အစိုးရ ဌာနတချို့ ပိတ်ထားရတာကို အဆုံးသတ်နိုင်ရေးဆွေးနွေးပွဲက သမ္မတထရမ့် ထွက်သွား

အစိုးရရုံးတွေ ပြန်ဖွင့်နိုင်ဖို့ အဓိကကျတဲ့ မက္ကဆီကိုနယ်စပ်တံတိုင်းဆောက်ဖို့ ငွေချပေးရေးဆွေးနွေးပွဲကို သမ္မတထရမ့် ဘိုင့်ဘိုင် လုပ် ဓာတ်ပုံ မူပိုင် Getty Images
Image caption အစိုးရရုံးတွေ ပြန်ဖွင့်နိုင်ဖို့ အဓိကကျတဲ့ မက္ကဆီကိုနယ်စပ်တံတိုင်းဆောက်ဖို့ ငွေချပေးရေးဆွေးနွေးပွဲကို သမ္မတထရမ့် ဘိုင့်ဘိုင် လုပ်

၁၉ ရက်ကြာနေပြီဖြစ်တဲ့ အမေရိကန်အစိုးရ ဌာနတချို့ ပိတ်ထားရတာကို အဆုံးသတ်နိုင်ရေးနဲ့ မက္ကဆီကို နယ်စပ်တံတိုင်း ဆောက်ရေး ဘဏ္ဍာငွေ ကိစ္စ အပါအဝင် ဘတ်ဂျက်အရေး ဒီမိုကရက်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးပွဲကနေ သမ္မတထရမ့် ထထွက်သွားခဲ့ပါတယ်။

ဒီမိုကရက် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီနဲ့ ဒီမိုကရက်ပါတီ ခေါင်းဆောင် ချပ် ရှူးမားတို့က တံတိုင်းဆောက်ဖို့ သမ္မတတောင်းတဲ့ ဘဏ္ဍာငွေကို ပေးဖို့ ငြင်းဆန်ခဲ့ချိန်မှာပဲ ဆွေးနွေးပွဲကနေ သမ္မတထရမ့် ထထွက်သွားခဲ့တာပါ။

မစ္စတာ ထရမ့်က ဒီဆွေးနွေးပွဲဟာ အချိန်ကုန်တာပဲ ရှိတယ်လို့ ပြောသွားပါတယ်။

ဒီမိုကရက်တွေကတော့ သမ္မတထရမ့် ဒေါသကြီးတယ်လို့ ထပ်စွပ်စွဲခဲ့ကြပါတယ်။

အစိုးရဌာနတွေ ပိတ်ထားခဲ့ရပြီးနောက်ပိုင်း ပထမဆုံး လစာကို လာမယ် သောကြာနေ့မှာ ပေးရတော့မှာဖြစ်လို့ အခု အခြေအနေအတိုင်းဆိုရင် အစိုးရ ဝန်ထမ်း ရှစ်သိန်းဟာ လစာမဲ့ ဖြစ်ရမယ့် အခြေအနေ ရောက်နေပါပြီ။

သမ္မတဒေါ်နယ်ထရမ့်ဟာ သူရီပတ်ပလစ်ကန် သမ္မတလောင်းအဖြစ် မဲဆွယ်စဉ်က လူထုကို ပေးထားခဲ့တဲ့ဂတိတခုဖြစ်တဲ့ မက္ကဆီကိုနဲ့ နယ်စပ်တလျှောက် သံမဏိ တံတိုင်းကြီးဆောက်ဖို့ အတွက် ကုန်ကျမယ့် ဘဏ္ဍာငွေ ဒေါ်လာ ၅.၇ ဘီလျံ တောင်းဆိုနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမတ်နေရာ အများဆုံးနဲ့ ဒီမိုကရက်လွှတ်တော် အမတ်တွေ ထိန်းချုပ်ထားတဲ့ အောက်လွှတ်တော်က သမ္မတတောင်းခံတာကို မပေးဖို့ ငြင်းဆန် နေခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ဘာတွေ ဖြစ်ခဲ့လဲ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီမိုကရက် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီနဲ့ ဒီမိုကရက်ပါတီခေါင်းဆောင် ချပ်ရှူးမားတို့ သမ္မတ ထရမ့်နဲ့ တွေ့အပြီး

ဆွေးနွေးပွဲက တကယ်တန်းတော့ ခဏလေးပါ၊ ၁၄ မိနစ်ပဲကြာခဲ့ပါတယ်။

သမ္မတက ဒီမိုကရက်ပါတီခေါင်းဆောင်တွေကို အိမ်ဖြူတော် အနောက်ဘက်ခြမ်း မြေအောက်ဆွေးနွေးပွဲ ခန်းမ (Situation Room)မှာ လက်ခံဆွေးနွေးခဲ့ပါတယ်။

မစ္စတာထရမ့်က အောက်လွှတ်တော်ဥက္ကဌ နန်စီ ပလိုစီကို တံတိုင်းဆောက်ဖို့ ငွေပေး၊မပေး တိုက်ရိုက်မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှု နောက်ပိုင်း သမ္မတ ထရမ် က သူရဲ့ တွစ်တာမှာ သူ ဘိုင့်ဘိုင် ပြောပြီး ဆွေးနွေးပွဲက ထွက်လာခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။

မစ္စတာ ရှူးမား ကလည်းဆွေးနွေးပွဲမှာ အပြန်အလှန်ပြောခဲ့ကြတာကို အတည်ပြုခဲ့ပြီး မစ္စတာ ထရမ့်က အောက်လွှတ်တော် ဥက္ကဌကို ကျွန်တော့ တံတိုင်းကိစ္စ ခင်ဗျားသဘောတူလားလို့ မေးခဲ့ရာမှာ နန်စီပလိုစီက မတူဘူးလို့ ပြန်ဖြေခဲ့ကြောင်း ပြောပါတယ်။

အဲဒီအချိန်မှာ သမ္မတထရမ့် ထရပ်ပြီး ဒါဆိုရင် ကျွန်တော်တို့ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ပြောဆိုကာ ထွက်သွားခဲ့တယ်လို့ ပြောပါတယ်။

သမ္မတထရမ့်က နိုင်ငံအတွက် သူကောင်းအောင် လုပ်ဖို့ကြိုးစားနေတာ၊ နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး ဆိုပြီး ပြောခဲ့တယ်လို့ အိမ်ဖြူတော်အရာရှိတဦးက နယူးယောက်တိုင်းသတင်းစာကို ပြန်ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် မက္ကဆီကို နယ်စပ်စည်ရိုးအနီးကို ရောက်နေကြတဲ့ ဟွန်ဒူးရပ်စ် ရွေ့ပြောင်းဝင်ရောက်လာသူတွေ

အင်္ဂါနေ့က သမ္မတထရမ့် အိမ်ဖြူတော် သူ့ရုံးခန်းကနေ ပထမဆုံး ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့တဲ့ နိုင်ငံကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ နယ်စပ်ဟာ လူသားချင်းစာနာမှုဆိုင်ရာနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတခု ဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။

ဒီမိုကရက်တွေကတော့ ဒီလိုဖော်ပြခဲ့တာဟာ ပြဿနာ မဟုတ်တာကို ပြဿနာ လုပ်တာလို့ ပြောခဲ့ကြပါတယ်။

သူ့ကို ရီပတ်ပလစ်ကန် ပါတီက လုံးဝ တညီတညွတ်တည်း ထောက်ခံနေကြတယ်။ ရီပတ်ပလစ်ကန် ခေါင်းဆောင်တွေနဲ့ သမ္မတ ထရမ့်က ပြောခဲ့ကြပါတယ်။

ဒါပေမယ့် အလယ်အလတ် သဘောတား ရှိတဲ့ ရီပတ်ပလစ်ကန် ဆီးနိတ်အမတ် အတော်များများက ဝေခွဲမရ ဖြစ်နေကြပါတယ်။

သမ္မတထရမ့်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတော် အရေးပေါ် အခြေအနေအဖြစ် ကြေညာနိုင်တဲ့ နည်းလမ်းကတော့ ကျန်နေပါသေးတယ်။ ဒီလို ကြေညာရင်တော့ ကာကွယ်ရေးဌာနက တံတိုင်းဆောက်ဖို့ ငွေချပေးနိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုကြေညာတာ အကြီးအကျယ် အငြင်းပွားစရာ ဖြစ်လာနိုင်သလို ဥပဒေကြောင်းအရလည်း အချိန်အကြာကြီး ဆွေးနွေး ငြင်းခုံစရာ ဖြစ်လာပါလိမ့်မယ်။

အခုလို့ အစိုးရဌာနတွေ ပိတ်ထားလိုက်တာနဲ့ပတ်သက်လို့ လူထုက သမ္မတ ထရမ့်ကို အများဆုံး အပြစ်တင်နေကြတယ်လို့ ဒီမိုကရက်တွေက ယူဆပြီး သူတို့ရပ်တည်ချက်ကို မပြောင်းဘဲ နေနေကြတာ ဖြစ်ပါတယ်။

လူထုစစ်တမ်း ကောက်ယူချက်အရ အမေရိကန်ပြည်သူ ၅၁ ရာခိုင်နှုန်းက သမ္မတ ထရမ့်ကို အပြစ်တင်ကြပေမယ့် ရီပတ်ပလစ်ကန်ကို ထောက်ခံသူ ၇၇ ရာခိုင်နှုန်းက နယ်စပ်တံတိုင်းဆောက်ဖို့ သမ္မတ ထရမ့် ငွေတောင်းခံတာကို ထောက်ခံကြပါတယ်။

အစိုးရဌာနတချို့ ပိတ်ခဲ့ရတဲ့ အခြေအနေ

ဓာတ်ပုံ မူပိုင် Getty Images
Image caption အစိုးရရုံးတွေ ပိတ်ထားတာကို ပြန်ဖွင့်ဖို့ တောင်းဆိုဆန္ဒပြနေသူ

သတ်မှတ်ထားတဲ့ရက် ပြည့်သွားလို့ ဘတ်ဂျက်ကို ကွန်ကရက်လွှတ်တော်ရဲ့ သဘောတူညီမှု မရရင် ဒါမှမဟုတ် သမ္မတ လက်မှတ် မထိုးရင် အစိုးရဌာန တချို့ ပိတ်ရတဲ့ အခြေအနေ ရောက်လေ့ရှိပါတယ်။

အခု ဒီဇင်ဘာလ ၂၂ ရက်နေ့က စလို့ အစိုးရဌာနတချို့ ပိတ်ခဲ့ရတာကြောင့် အစိုးရ လုပ်ငန်း ၂၅ ရာခိုင်နှုန်း ထိခိုက်ခဲ့ရပြီး ဝန်ထမ်း ရှစ်သိန်း လစာမရတဲ့ အခြေအနေကို ကြုံနေရပါတယ်။ အဲဒီထဲက သုံးသိန်းခွဲလောက်ဟာ ခွင့် ဒါမှမဟုတ် ယာယီ အလုပ် ရပ်နားထားတာမျိုး ခံနေကြရပြီး ကျန်ဝန်ထမ်းတွေက လစာမရဘဲ အလုပ်ဆင်းနေကြရပါတယ်။

တကယ်တမ်းဆိုရင် သူတို့ကို အခုလာမယ့် သောကြာနေ့မှာ လစာပေးရတော့မှာပါ။

အခု အစိုးရ ဌာနတွေကို စနေ၊ တနင်္ဂနွေနေ့အထိ ဆက်ပြီး ပိတ်ထားရမယ် ဆိုရင်တော့ ဒါဟာ အမေရိကန် သမိုင်းမှာ အစိုးရ ဌာနတွေ ရက်အကြာဆုံး ပိတ်ထားရတဲ့ ဖြစ်ရပ် ဖြစ်ပါလိမ့်မယ်။

ဆက်စပ် အကြောင်းအရာများ