ဗြိတိန် ဘုရင်မကြီး ရဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ်မောင်းတဲ့ ကား တိုက်မှု ဖြစ်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မတော်တဆမှု ဖြစ်ပွားစဉ်မှာ မင်းသားကြီးဟာ ကားကို လမ်းဘေးကို ဆွဲချခဲ့

အယ်လီဇဘတ် ဘုရင်မကြီး ရဲ့ ကြင်ယာတော် ဖိလစ် မင်းသားကြီး ဟာ ဆန်ဒရင်ဂမ် ဥယျာဉ် အိမ်ယာ အနီးမှာ ကိုယ်တိုင် မောင်းတဲ့ကားတိုက်မှု ဖြစ်ပွား ခဲ့ကြောင်း ဘာကင်ဟမ် နန်းတော် က ထုတ်ဖော် ပြောကြား ပါတယ်။

ဒေသ စံတော်ချိန် ညနေ သုံးနာရီလောက်မှာ ဖြစ်တဲ့ ကားမတော်တဆမှု အတွင်း အသက် ၉၇ နှစ် အရွယ် မင်းသားကြီးဟာ ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ခြင်း မရှိဘူး လို့ နန်းတော် တာဝန် ရှိသူက ပြောပါတယ်။

တခြားယာဉ် တစ်စီး နဲ့ မတော်တဆမှု ဖြစ်ခဲ့ပြီး ရဲတွေလည်း အခင်း ဖြစ်ရာ နေရာ ကို ရောက် ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဖိလစ်မင်းသားကြီးကိုယ်တိုင် မောင်းလာတဲ့ Range Rover ကား မတော်တဆမှုကြောင့် လမ်းဘေး မှာ တိမ်းမှောက် သွားခဲ့တာ လို့ မျက်မြင် သက်သေ တွေက ပြောကြပါတယ်။

Image caption ဖိလစ်မင်းသားကြီးရဲ့ကားနဲ့ တိုက်မှု ဖြစ်ပွားခဲ့တဲ့ တခြား ကားကို ပြန်ဆွဲယူလာစဉ်

အနီးအနားမှာ ရှိတဲ့ လူတွေက ဖိလစ်မင်းသားကြီး ကို ကားထဲ က ဆွဲထုတ် ခဲ့ကြပြီး အကူအညီ ပေးခဲ့ကြပါတယ်။ မင်းသားကြီး ဟာ ကား ထဲ ကနေ သတိမေ့လျော့ခြင်း မရှိ ထွက်လာ နိုင် ပေမယ့် အလွန် အင်မတန်မှ ထိတ်လန့် တုန်လှုပ် နေတယ်လို့ မျက်မြင် သက်သေ တွေ က ပြောပါတယ်။

အခင်း ဖြစ်ပွား ခဲ့ရာ နော့ခ်ဖော့ဖ် ဒေသ ရဲတပ်ဖွဲ့ ရဲ့ ပြောကြားချက် အရ မတော်တဆမှု ဖြစ်ခဲ့တဲ့ တခြား ဆလွန်း ကား ထဲ က ခရီးသည် နှစ်ဦး ကတော့ ထိခိုက် ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့ပြီး စိုးရိမ် စရာ မရှိဘူးလို့ နန်းတော် ပြောရေး ဆိုခွင့် ရှိသူ နီကိုလပ်စ် ဝစ်ချယ် က ဆိုပါတယ်။

ဗြိတိန် ဘုရင်မကြီး နဲ့ ကြင်ယာတော် တို့ဟာ ခရစ္စမတ် ကာလ ကတည်း က ဆန်ဒရင်ဂမ် ဥယျာဉ် အိမ်ယာမှာ နေထိုင် နေကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption အသက် ၉၇ နှစ် အရွယ် ဖိလစ်မင်းသားကြီး

၂၀၁၇ ဩဂုတ် လကနေ စတင်ပြီး အီဒင်ဘာရာ မြို့စား မင်းသားကြီး ဖိလစ် ဟာ လူမှုရေး လုပ်ငန်းဆောင်ရွက် နေမှုတွေ၊ အခမ်းအနား တက်ရောက် တာတွေ ကနေ အနားယူ ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် ဗြိတိန် ဘုရင်မ ကြီးကို အနီးကပ်ကူညီ ပေးခဲ့သလို ကိုယ်တိုင် တည်ထောင် ထားတဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို ဦးစီးဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

၁၉၅၂ ခုနှစ် က စတင်ပြီး ဖိလစ် မင်းသားကြီး ဟာ လူမှုကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်တာ အပါအဝင် အခမ်းအနား တက်တာ စတဲ့ ပြည်သူ လူထု နဲ့ ထိတွေ့ မှု အကြိမ်ပေါင်း နှစ်သောင်း နှစ်ထောင် ကျော် ဆောင်ရွက် လုပ်ကိုင် ခဲ့ကြောင်း ဘာကင်ဟမ် နန်းတော် ဘက် က ထုတ်ပြန် ပါတယ်။

ပြည်သူ တွေ နဲ့တွေ့ဆုံမှုတွေ၊ အခမ်းအနား တက်ရောက်တာတွေကို တကိုယ်တော် လုပ်ဆောင်ခြင်း ကနေ အနားယူ ခဲ့ပေမယ့် ပွဲလမ်း သဘင် တွေမှာ တော့ ဘုရင်မကြီးရဲ့ ဘေးမှာတော့ လိုက်ပါ စောင့်ရှောက်လေ့ ရှိပါတယ်။

ဒါပေမယ့် ဒီနှစ် ဆန်ဒရင်ဂမ် ဥယျာဉ် အိမ်ယာမှာ ကျင်းပတဲ့ တော်ဝင် မိသားစု ရဲ့ ခရစ္စမတ် ပွဲတော် ကိုတော့ သူဟာ တက်ရောက် ခဲ့ခြင်း မရှိပါဘူး။