ဆော်ဒီအမျိုးသမီးငယ် မိသားစုမသိအောင် ထွက်ပြေး

ဓာတ်ပုံ မူပိုင် rahaf Mohameed twitter
Image caption အစ္စလာမ် ဘာသာကို စွန့်လွှတ်ခဲ့ပြီ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်

အစ္စလာမ် ဘာသာကို စွန့်လွှတ်ပြီး ထွက်ပြေးလာတဲ့ ဆော်ဒီ အမျိုးသမီးငယ် တဦး ထိုင်းနိုင်ငံမှာ ထိန်းသိမ်း ခံထားရပါတယ်။

သူ့နာမည် ကတော့ ရာဟတ် မိုဟာမတ် အဲခူနွန်း ဖြစ်ပြီး၊ မိသားစု မသိအောင် ထွက်ပြေးလာကာ ဘန်ကောက် လေဆိပ် အရောက် မှာ ဆော်ဒီ အရာရှိ တဦး က သူ့ နိုင်ငံကူး လက်မှတ်ကို သိမ်းထား လိုက်တဲ့ အတွက် အခုလို ဖြစ်ခဲ့ရတာပါ။

ပထမတော့ သူဟာ ဆော်ဒီ က ကူဝိတ်ကို သူ့မိသားစုနဲ့ အတူ ခရီးထွက်လာတာပါ။ အဲဒီ ကနေ ပြီးခဲ့တဲ့ ၂ ရက်မှာ သူ တယောက်တည်း သြစတြေးလျကို သွားဖို့ ထွက်ပြေးလာ တာပါ။

ဘန်ကောက်မှာ လေယာဉ် ပြောင်းပြီး သြစတြေးလျကို သွားဖို့ ဖြစ်ပါတယ်။

မစ် အဲခူနွန်းက သူဟာ အစ္စလာမ် ဘာသာကို စွန့်လွှတ်ခဲ့ပြီ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။ အခုတော့ သူ့ကို အတင်း အကျပ် ဆော်ဒီကို ပြန်ပို့ပြီး မိဘတွေက သူ့ကို သတ်ပစ်မှာကို စိုးရိမ် နေတယ်လို့ လည်း ပြောပါတယ်။

အခုလို သူလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး မစ် မိုဟာမတ် အဲခူနွန်းက သူ့အဖေ ကတာ့ အရမ်းကို စိတ်ဆိုးနေမှာဖြစ်ကြောင်း၊ သူ့နိုင်ငံမှာ စာလည်း သင်မရ အလုပ်လည်း လုပ်မရ၊ ဒါကြောင့် လွတ်လပ်ချင်ပြီး စာသင်ကာ အလုပ်လုပ်ချင် တယ်လို့ ပြောပါတယ်။

ဘန်ကော် ဘီဘီစီ သတင်းထောက် ဂျောနသန် ဟတ် ပြောတာ ကတော့ မစ် မိုဟာမတ် အဲခူနွန်းဟာ ကြောက်လန့်ပြီး စိတ်ရှုပ်နေတယ်လို့ ဆိုပါတယ်။ သူ့မှာ သြစတြေးလျ ပြည်ဝင်ခွင့် ဗီဇာ ရှိပေမယ့် ဆော်ဒီ သံတမန် တဦးက သူ့ပတ်စပို့ကို သိမ်းယူ ထားလိုက် တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆော်ဒီ သံတမန် တဦးက ဘန်ကောက် လေဆိပ်မှာ သူ့ပတ်စပို့ကို သိမ်းယူ

ထိုင်းရဲတပ်ဖွဲ့ ဗိုလ်ချုပ် ဆူရာချက် ဟက်ခ်ပန်း က ပြောရာ မှာတော့ မစ် အဲခူနွန်းဟာ လက်မထပ်ချင်လို့ ထွက်ပြေး လာတာလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ အတွက် သူ့မှာ ဗီဇာ မရှိကြောင်းနဲ့ ရဲက သူ့ကို ထိန်းသိမ်း ထားပြီး သူလာ ခဲ့တဲ့ ကူဝိတ် လေကြောင်း လိုက်နဲ့ ပြန်ပို့ဖို့ လုပ်ဆောင် နေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူ့နိုင်ငံကူး လက်မှတ် သိမ်းယူခံ ရတာ ကိုတော့ သတိ မထားမိဘူးလို့ ဗိုလ်ချုပ် ဆူရာချက်က ပြောပါတယ်။

သူ့မှာက သြစတြေးလျ ဗီဇာ ရှိတဲ့ အတွက် အခုလို ထိုင်းကို လေယာဉ်ပြောင်းဖို့ ဝင်ရောက်တာ အတွက် ထိုင်းဗီဇာ လိုမလို ကတော့ ရှင်းရှင်း လင်းလင်း မသိရပါဘူး။ ဆော်ဒီ နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲ ဝင်မယ် ဆိုရင် ဆိုက်ရောက် ဗီဇာ လျှောက်လို့ ရပါတယ်။

မစ် အဲခူနွန်းဟာ ဆိုရှယ်မီဒီယာ တခုဖြစ်တဲ့ တွစ်တာ ကနေ သူ့ဓာတ်ပုံကို ထုတ်ဖေါ်ပြသ ထားပြီး၊ သူ့အနေနဲ့ အခုလို တင်တဲ့ အတွက် ဘာမှ ဆုံးရှုံးမှာ မဟုတ်ကြောင်းနဲ့ သူရဲ့ နာမည် အမှန်နဲ့ သတင်းအချက် အားလုံးကို အများသိအောင် ဖေါ်ပြချင်တာပါ လို့လည်း တွစ်တာမှာ ရေးသားထား ပါတယ်။

၂၀၁၇ ခုနှစ် ကလည်း ဒိုင်နာ အာလီ လက်စ်လွန်း ဆိုသူ အသက် ၂၄ နှစ်အရွယ် ဆော်ဒီ အမျိုးသမီး ဟာ အခုလို ဖြစ်ခဲ့ဖူး ပါတယ်။

သူကတော့ ကူဝိတ် ကနေ ဖိလစ်ပိုင်မှာ ထရန်စစ် ဝင်ပြီး သြစတြေးလျကို သွားဖို့ပါ။ ဒါပေမယ့် အဲဒီတုန်းက ဖိလစ်ပိုင် မနီလာ လေဆိပ် မှာ တင် သူ့မိဘက ပြန်ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

မစ်အာလီ လက်စ်လွန်းဟာ တွစ်တာ ကနေ သူ့မိသားစုက သူ့ကို သတ်လိမ့်မယ် ဆိုပြီး ဗီဒီယို တင်ခဲ့ ပါတယ်။

သူ့ကို သူ့မိဘတွေ က ဆော်ဒီကို ပြန်ခေါ်သွားပြီးနောက် အခုထက်တိုင် သူဘာ ထပ်ဖြစ်တယ် ဆိုတာ ကတော့ မသိရသေးပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကာရှော်ဂျီ အမှုမှာ ဆော်ဒီအိမ်ရှေ့စံ ပါတ်သက်နေသလား

ဆက်စပ် အကြောင်းအရာများ