ထိန်းသိမ်း နေခဲ့ပါတယ်။

အယူအဆ ပြင်းထန်သူတွေ စတင် အုံကြွလာတဲ့ အောက်တိုဘာလက စပြီး တွက်ကြည့်မယ် ဆိုရင် ဥပဒေနဲ့ မညီဘဲ လူတွေ စုဝေးလို့ ဆိုတဲ့ ပုဒ်မနဲ့ ပြည်နယ် အစိုးရက ဖမ်းခဲ့တဲ့ အရေအတွက်ဟာ အယောက် နှစ်ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

Image caption မကြုံစဖူး အမျိုးသမီးထု လှုပ်ရှားမှုကြီး

အမျိုးသမီး တံတိုင်းကြီး

၂ဝ၁၉ ဇန်နဝါရီ တရက်၊ နှစ်ဆန်းရက်မှာတော့ လက်ဝဲ ညွန့်ပေါင်း ပြည်နယ် အစိုးရရဲ့ အားပေး ထောက်ခံမှုနဲ့ ကာရာလာပြည်နယ်မှာ မကြုံစဖူး အမျိုးသမီး အခွင့်အရေး လှုပ်ရှားမှုကြီး တစ်ရပ် ပေါ်ပေါက်လာပါတယ်။

ဘုရားကျောင်းရဲ့ အမျိုးသမီး မဝင်ရ တားမြစ်ချက်ကို ဆန့်ကျင်တဲ့ အနေနဲ့ တပြည်နယ်လုံးမှာ ရှိတဲ့ အမျိုးသမီးတွေ အပြင်ထွက်လာကြပြီး လက်တွေ တွဲချိတ်လို့ လူတန်းရှည်ကြီး အဖြစ် စုရုံး ခဲ့ကြပါတယ်။

သာမန် လူတန်းရှည် မဟုတ်ပါဘူး။ ကာရာလာပြည်နယ် မြောက်ပိုင်းကနေ တောင်ပိုင်းအထိ မိုင်ပေါင်း ၃၈၅ မိုင် အထိ ရှည်လျားတဲ့ မိန်းမသားထုကြီး ဖြစ်ပါတယ်။

ပါဝင်တဲ့ အမျိုးသမီး ဦးရေ သန်းနဲ့ချီ ရှိပါတယ်။ ရှေးရိုးစွဲ ပြင်းထန်မှု၊ ဘာသာရေး ကန့်သတ်မှုတွေ အပေါ် အမျိုးသမီးတွေ တစုတရုံးတည်း ဆန့်ကျင် ပြလာတာ ဖြစ်ပါတယ်။

အခုလောက် အင်အားမျိုး စုစည်းမိတဲ့ အမျိုးသမီး လှုပ်ရှားမှုမျိုး ကိုလိုနီခေတ်လွန် လွတ်လပ်ပြီး အိန္ဒိယရဲ့ သမိုင်းမှာ မတွေ့ဖူးပါဘူး။

Image caption အရပ်ဝတ် ရဲတွေလည်း အတူ ရှိနေခဲ့

ဘယ်လိုရောက်အောင် ဝင်ကြသလဲ

"အမျိုးသမီး တံတိုင်း" လှုပ်ရှားမှုနဲ့ တဆက်တည်းမှာပဲ ဘင်ဒူ အမ္မီနီနဲ့ ကာနာကာ ဒူရ်ဂါတို့ ဆာဘရီမာလာထဲ ဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ် ပေါ်ပေါက် လာခဲ့တာ ဖြစ်ပါတယ်။

နှစ်ဆန်း နှစ်ရက် ဗုဒ္ဓဟူးနေ့ မနက် အစောကြီး ဒေသစံတော်ချိန် တနာရီခွဲ လောက်ကစပြီး ဘုရားကျောင်း ရှိရာ တောင်ကုန်းပေါ် ခြေကျင် လမ်းလျှောက် တက်ခဲ့ကြတယ်လို့ မစ္စ အမ္မီနီက ဘီဘီစီကို ပြန်ပြောင်း ပြောပါတယ်။

နှစ်နာရီ အတွင်းမှာပဲ ဘုရားကျောင်း ရှိရာဆီ ရောက်ခဲ့ကြပြီး လမ်းတလျှောက်လုံးမှာလည်း ပြည်နယ် အာဏာပိုင် တာဝန်ရှိသူတွေက အကူအညီပေး ခဲ့ကြတယ်လို့ ဆိုပါတယ်။

မနက်အစောကြီးပေမယ့် ရှေးရိုးစွဲ ဆန္ဒပြသမားတွေ အရေအတွက် နည်းနည်းပါးပါးတော့ ဘုရားကျောင်း ဝန်းကျင်မှာ ရှိနေခဲ့ကြပါတယ်။ အဲဒီ ရှေးရိုးစွဲ ဆန္ဒပြသမားတွေ မမြင်ခင် သူတို့ နှစ်ဦး ဘုရားကျောင်းထဲ ဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်နဲ့ အတူ အရပ်ဝတ် ရဲတွေလည်း အတူ ရှိနေခဲ့တယ်လို့ နားလည်ရပါတယ်။

ရဲတွေကို တံခါးဖွင့် မပေးရင် ဥပဒေ ချိုးဖောက်ရာ ရောက်မှာ စိုးလို့ ဘုရားကျောင်း တာဝန် ရှိသူတွေက ဝင်ခွင့် ပြုခွင့်ဟန် တူပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အလုပ်အကိုင် ရှားပါးနေတော့ ကျွန်မတို့ကို ဘယ်သူ အလုပ်ပေးမလဲ - အိန္ဒိယ မိန်းမလျာ တဦး

"မိန်းမမဝင်ရ" ဝါဒီ တစ်ယောက်ဖြစ်တဲ့ ရာဟူးလ် အိစဝါ ဘီဘီစီကို ပြောတာကတော့ အဲဒီ အမျိုးသမီး နှစ်ယောက်ဟာ မိန်းမပုံ ဝတ်ထားတဲ့ အမျိုးသားတွေ တနည်းအားဖြင့် မိန်းမလျာတွေ ဖြစ်သယောင် ရဲတွေက လှည့်ဖျားပြီး ဘုရားကျောင်းထဲ သွင်းခဲ့တာလို့ ဆိုပါတယ်။

ဒီဇင်ဘာလတုန်းကလည်း မိန်းမလျာ လေးဦးဟာ ရဲတွေရဲ့ အစောင့်အရှောက်နဲ့ အတူ ဘုရားကျောင်းထဲ ဝင်ရောက် ဝတ်ပြု ဆုတောင်းခွင့် ရခဲ့ပါတယ်။

Image caption ဗြဟ္မာစရိယ အကျင့်ကျင့်တဲ့ နတ်ဘုရား အိုင်ယာ့ပ်ပန်ကို ကိုးကြသူတွေ

ခြေဗလာနဲ့ တောင်ပေါ် တက်ရတယ်၊ ၄၁ ရက် ဥပုသ်စောင့်ရတယ်

တောင်ကုန်းထိပ်ပေါ်က ဆာဘရီမာလာ ကျောင်းရှိရာဆီ နှစ်စဉ် သန်းပေါင်းများစွာသော ဘုရားဖူးတွေဟာ ဖိနပ်မပါ၊ ခြေဗလာနဲ့ ခြေကျင် တက်ကြရတာ ဖြစ်ပါတယ်။

ဘုရားကျောင်းထဲ ဝင်ဖို့ အမြင့်မြတ်ဆုံးလို့ သတ်မှတ်ထားတဲ့ ဝင်ပေါက် တခုမှာတော့ လှေကားထစ် ၁၈ ဆင့် ရှိပြီး ဒီ အတိုင်း ရိုးရိုး တက်လို့ မရပါဘူး။ အဲဒီ လှေကားထစ်တွေ တက်ချင်ရင် ၄၁ ရက် ဥပုသ် ရက်ရှည် စောင့်ရပါတယ်။

မစ္စ အမ္မီနီကတော့ သူတို့ ဝင်ခဲ့တာ အဲဒီ ၁၈ ဆင့် အပေါက်က မဟုတ်ဘူးလို့ ဆိုပါတယ်။

Image caption စည်းကျိုးပေါက်တဲ့အခါ ပြည်နယ်တလွှား အုံကြွလာ

ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့တဲ့ အစဉ်အလာ ကျိုးပေါက်ခဲ့တဲ့ အခါ

ဆာဘရီမာလာထဲ အမျိုးသမီး နှစ်ယောက် ဝင်ရောက် ခဲ့တာဟာ ဘုရားကျောင်းကို ညစ်နွမ်းစေတယ်လို့ ဂေါပက လူကြီးတွေက ရှုတ်ချ ပြောကြပါတယ်။

ပြန်လည်သန့်စင်အောင် ပြုလုပ်ရတဲ့ လုပ်ထုံးလုပ်နည်းတွေ ဆောင်ရွက်နိုင်ဖို့ ဆိုပြီး ဘုရားကျောင်းကို တစ်နာရီကြာ ပိတ်ထားခဲ့ရာကနေ အခုတော့ ပြန်ဖွင့် ပေးပြီ ဖြစ်ပါတယ်။

ဒီလို အမျိုးသမီး နှစ်ယောက် ဝင်ရောက်နိုင်ခဲ့တယ် ဆိုတဲ့ သတင်းတွေ ပြန့်သွားတဲ့ အခါ ကာရာလာ ပြည်နယ်တလွှား ရှေးရိုးစွဲတို့ ထကြွလာပါတယ်။ မျက်ရည်ယိုဗုံး သုံးပြီး လူအုပ်ခွဲခဲ့ရတဲ့ နေရာမျိုးတွေ ရှိပါတယ်။

ပြည်နယ် ပါလီမန်ရုံး အရှေ့မှာလည်း လူတွေ စုဝေးခဲ့ကြပြီး ရဲနဲ့ ထိပ်တိုက်တိုး ခဲ့ကြတယ်လို့ ဒေသတွင်း မီဒီယာတွေက ဆိုပါတယ်။

အခုလို ဆာဘရီမာလာ ဘုရားကျောင်း စည်းပေါက် သွားလို့ လူတွေ လမ်းပေါ်ထွက်ပြီး ၂ ရက်တာ ဆန္ဒပြကြဖို့ ဗဟို အစိုးရကို ဖွဲ့ထားတဲ့ ဟိန္ဒူ အမျိုးသားရေး ပါတီ BJP က ဆော်ဩနေပါတယ်။

ဘုရားကျောင်းထဲ ဝင်ခဲ့တဲ့ အမျိုးသမီး နှစ်ယောက်ကတော့ အခုဆိုရင် ရဲ အစောင့်အရှောက်နဲ့ နေထိုင် နေရပါတယ်။