ခိုလှုံခွင့်စောင့်နေတဲ့ ဆော်ဒီသူကို ထိုင်းက ယာယီဝင်ခွင့်ပေး

saudi ဓာတ်ပုံ မူပိုင် Reuters
Image caption လေဆိပ်ဟိုတယ်က ဆော်ဒီ အမျိုးသမီး

ပြည်ပမှာ ခိုလှုံခွင့် ရဖို့ ကြိုးစားနေတဲ့ ၁၈ နှစ် အရွယ် ဆော်ဒီ အမျိုးသမီးကို ထိုင်းနိုင်ငံထဲ ယာယီ ဝင်ခွင့် ပေးထားမယ်လို့ ထိုင်း လူ၀င်မှု ကြီးကြပ်ရေး အရာရှိချုပ်က ပြောပါတယ်။ အခု ဆော်ဒီအမျိုးသမီးဟာ ကုလသမဂ္ဂ အကူအညီနဲ့ ဘန်ကောက်လေဆိပ် ဟိုတယ်က ထွက်သွားပါပြီ။

ဒီအတောအတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေပြီး သူ့ကို စုံစမ်းမေးမြန်းတာတွေ လုပ်မှာပါ။

အစ္စလာမ်ဘာသာကို စွန့်ပယ်ထားတဲ့ ရာဟက်ဖ် မိုဟာမက် အယ်ခူနွန်ရဲ့ လုံခြုံရေးအတွက် ကူဝိတ်နိုင်ငံဆီ အတင်း ပြန်ပို့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ရဲတပ်ဖွဲရဲ့ လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ ရဲအရာရှိချုပ် က သူဟာ အခု ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုအောက်မှာ ရှိနေပါတယ်၊ ဘယ်သူမှ ဘယ်သံရုံးမှ သူ့ကို ဘယ်ကိုမှ ပို့လို့ မရပါဘူး၊ သူ့ကို အကောင်းဆုံး ကာကွယ်ပေးမှာပါ၊ သူနဲ့ စကားပြောမယ်၊ သူမေတ္တာ ရပ်ခံတာတိုင်းကို ဆောင်ရွက်ပေးမှာပါလို့ ပြောသွားပါတယ်။

ရာဟက်ဖ် က သူ့မိသားစုဆီ ပြန်ရောက်ရင် သူ အသတ်ခံရလိမ့်မယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ က အရာရှိတွေက သူ့ကို လေဆိပ်ဟိုတယ်မှာ သွားရောက် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ က လာတွေ့

ထိုင်းနိုင်ငံဟာ ကုလသမဂ္ဂ ဒုက္ခသည်များ စာချုပ်ကို လက်မှတ်ထိုးတာ မဟုတ်ပေမယ့် သူ့နိုင်ငံမှာ အိမ်နီးချင်းမြန်မာနိုင်ငံက အများစု ဖြစ်တဲ့ ဒုက္ခသည် တသိန်းကျော် ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒီဆော်ဒီ အမျိုးသမီး ဟာ ဇန်နဝါရီလ ၅ ရက် စနေနေ့က ဘန်ကောက်ကို ရောက်လာတဲ့အခါ ဆော်ဒီသံတမန်တယောက်က သူ့နိုင်ငံကူး စာအုပ်ကို သိမ်းထားလိုက်တယ်လို့ ဆိုပါတယ်။

လူတယောက်က သူတို့မှာ ထိုင်းနိုင်ငံထဲ ဝင်လို့ရတဲ့ ဗီဇာ ရှိတယ်ဆိုပြီး သူ့ပတ်စပို့စာအုပ်ကို ယူသွားတယ်၊ တနာရီလောက်ကြာမှ ရဲလို လူ ငါးယောက်လောက်နဲ့ ပြန်လာပြီး သူ့အဖေက သူ့ကို ဆော်ဒီပြန်သွား စေချင်တယ်ဆိုပြီး လာပြောကြောင်း ဆော်ဒီသူ က ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption လေဆိပ်ထဲက ဟိုတယ်ခန်းမှာ တံခါးပိတ်နေဆဲ

တနင်္ဂနွေနေ့မှာ သူ့ကို ထိုင်းက ပြည်ဝင်ခွင့်မပေးနိုင်ဘူးဆိုပြီး ပြန်ပို့ဖို့ စီစဉ်ရာကနေ ခုလို ပြဿနာတွေ ဖြစ်ခဲ့တာပါ။

၁၈ နှစ်သာ ရှိသေးတဲ့ ဆော်ဒီသူ ရာဟက်ဖ် ကလည်း သူ့မှာ သြစတြေးလျ ဗီဇာ ရှိတယ်၊ ထိုင်းမှာလည်း မနေလိုဘူးလို့ ပြောပါတယ်။

ဘန်ကောက်မှာ ရှိတဲ့ ဆော်ဒီ သံရုံးကတော့ လေဆိပ်မှာ ခရီးမဆက်နိုင်အောင် တားထားနိုင်တဲ့ အာဏာ သူတို့မှာ မရှိဘူးလို့ ဆိုပါတယ်။ ထိုင်းဥပဒေကို ချိုးဖောက်လို့ ထိုင်းအာဏာပိုင်တွေက တားထားတာ လို့ ဆိုပါတယ်။

အဲဒီနောက် ထိုင်းဘက်ကနေပြီး ရာဟက်ဖ် ကို မိသားစု ရှိရာ ကူဝိတ်ကို ပြန်ပို့ဖို့ ကြိုးစားခဲ့တာကို သူက ငြင်းဆန်ပြီး လေဆိပ်ဟိုတယ်ထဲမှာ တံခါးပိတ် နေခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဂျမား ဟာရှော့ဂျီကို သတ်ပစ်ကြောင်း ဆော်ဒီဝန်ခံပြီ
ဓာတ်ပုံ မူပိုင် RUNGROJ YONGRIT
Image caption ထိုင်းကို ကူဝိတ်က ဘယ်လိုရောက်အောင်လာတယ် မသိရ

ဒါကြောင့် လူ့အခွင့်အရေး အုပ်စုတွေနဲ့ ထိုင်းရှေ့နေတွေက သူ့ကို ပြန်မပို့အောင် ကြိုးစားခဲ့ကြသလို ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ အဖွဲ့ကလည်း ဒီအမျိုးသမီးနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရာဟက်ဖ်က သူဒီလို အကျပ်တွေ့နေတာကို တွစ်တာ လူမှုကွန်ရက်မှာ တောက်လျှောက်တင်နေတာပါ။ ဒီအတွက် သူ့ဖခင်က အင်မတန် စိတ်ဆိုးတယ်လို့လည်း ပြောပါတယ်။

ဆော်ဒီမှာ ရှိတဲ့ အမျိုးသမီးတွေအတွက် အလုပ်လုပ်ခွင့် ခရီးသွားခွင့် လက်ထပ်ခွင့် ဘဏ်စာရင်းဖွင့်ခွင့် စတဲ့ နေရာတကာမှာ အမျိုးသား လူကြီးတယောက်ရဲ့ အုပ်ထိန်းမှုပါမှ ဖြစ်တာပါ။

နောက်ပြီး ရာဟက်ဖ်က ကမ္ဘာတလွှားက နိုင်ငံတွေဆီ ခိုလှုံခွင့် တောင်းထားပါတယ်။ သူဟာ အစ္စလာမ်ဘာသာကို စွန့်ပယ် ထားသူ ဘာသာမဲ့ ဖြစ်နေသူမို့ သူ့နိုင်ငံရင်းကို ပြန်လို့မရဘူးလို့လည်း ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် FAYEZ NURELDINE
Image caption ဖိနှိပ်မှုတွေ ကြုံနေရတဲ့ ဆော်ဒီ အမျိုးသမီးတွေ

အစ္စလာမ် ဘုရင့်နိုင်ငံတွေမှာ ဒီလို ဘာသာကို စွန့်ပယ်သူတွေကို သေဒဏ်ထိ ပေးနိုင်ပေမယ့် တကယ်ပေးတာမျိုးကတော့ ဒီနှစ်ပိုင်းအတွင်း မရှိသေးပါဘူး။

နိုင်ငံဂုဏ်ပျက်အောင် လုပ်သူအဖြစ် ရာဟက်ဖ်ကို အကြမ်းဖက် ဥပဒေနဲ့ စွဲဆိုနိုင်သလို အုပ်ထိန်းသူကို မနာခံမှုနဲ့လည်း ဖမ်းဆီးနိုင်ပါတယ်။

၂ဝ၁၇ တုန်းကလည်း သြစတြေးလျသွားတဲ့ ဆော်ဒီအမျိုးသမီးတယောက်ကို မနီလာမှာ သူ့မိသားစုက လာခေါ်သွားတာမျိုး ရှိခဲ့ဖူးပြီး ဒီအမျိုးသမီးက ကနေဒါ ကမ္ဘာလှည့်ခရီးသည်တယောက်ရဲ့ ဖုန်းကနေ သူ့မိသားစုက သူ့ကို သတ်တော့မယ်လို့ ဗီဒီယို သတင်းစကားကို တွစ်တာမှာ ပါးသွားခဲ့ပါတယ်။