လိုင်းယွန်း လေယာဉ် JT610 ရဲ့ ပျံသန်းမှု မှတ်တမ်း တွေ့ရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption Black Boxကို မီတာ ၅၀ နီးပါးနက်တဲ့ ပင်လယ်ကြမ်းပြင်ပေါ်က ရွံနွံထဲမှာတွေ့ရ

အောက်တိုဘာလက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာလေဆိပ်ကနေ ထွက်ခွာပြီး မကြာခင် အချိန်ပိုင်းအတွင်းမှာ ဂျာဗားပင်လယ်ထဲကို ပျက်ကျသွားတဲ့ လေယာဉ် JT610ရဲ့ လေယာဉ်မှူးတွေ ပြောဆိုတာကို မှတ်တမ်း တင်ထားတဲ့ Black boxကို ပြန်တွေ့ပြီလို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ဇန်နဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန်ပါတယ်။

Lion Air လေကြောင်းလိုင်းက လေယာဉ်ပျက်ကျလို့ လူ ၁၈၉ ဦးသေဆုံးခဲ့ပါတယ်။ ဒီလေယာဉ်ရဲ့ Black Boxကို မီတာ ၅၀ နီးပါးနက်တဲ့ ပင်လယ်ကြမ်းပြင်ပေါ်က ရွှံ့နွံထဲမှာတွေ့ရသလို ဒီနေရာမှာ လူခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကိုလည်း တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

အင်ဒိုနီးရှား ရေတပ် ပြောခွင့်ရ Agung Nugroho က ဒီBlack Boxကနေ အချက်ပြနေတာကို ရက်အတော်အကြာ ရရှိထားတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီBlack Boxပေါ်မှာ ခြစ်ရာပွန်းရာတွေ အများကြီး ရှိနေသလို ဘယ်လောက်အထိ ပျက်စီးနေသလဲဆိုတာကို မသိရသေးဘူးလို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက လေယာဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မှတ်တမ်း တင်ထားတဲ့ Flight Data recorder ကို တွေ့ရှိခဲ့သလို ဒီအချက်အလက်တွေကို လေ့လာသုံးသပ်ဖို့က ၆ လလောက် ကြာမယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ဖူးပါတယ်။

အခုတွေ့ရှိတဲ့ Black Boxက လေယာဉ်မှူးတွေ ပြောဆိုတာတွေကို မှတ်တမ်းတင်ထားတဲ့ Cockpit Voice Recorder (CVR) ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရှာတွေ့ရတဲ့ လိမ္မော်ရောင် Black Boxက အပိုင်း ၂ ခုအဖြစ် ကွဲထွက်သွားပေမယ့် စုံစမ်း စစ်ဆေးတဲ့သူတွေအတွက် အသုံးဝင်မယ်လို့ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး လုံခြုံစိတ်ချမှု ရှိရေး ဆိုင်ရာ ကော်မတီ (KNKT)က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption Black Boxက အပိုင်း ၂ ခုအဖြစ် ကွဲထွက်သွား

ကော်မတီအကြီးအကဲ Soerjanto Tjahjonoက Black Boxကအချက်အလက်တွေကို အရင် ဒေါင်းလုပ်ပြီး ဒီအချက်အလက်တွေကို စိစစ်မှာလို့ ပြောပါတယ်။ ဒီလို လုပ်တောဟာ ၁ နှစ်လောက် အထိကြာနိုင်ပြီး ဒီကနေ တချို့အကြောင်းအရာတွေကို သိနိုင်မှာ ဖြစ်သလို နောင်ဒီလို မတော်တဆ ဖြစ်ရပ်တွေကို တားဆီးနိုင်မယ်လို့ ပြောပါတယ်။

အခုတွေ့ရှိခဲ့တဲ့ Black Boxဟာ လေယာဉ်ပေါ်က လေယာဉ်မှူးတွေနဲ့ မြေပြင်က လေကြောင်း ထိန်းချုပ်ရေး တာဝန်ရှိသူတို့အကြား ပြောဆိုတာတွေကိုပါ မှတ်တမ်းတင်ထားတာကြောင့် လေယာဉ်က ပျက်ကြတဲ့ အကြောင်းအရင်းကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

လေယာဉ်မှူးတွေက လေယာဉ်ကို လေဆိပ်ကို ပြန်လည် ဆင်းသက်ဖို့ တောင်းဆိုခဲ့အပြီး မိနစ်ပိုင်း အတွင်းမှာ လေယာဉ်က ပျက်ကျသွားတာ ဖြစ်ပါတယ်။ အစောပိုင်း စုံစမ်းစစ်ဆေးမှုတွေအရ လေယာဉ်က စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption စုံစမ်းစစ်ဆေးသူတွေရဲ့ တွေ့ရှိချက်အရ လေယာဉ်ဟာ ပျံသန်းဖို့ မသင့်သေးဘူးလို့လည်း ထောက်ပြ

ဒီပျက်ကျသွားတဲ့ လေယာဉ်ကို မောင်းနှင်ရာမှာ ချွတ်ယွင်းမှုတွေ ရှိနေပေမယ့် Lion Air က ခရီးစဉ်တွေကို ပြေးဆွဲခဲ့တာလို့ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး လုံခြုံစိတ်ချမှုရှိရေး ဆိုင်ရာ ကော်မတီရဲ့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လေယာဉ်မှူးတွေအနေနဲ့လည်း ဒီလေယာဉ်ရဲ့ အင်ဂျင်ကို ရပ်တန့်အောင် လုပ်ရာမှာ အခက်အခဲ ရှိနေတယ်လို့လည်း တွေ့ရှိချက်က ဆိုပါတယ်။ စုံစမ်းစစ်ဆေးသူတွေရဲ့ တွေ့ရှိချက်အရ လေယာဉ်ဟာ ပျံသန်းဖို့ မသင့်သေးဘူးလို့လည်း ထောက်ပြထားပါတယ်။

လေယာဉ်ပေါ်မှာပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကလည်း လေယာဉ်ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီကို တရားစွဲထားတာကြောင့် ဒီBlack Boxကနေ ဘယ်လို အချက်အလက်တွေ ထပ်ရနိုင်မလဲဆိုတာက အရေး ပါနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အင်ဒိုနီးရှားလေယာဉ်ပျက်ကျမှု လူ ၁ဝဝ ကျော် သေဆုံး