ဆိုမာလီ အယ်လ်ရှာဘတ်က သူတို့လက်ချက်လို့ဆို

ဓာတ်ပုံ မူပိုင် EPA
Image caption ဒူးဆစ်ဟိုတယ်ထဲက ထွက်ပြေးလာခဲ့သူ

ကင်ညာနိုင်ငံ နိုင်ရူဘီမြို့တော်က ဒူးဆစ်ဆိုတဲ့ဟိုတယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

အပြစ်မဲ့ အရပ်သား အနည်းဆုံး ၁၄ ယောက် သေဆုံးခဲ့ပါတယ်။ ဒူးဆစ် ဒီတူးလို့ခေါ်တဲ့ အဲဒီဟိုတယ်ဟာ အကောင်းစား ဟိုတယ်ကြီးပါ။ ဟိုတယ်ထဲမှာ လူ ၇၀၀ ကျော်တည်းခိုနေပါတယ်။

အဲဒီဟိုတယ်ကြီးမှာ ဇန်နဝါရီလ ၁၅ ရက် အင်္ဂါနေ့ မွန်းလွဲပိုင်းအချိန်လောက်က အကြမ်းဖက်တိုက်ခိုက်မှုစတင်ဖြစ်ပွားခဲ့တာကို ကိုယ်တိုင်ထွက်ပြေးခဲ့ရတဲ့ အမျိုးသမီးတယောက်က ပြောပြပါတယ်။

မော်တော်ကားဘီးပေါက်သလိုအသံမျိုးကြားလိုက်ရပါတယ်။ ဒါပေမယ့် ကားဘီးဆယ်လုံးပေါက်သလောက် ကျယ်ပါတယ်။ လူတွေလည်း ဇဝေဇဝါ ဖြစ်ကုန်ပါတယ်။ လူတွေက ဂိတ်ပေါက်ဆီ ပြေးကြပါတယ်။ ဒါပေမယ့် ချက်ချင်းပဲ နောက်ပြန်လှည့် ပြေးလာကြတာ တွေ့ရပါတယ်။ အဲဒါနဲ့သူလည်း အခန်းတံခါး ပိတ်ပြီး ပုန်းနေလိုက်ချိန်မှာ ကျည်ဆံတွေ မိုးရွာသလို ကျလာပါတယ်။ အပေါ်ကနေ ကျလာတာပါ။ သူထင်တာတော့ သူတို့ဟာ ဟိုတယ်ခေါင်မိုးပေါ်ကနေ ပစ်နေတာထင်ပါတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စီစီတီဗွီကင်မရာထဲမှာ အကြမ်းဖက်သမား နှစ်ယောက်ကိုတွေ့ရ

ဟိုတယ်ရှေ့မှာတော့ ကားသုံးလေးစီးဟာ မီးတွေ တဟုန်းဟုန်းတောက်လောင်နေပြီး မီးခိုးလုံးကြီးကလည်း မည်းမှောင်ပိတ်ပိန်းနေပါတယ်။

လက်နက်ကိုင်လူဆိုးတွေဟာ ဟိုတယ်ထဲမှာ ရှိနေသေးတယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက သတိပေးကြေညာနေတာကိုလည်း ရုပ်မြင်သံကြားထဲမှာ တွေ့ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေကလည်း တချို့က ယူနီဖောင်းနဲ့ ပြောင်းရှည်သေနတ်တွေကိုင်ဆောင်ပြီး တချို့ကတော့ အရပ်ဝတ်နဲ့ ပြောင်းတိုသေနတ်တွေကိုင်ဆောင်ရင်း ဟိုတယ်နားကို တဖြည်းဖြည်း တိုးကပ်သွားတာ မြင်ရပါတယ်။

အထဲကနေ ဒဏ်ရာအကြီးအကျယ်ရထားတဲ့ လူတယောက်ကို သယ်လာတာ မြင်ရပါတယ်။ လူနှစ်ယောက်က ဒရွတ်တိုက်ဆွဲလာတာပါ။ သေသလားရှင်သလား မသိရပါဘူး။ လှုပ်ရှားတာလည်း မတွေ့ရပါဘူး။

အမျိုးသမီးနှစ်ယောက်ကိုလည်း အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားတဲ့ လူတယောက်စီက တွဲခေါ်လာတာတွေ့ရပါတယ်။

အမျိုးသားတယောက်ကိုလည်း အရပ်ဝတ်နဲ့သေနတ်ကိုင်လူတယောက်ကပဲ တွဲခေါ်လာတာလည်း တွေ့ရပါတယ်။ အဲဒီအမျိုးသားကတော့ ဒဏ်ရာနည်းနည်း ရထားပုံပါပဲ။ ခြေထောက်ထော့နင်းထော့နင်း ဖြစ်နေပါတယ်။

ဒီတိုက်ခိုက်မှုကို ဆိုမားလီးယား အခြေစိုက် အယ်လ်ရှာဘတ်အဖွဲ့က သူတို့လုပ်တယ်လို့ ကြေညာထားပါတယ်။

ဇန်နဝါရီ ၁၆ ရက် ဗုဒ္ဓဟူးညနေပိုင်း မှာတော့ အကြမ်းဖက်တိုက်ခိုက်သူအားလုံးကို သုတ်သင်လိုက်ပြီလို့ ကင်ညာ သမ္မတက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption စီစီတီဗွီကင်မရာထဲမှာ အကြမ်းဖက်သမားပုံတွေ့ရ

ဆက်စပ် အကြောင်းအရာများ