နိုဘယ်ဆုရ သိပ္ပံပညာရှင် လူမျိုးရေးခွဲခြားလို့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ရုပ်သိမ်းခံရ

ဓာတ်ပုံ မူပိုင် EPA
Image caption လူမည်းနဲ့ လူဖြူအကြားမှာ ဦးနှောက်စွမ်းရည် ထက်မြက်မှု ကွာတယ်ဆိုပြီး ရုပ်မြင်သံကြားအစီအစဉ်တခုမှာ ဒေါက်တာ ဝပ်ဆင်က ပြောကြား

နိုဘယ်ဆုရ DNA မျိုးဗီဇ သိပ္ပံပညာရှင်း ဂျိမ်းစ် ဝပ်ဆင်ဟာ ဦးနှောက်စွမ်းရည် ထက်မြက်မှုကို လူမျိုးရေးနဲ့ ခွဲခြားပြီး အကြိမ်ကြိမ် ပြောဆိုမှုလုပ်ခဲ့တဲ့အတွက် သူရထားတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ရုပ်သိမ်းခံလိုက်ရပါတယ်။

ပျမ်းမျှအားဖြင့် မျိုးဗီဇတွေကြောင့် လူမည်းနဲ့ လူဖြူအကြားမှာ ဦးနှောက်စွမ်းရည် ထက်မြက်မှု ကွာတယ်ဆိုပြီး ရုပ်မြင်သံကြားအစီအစဉ်တခုမှာ ဒေါက်တာ ဝပ်ဆင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Cold Spring Harbor ဓာတ်ခွဲခန်းဌာနက ဒါဟာ အခြေအမြစ်မရှိပဲ ပရမ်းပတာ ပြောကြားမှုပဲ ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒေါက်တာ ဝပ်ဆင်ဟာ ၂၀ဝ၇ ခုနှစ်ကတည်းကလည်း အခုလို ပြောကြားခဲ့လို့ တောင်းပန်ခဲ့ရဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဂျိမ်းစ် ဝပ်ဆင်ဟာ DNA မျိုးဗီဇရဲ့ ကြိုးခွေ နှစ်ထပ်ပုံစံ ဖွဲ့စည်းပုံကို ထုတ်ဖော်နိုင်ခဲ့ပြီး အဲဒီအတွက် ၁၉၆၂ နိုဘယ်ဆုကို ပူးတွဲ ရရှိခဲ့

သူဟာ မစ္စတာ မောရိစ် ဝီလ်ကင်၊ မစ္စတာ ဖရန်စစ် ကရစ် တို့နဲ့ အတူ ၁၉၅၃ ခုနှစ်မှာ DNA မျိုးဗီဇရဲ့ ကြိုးခွေ နှစ်ထပ်ပုံစံ ဖွဲ့စည်းပုံကို ထုတ်ဖော်နိုင်ခဲ့ပြီး အဲဒီအတွက် ၁၉၆၂ နိုဘယ်ဆုကို သုံးဦး ပူးတွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ နိုဘယ်ဆုကိုလည်း သူ့ရဲ့ လူမျိုးရေးခွဲခြား ပြောကြားမှုတွေကြောင့် သိပ္ပံပညာရှင် အသိုင်းအဝိုင်းမှာ ဝိုင်းကျဉ်ခံရနေရတယ်ဆိုပြီး ၂၀၁၄ ခုနှစ်မှာ ရောင်းပစ်ခဲ့ပါတယ်။

အသက် ၉၀ အရွယ် ဒေါက်တာ ဝပ်ဆင်ဟာ လတ်တလော ကားမတော်တဆ ဖြစ်မှု တခုကြောင့် သက်ကြီး စောင့်ရှောက်ရေး ဂေဟာတခုမှာ အနားယူ ကုသမှု ခံယူနေပါတယ်။

၂၀ဝ၇ ခုနှစ်မှာ သူနဲ့အတူ အလုပ်လုပ်ဖူးတဲ့ ကိန်းဘရစ်တက္ကသိုလ် ကာဗန်ဒစ်ချ် ဓာတ်ခွဲခန်းက သိပ္ပံပညာရှင်ကတော့ ဒေါက်တာ ဝပ်ဆင်ဟာ အာဖရိကတိုက်အတွက် လူမှုကူညီပေးရေး စီမံကိန်းတွေကို အတော်မဘောမကျ ဖြစ်နေခဲ့တာက မှတ်မိတယ်လို့ ဆိုပါတယ်။

အဲဒီ စီမံကိန်းတွေဟာ လူဖြူတွေရဲ့ ဦးနှောက်စွမ်းရည်နဲ့ လူမည်းတွေရဲ့ ဦးနှောက်စွမ်းရည် အတူတူပဲလို့ ယူဆမှုအပေါ် အခြေခံထားပေမယ့် မျိုးဗီဇ စမ်းသပ်ချက်တွေနဲ့ မကိုက်တဲ့အတွက် အာဖရိကအတွက် အလားအလာ မကောင်းဘူးဆိုပြီး ဒေါက်တာဝပ်ဆင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာဝပ်ဆင်က အခုလို မှတ်ချက်တွေ ပေးအပြီးမှာ ဓာတ်ခွဲခန်း ဦးဆောင်သူ ရာထူးက အလုပ်ဖြုတ် ခံခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ သူက ပြန်လည် တောင်းပန်ခဲ့တဲ့ အတွက် သူ့ရဲ့ chancellor emeritus ဂုဏ်ထူးဆောင် ရာထူးအပြင် အိုလီဗာ အာ ဂရေ့စ် ပါမောက္ခ ဘွဲ့နဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ရုပ်သိမ်း မခံခဲ့ရပါဘူး။

Image caption မစ္စတာ ဖရန်စစ် ကရစ်နဲ့ အတူ ၁၉၆၂ နိုဘယ်ဆုကို သုံးဦး ပူးတွဲ ရရှိ

ဒီတကြိမ်မှာတော့ Cold Spring Harbor ဓာတ်ခွဲခန်းဌာနက အဲဒီ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ရာထူးတွေကို ရုပ်သိမ်းလိုက်ကြောင်း ပြောကြားခဲ့ပြီး PBS အမေရိကန် ရုပ်သံလိုင်းရဲ့ အမေရိကန်ပညာရှင်များ အစီအစဉ်မှာ ဒေါက်တာ ဝပ်ဆင်က သူ့ရဲ့ လူမျိုးရေး အမြင်တွေ မပြောင်းတဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

ဒေါက်တာ ဝပ်ဆင်ဟာ Cold Spring Harbor ဓာတ်ခွဲခန်းဌာနမှာ ၁၉၆၈ ကစပြီး ကြီးကြပ်သူ ရာထူးရခဲ့ပြီး ၁၉၉၄ မှာ ဥက္ကဋ္ဌဖြစ်လာခဲ့သလို ၂၀ဝ၄ ခုနှစ်မှာတော့ chancellor emeritus ဂုဏ်ထူးဆောင် ရာထူး ထပ်ရခဲ့ပြီး အဲဒီ ဌာနက ဖွင့်တဲ့ ကျောင်းတကျောင်းဆိုရင် သူ့နာမည်နဲ့ တည်ထောင်ခဲ့ပါတယ်။

ဒေါက်တာ ဝပ်ဆင်ရဲ့ သားဖြစ်သူ မစ္စတာ ရပ်ဖက်စ်ကတော့ သူ့အဖေရဲ့ ပြောဆိုမှုတွေက အမြင်ကျဉ်းမြောင်းသူလို့ ထင်စရာ ဖြစ်ပေမယ့် ဒီလို မဟုတ်ဘူးလို့ ဆိုပါတယ်။

သူ့အဖေရဲ့ ပြောဆိုမှုတွေဟာ မျိုးဗီဇရဲ့ အကျိုးဆက်ကို ဘောင်ကျဉ်းကျဉ်းနဲ့ ကြည့်ပြီး ပြောကြားတာသာ ဖြစ်ပြီး သူ့ဘဝတလျှောက်လုံး ဓာတ်ခွဲခန်းအတွက် အချိန်ပေးလာခဲ့တဲ့ အဖေကို အဲဒီ ဓာတ်ခွဲခန်းကပဲ အသုံးမလိုတော့သလို လုပ်လိုက်တာပဲလို့လည်း မစ္စတာ ရပ်ဖက်စ်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ