တရုတ်ပြည်တွင်းမှာ အလုပ်ခွင် စိတ်ချရမှု တိုးတက်လာရဲ့လား

china ဓာတ်ပုံ မူပိုင် EPA
Image caption တရုတ်နိုင်ငံဟာ အကြီးအကျယ်ထိခိုက်မှုရှိတဲ့ စက်ရုံအလုပ်ရုံ မတော်တဆဖြစ်မှုတွေ အများအပြားဖြစ်ခဲ့တဲ့ သမိုင်းကြောင်းရှိ

တရုတ်မြောက်ပိုင်း ရှန်းရှီးပြည်နယ်အတွင်း ရှန်းမူမြို့အနီးမှာရှိတဲ့ လီကျားကူ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် ဇန်နဝါရီလ ၁၂ ရက် စနေနေ့က လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုလို ပြိုကျမှု အတွင်းမှာ မိုင်းတူး လုပ်သား ၆၆ ယောက်ကိုတော့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Image caption ရှန်းမူမြို့အနီးမှာရှိတဲ့ လီကျားကူ ကျောက်မီးသွေးတွင်း ပြိုကျမှုကြောင့် ဇန်နဝါရီလ ၁၂ ရက် စနေနေ့က လူ ၂၁ ဦးထက်မနည်း သေဆုံး

အဲဒီ လီကျားကူ မိုင်းတွင်းဟာ ပိုင်ကြည့် မိုင်းတူးကုမ္ပဏီပိုင်ဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနမှာ ဖော်ပြထားပြီး အသေးစိတ် အခြေအနေကိုတော့ မဖော်ပြထားပါဘူး။

တရုတ်နိုင်ငံဟာ အကြီးအကျယ် ထိခိုက်မှုရှိတဲ့ စက်ရုံ အလုပ်ရုံ မတော်တဆဖြစ်မှုတွေ အများအပြားဖြစ်ခဲ့တဲ့ သမိုင်းကြောင်းရှိတဲ့ နိုင်ငံတခု ဖြစ်နေပါတယ်။

၂၀၁၅ ဒီဇင်ဘာ ပင်းရီနယ် ရှန်တုန်ပြည်နယ် မိုင်းတွင်းပြိုကျမှု

၂၀၁၅ ဒီဇင်ဘာ ၂၅ ရက် ခရစ်စမတ်နေ့မှာ ရှန်တုန်ပြည်နယ် လင်းရီမြို့အနီးမှာရှိတဲ့ ဂျစ်ပဆန် မိုင်းတွင်း ပြိုကျမှုကြောင့် မိုင်းတူးလုပ်သား ၁၇ ဦး ကနဦး ပိတ်မိခဲ့ပြီး ကုမ္ပဏီပိုင်ရှင်က နောက်နှစ်ရက်အကြာမှာ မိုင်းတွင်းတခုထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပါတယ်။

အခုလို မဖြစ်ခင်မှာ တရုတ်အာဏာပိုင်တွေက မိုင်းတွင်း မတော်တဆ ဖြစ်မှုအတွက် ပိုင်ရှင်မှာ အပြစ်ရှိရင် ပိုပြီး ပြင်းထန်တဲ့ အပြစ်ပေးတဲ့ ပုံစံ ပြောင်းလဲခဲ့ပြီး ဒါနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ယူဆမှုတွေ ရှိခဲ့ပါတယ်။

အဲဒီဂျစ်ပဆန်မိုင်းတွင်းပြိုကျမှုကြောင့် ၉ ဦးသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတွေကို တလကျော် ရှာဖွေခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျစ်ပဆန် မိုင်းတွင်း ပြိုကျမှုကြောင့် ၁၇ ဦး ပိတ်မိခဲ့ပြီး ကုမ္ပဏီပိုင်ရှင်က နောက်နှစ်ရက်အကြာမှာ မိုင်းတွင်းတခုထဲကို ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ

၂၀၁၅ ဒီဇင်ဘာလ ကွမ်တုံပြည်နယ် ရှန်းကျန့် မြေစာပုံ ပြိုကျမှု

တရုတ်နိုင်ငံတောင်ပိုင်းက ရှန်းကျန့်မြို့မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ရင်း ပုံထားတဲ့ မြေစာပုံကြီး ပြိုကျမှုကြောင့် အဆောက်အဦး ၃၃ ခုကို ဖုံးလွှမ်းသွားခဲ့ပြီး လူ ၇၀ ကျော် သေဆုံးခဲ့ပါတယ်။

အဲဒီ မြေပြိုမှုကြောင့် ဖုံးလွှမ်းသွားတဲ့ နေရာကလည်း မြေဧက ၁၀ဝ နီးပါး အထိ အကျယ်ရှိခဲ့ပါတယ်။

အဲဒီ မြေစာပုံဟာ ဆောက်လုပ်ရေးလုပ်ရင်း ထွက်လာတဲ့ မြေစာတွေနဲ့ တခြားအပျက်အစီးတွေကို တောင်ကုန်းတခုမှာ နှစ်ပေါင်းများစွာ စုပုံလာရင်းက ပြိုကျခဲ့တာလို့ အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

Image caption မြေပြိုမှုကြောင့် ဖုံးလွှမ်းသွားတဲ့ နေရာကလည်း မြေဧက ၁၀ဝ နီးပါး အထိ အကျယ်ရှိ

၂၀၁၅ စက်တင်ဘာလ တီရန်ကျင်း ဓာတုဗေဒ ပစ္စည်း ပေါက်ကွဲမှု ၂ ခု

တရုတ်မြောက်ပိုင်း ဆိပ်ကမ်းမြို့ တီရန်ကျင်းမြို့မှာ ဖြစ်ခဲ့တဲ့ အဲဒီ ပေါက်ကွဲမှုကြီး ၂ ခုကြောင့် လူပေါင်း ၁၇၃ ယောက် သေဆုံးခဲ့ပြီး ရာနဲ့ချီပြီး ဒဏ်ရာရခဲ့ကြတဲ့အပြင် မြို့တွင်း ပျက်စီး ဆုံးရှုံးမှုလည်း များခဲ့ပါတယ်။

အန္တရာယ်ရှိပြီး မီးလောင်လွယ်တဲ့ ဓာတုဗေဒ ပစ္စည်းတွေထားတဲ့ ဂိုထောင်တခုမှာ အခုလို ပေါက်ကွဲမှု ဖြစ်ခဲ့တာ ဖြစ်ပြီး ဒီပစ္စည်းတွေကို ပိုင်ရှင်က စနစ်တကျ ထိန်းသိမ်းမှု မရှိတဲ့အပြင် အဲဒီ အနီးအနားမှာ ရှိနေတဲ့ လူနေအိမ်တွေကလည်း အန္တရာယ် အလားအလာကြောင့် ဥပဒေနဲ့ တားမြစ်ထားတဲ့ အကွာအဝေးထက် နီးကပ်ပြီး ဆောက်လုပ်ထားလို့ အခုလို ပျက်စီး သေဆုံးမှု များခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption မီးလောင်လွယ်တဲ့ ဓာတုဗေဒ ပစ္စည်းတွေ ပေါက်ကွဲမှုကြီး ၂ ခုကြောင့် လူပေါင်း ၁၇၃ ယောက် သေဆုံး

၂၀၁၄ သြဂုတ်လ ကျန်စုပြည်နယ် ခွန်ရှန် ကားပစ္စည်းစက်ရုံ ပေါက်ကွဲမှု

တရုတ်နိုင်ငံ အရှေ့ပိုင်း မြို့တမြို့ဖြစ်တဲ့ ခွန်ရှန်မှာ စက်ရုံအတွင်း မီးလောင်လွယ်တဲ့ သတ္ထုအမှုန် ပမာဏ များပြားမှုကြောင့် ပေါက်ကွဲမှုဖြစ်ပြီး လူ ၇၀ ကျော် သေဆုံးခဲ့သလို ၂၀ဝ နီးပါးလည်း ဒဏ်ရာရခဲ့ပါတယ်။

စက်ရုံနဲ့ ဂိုထောင်တွေလို အလုံပိတ်နေရာထဲက လေထုမှာ သတ္ထုအမှုန်တွေ များလာရင် မီးစလေး တခုကြောင့်ပဲ ပေါက်ကွဲမှု ဖြစ်နိုင်ပြီး ဒီလို သတ္ထုအမှုန်တွေကြောင့် လူတွေမှာ အရေပြားလောင်ကျွမ်းမှုကလည်း သာမန်ပေါက်ကွဲမှုထက် မီးလောင်ဒဏ်ရာ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကုမ္ပဏီဟာ ဒီလို အခြေအနေကို သတိပေးခံထားရပြီးသား ဖြစ်ပေမယ့် ပိုင်ရှင်တွေရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်တာလို့ အာဏာပိုင်တွေက ထုတ်ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption သတ္ထုအမှုန်တွေကြောင့် လူတွေမှာ အရေပြားလောင်ကျွမ်းမှုကလည်း သာမန်ပေါက်ကွဲမှုထက် မီးလောင်ဒဏ်ရာပြင်း

၂၀၁၃ နိုဝင်ဘာလ ရှန်တုံပြည်နယ် ချင်းတောင်ရေနံပိုက်လိုင်း ပေါက်ကွဲမှု

တရုတ်နိုင်ငံအရှေ့ပိုင်း ချင်းတောင်မြို့က အဲဒီ ပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ၆၂ ဦး သေဆုံးခဲ့ပြီးရေနံပိုက်လိုင်း ယိုစိမ့်မှုဖြစ်နေရာက မီးကူးမှုကြောင့် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒီပေါက်ကွဲမှုဟာ လူနေအိမ်ခြေတွေနဲ့လည်း နီးတဲ့အတွက် ထိခိုက်သေဆုံးမှု ပိုများခဲ့တာ ဖြစ်ပြီး ဒဏ်ရာရသူကလည်း ၁၅၀ နီးပါးရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရေနံပိုက်လိုင်းက နာရီနဲ့ချီပြီး စိမ့်နေရာက မီးကူးပြီး ပေါက်ကွဲ

၂၀၁၃ ဇွန်လ ကျင်းလင်ပြည်နယ် ပေါက်ရွယ်ဖန်း အသားစက်ရုံ မီးလောင်မှု

တရုတ်နိုင်ငံ အရှေ့မြောက်ဘက် မြောက်ကိုရီးယားနယ်စပ်နဲ့ ကပ်လျက်မှာ ရှိတဲ့ ကျင်းလင်ပြည်နယ်က တီဟွေမြို့မှာ ပေါက်ရွယ်ဖန်း အသားစက်ရုံ မီးလောင်မှုကြောင့် လူ ၁၂၀ လောက် သေဆုံးခဲ့ရပါတယ်။

အဲဒီ ပေါက်ကွဲမှုဟာ အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဖြစ်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ ထွက်ပေါက်အများစု ပိတ်နေတဲ့အတွက် အလုပ်သမားအများစုက ပွင့်တဲ့ အပေါက်မှာ စုပြုံတိုးကြရင်း ကြမ်းပြင်ပြိုကျလို့ သေဆုံးမှု ပိုများခဲ့တာလို့ ဆိုပါတယ်။

၁၉၉၃ ရှန်ကျန့် အရုပ်စက်ရုံ မီးလောင်မှုမှာ အလားတူ ထွက်ပေါက်တွေ သော့ခတ်ထားလို့ လူသေဆုံးမှုများတာ ဖြစ်တဲ့အတွက် အများပြည်သူတွေ ပိုပြီး မကျေမနပ်ဖြစ်ခဲ့ပြီး တရုတ်အာဏာပိုင်တွေဘက်ကလည်း စည်းကမ်းတင်းကျပ်မှုတွေ ထပ်လုပ်ခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထွက်ပေါက်အများစု ပိတ်နေတဲ့အတွက် အလုပ်သမားအများစုက ပွင့်တဲ့ အပေါက်မှာ စုပြုံတိုးကြရင်း ကြမ်းပြင်ပြိုကျလို့ သေဆုံးမှု ပိုများ

၂၀ဝ၇ ဧပြီ ကျင်းခေါ အထူးသံမဏိ စက်ရုံ သံရေပူ မှောက်မှု

လျောင်နင်းပြည်နယ်က ကျင်းခေါ သံမဏိ စက်ရုံမှာ သံတိုသံစ အရေကြိုထားတဲ့ ပုံစံခွက်ကြီး စက်ရုံကြမ်းပြင်ပေါ် မှောက်ကျခဲ့လို့ လူ ၃၂ ဦး သေဆုံးခဲ့ရပါတယ်။

အခုလို ဖြစ်ရပ်အပြီး စုံစမ်း စစ်ဆေးမှုအရ ဒီစက်ရုံမှာ သုံးတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေး မကောင်းမှုအပြင် လုပ်ငန်းလည်ပတ်တဲ့ ပုံစံ လုံခြုံမှုလည်း မရှိခဲ့လို့ အခုလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သံတိုသံစ အရေကြိုထားတဲ့ ပုံစံခွက်ကြီး စက်ရုံကြမ်းပြင်ပေါ် မှောက်ကျခဲ့လို့ လူ ၃၂ ဦး သေဆုံးခဲ့

၁၉၉၃ နိုဝင်ဘာလ ရှန်ကျန့်မြို့ အရုပ်စက်ရုံ မီးလောင်မှု

တရုတ်နိုင်ငံတောင်ပိုင်းက ရှန်ကျန့်မြို့အနီး ဟောင်ကောင်နဲ့ ကပ်နေတဲ့ ဒေသနားက အရုပ်စက်ရုံ တရုံ မီးလောင်ခဲ့လို့ လူ ၈၇ ယောက် သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီမီးလောင်မှုဟာ တရုတ်စက်ရုံတွေမှာ အလုပ်သမားတွေ ခိုးထွက်မသွားအောင်နဲ့ ပစ္စည်းခိုးတာတွေ မလုပ်အောင် ထွက်ပေါက်တွေ သော့ပိတ်ထားတတ်တဲ့ အလေ့အထကြောင့် စံချိန်တင် ထိခိုက်မှု အများဆုံး ဖြစ်တဲ့ မီးလောင်မှုလည်း ဖြစ်ပါတယ်။

၁၉၇၅ သြဂုတ်လ ဘန်ကျောက်ဆည်ပေါက်မှု အဖြစ်ဆိုး

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟယ်နန်ပြည်နယ်က ဘန်ကျောက်ဆည်ပေါက်မှုဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးဖြစ်တဲ့ လုပ်ငန်းခွင် အန္တရာယ်ဖြစ်မှု တခုအဖြစ် သတ်မှတ်ထားကြပြီး လူ တသိန်းလောက်အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပြီး တရားဝင် ထုတ်ပြန်ချက်အရကတော့ ၂၆၀ဝ၀ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဆည်ကျိုးပေါက်မှုဟာ မိုးကြီးမှုနဲ့ တိုင်းဖွန်းမုန်တိုင်းရဲ့ သက်ရောက်မှုတွေကြောင့်လို့ ဆိုပေမယ့် ဒီဆည်ဆောက်လို့ ပြီးကာစ ကတည်းက ဆည်နံရံနဲ့ ရေတံခါးတွေမှာ အက်ကြောင်းတွေ ပေါ်လို့ ပြုပြင်ခဲ့ရပြီး အဓိကအားဖြင့် ရေတံခါးအရေအတွက် မလုံလောက်ဘူးလို့ ဝေဖန်ခဲ့တဲ့ စီမံကိန်းမှာ ပါဝင်သူ ပညာရှင် ချန်ကျင်းကို အာဏာပိုင်တွေက အလုပ်ဖြုတ်ခဲ့ပါတယ်။

အဲဒီ ပျက်စီးသွားတဲ့ ဘန်ကျောက်ဆည်ကို ၁၉၉၃ ခုနှစ်ကျမှ ပြန်လည် ပြုပြင် အသုံးပြုနိုင်ခဲ့ပြီး အဲဒီဆည်ပေါက်မှုဖြစ်ပြီး နောက်ပိုင်းမှာ တရုတ်ရေအရင်းအမြစ်ဌာနက ယခင် ဆည်ဟောင်းတွေကို ပြန်လည် ပြုပြင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၉ ဘီလျံလောက် ပြန်လည် သုံးစွဲခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် EJA
Image caption လူ တသိန်းလောက်အထိ သေဆုံးခဲ့တယ်လို့ ခန့်မှန်းမှုတွေ ရှိတဲ့ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးဖြစ်တဲ့ လုပ်ငန်းခွင် အန္တရာယ်ဖြစ်မှု တခုအဖြစ် သတ်မှတ်ထားကြ

တရုတ်ရဲ့ လုပ်ငန်းခွင် အန္တရာယ် ကာကွယ်ရေး တိုးတက်မှု ရှိ မရှိ

တရုတ်နိုင်ငံရဲ့ လုပ်ငန်းခွင် အန္တရာယ် ကြိုတင်ကာကွယ်ရေး မှတ်တမ်းတွေအရ အဓိကအားဖြင့် မိုင်းတူးလုပ်ငန်းတွေမှာ အဓိကအားနည်းမှုတွေ ရှိခဲ့ပြီး ၁၉၄၂ လျောင်နင်း မိုင်းတွင်း ပေါက်ကွဲမှုမှာ ဆိုရင် လူ ၁၅၀ဝ ကျော်အထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

၁၉၆၀ လောင်ပိုက်တုံ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုမှာ ဆိုရင်လည်း လူ ၇၀ဝ နီးပါး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ နိုင်ငံတော် ကျောက်မီးသွေး လုပ်ငန်း လုံခြုံစိတ်ချရရေး ကြီးကြပ်အဖွဲ့ရဲ့ နောက်ဆုံး ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ချက်အရ ကျောက်မီးသွေးတွင်း လုပ်ငန်းခွင်မှာ သေဆုံးမှု ၃၇၅ ယောက် ရှိခဲ့ပြီး ယခင် ၂၀၁၆ ထက် ၂၈ ရာခိုင်နှုန်း သေဆုံးနှုန်း ကျသွားတယ်လို့ ဆိုပါတယ်။

ယခင် ၂၀ဝ၇ နဲ့ ၂၀ဝ၈ သေဆုံးမှုနှုန်း နှိုင်းယှဉ်ချက်ကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ရာမှာတော့ ၁၅ ရာခိုင်နှုန်းသာ လျှော့ချ နိုင်ခဲ့တာကို တွေ့ရပါတယ်။

၂၀ဝ၂ ခုနှစ် သေဆုံးမှုနှုန်းကတော့ ၇၀ဝ၀ လောက်အထိ ရှိခဲ့တဲ့အတွက် စက်မှုဖွံ့ဖြိုးရေးကို အရှိန်အဟုန်နဲ့ ဖြစ်အောင် လုပ်နေတဲ့ တရုတ်နိုင်ငံအနေနဲ့ လုပ်ငန်းခွင် အန္တရာယ် ကာကွယ်ရေး စည်းကမ်းတင်းကြပ်မှုတော့ ရှိလာတယ်လို့ ဒေသခံ ဘီဘီစီ သတင်းထောက်တွေက ဆိုပါတယ်။

ဒါပေမယ့် တရုတ်ပြည်တွင်းမှာ အထူးသဖြင့် ကျောက်မီးသွေးတွင်း လုပ်ငန်းခွင် အခြေအနေ တိုးတက်မှု ရှိတဲ့ကြားက အန္တရာယ်များတဲ့ လုပ်ငန်းခွင် ဖြစ်နေဆဲပဲလို့လည်း အဲဒီ လုပ်ငန်းခွင် လုံခြုံမှု ကြီးကြပ်ရေးအဖွဲ့က ၂၀၁၈ အစောပိုင်း ထုတ်ပြန်ချက်မှာ ဝန်ခံထားပါတယ်။

ဒါ့အပြင် အခုလို လုပ်ငန်းခွင် အဖြစ်ဆိုးတွေကို တရုတ်နိုင်ငံပိုင် သတင်းဌာနတွေက ဖော်ပြမှုတွေမှာ အာဏာပိုင်တွေက ဘယ်လို အရေးတယူ ဆောင်ရွက်နေသလဲ ဆိုတာကိုပဲ အသားပေးနေပြီး ဒုက္ခရောက်သူတွေရဲ့ အခြေအနေ အသေးစိတ်နဲ့ ဖြစ်ရပ်တွေမှာ တကယ်တာဝန်ရှိသူတွေနဲ့ ပတ်သက်တာတွေကို အရေးမပေးဘူးဆိုပြီး တရုတ် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဖော်ပြမှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။