တရုတ်မှာ လိင်ဖျော်ဖြေသူတွေအဖြစ်က ထွက်ပြေးခဲ့တဲ့ မြောက်ကိုရီးယား အမျိုးသမီးတွေ

ဓာတ်ပုံ မူပိုင် AFP
Image caption လိင်ဖျော်ဖြေတဲ့ ညစ်ညမ်း ဝက်ဆိုက်ပေါ်က ဂျီယွန်ရဲ့ပုံ

တရုတ်နိုင်ငံ ယန်ဂျီမြို့က တိုက်ခန်းအမြင့်ကြီးတခုရဲ့ ၃ ထပ် ပြူတင်းပေါက်ကနေ အမျိုးသမီးငယ် နှစ်ဦး ထုံးထားတဲ့ အိပ်ယာခင်းစတွေနဲ့ တွယ်ဆင်း ထွက်ပြေးခဲ့ကြပါတယ်။

အောက်ရောက်တဲ့အခါ သူတို့ကို ကယ်မယ့်သူက ဗင်ကားတစင်းနဲ့ စောင့်ပြီး ခေါ်သွားပါတယ်။

ဒါပေမယ့်လည်း အန္တရာယ်စက်ကွင်းကနေ ဒီအမျိုးသမီးငယ်လေးတွေ မလွတ်နိုင်သေးပါဘူး။

ဓာတ်ပုံ မူပိုင် Chun Kiwon
Image caption လိင်ဖျော်ဖြေတဲ့ ညစ်ညမ်း ဝက်ဆိုက်ပေါ်က မီရာရဲ့ပုံ

မီရာနဲ့ ဂျီယွန် တို့ နှစ်ဦးစလုံးဟာ နှစ်အနည်းငယ်လောက် ခြားပြီး မြောက်ကိုရီးယားနိုင်ငံကနေ နယ်စပ် ဖြတ် ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

နှစ်ယောက်စလုံး လူကုန်ကူးသူတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံထဲ ရောက်တဲ့အခါ မြောက်ကိုရီးယားကနေ သူတို့ ထွက်ပြေးနိုင်အောင် ကူခဲ့တဲ့ ပွဲစားတွေကပဲ သူတို့ကို အွန်လိုင်းပေါ်ကနေ လိင်ဖျော်တဲ့ လုပ်ငန်းထဲ လွှဲပေးလိုက်ပါတယ်။

မီရာက ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး၊ ဂျီယွန်က ၈ နှစ်လုံးလုံး တိုက်ခန်းတခုထဲမှာ ပိတ်လှောင်ခံခဲ့ရပြီး ကင်မရာရှေ့မှာ လိင်ဖျော်ဖြေပြရတဲ့ အလုပ်ကို လုပ်ခဲ့ကြရပါတယ်။

ဓာတ်ပုံ မူပိုင် Chun Kiwon
Image caption ညစ်ညမ်း ဝက်ဆိုက်တခုက ပုံ

အာဏာရှင် အစိုးရရဲ့ ခွင့်ပြုချက် မရှိဘဲ မြောက်ကိုရီးယားနိုင်ငံထဲကနေ ထွက်ခွာတာဟာ ဥပဒေ ချိုးဖောက်ရာ ကျပေမယ့် အတော်များများက အသက်စွန့်ပြီး ထွက်ပြေးကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ သွားခိုလှုံရင် လုံခြုံ စိတ်ချမှု ရှိပေမယ့် တောင်နဲ့ မြောက် ကိုရီးယား နယ်စပ် တလျှောက်မှာ စစ်တပ်တွေ အကြီးအကျယ် ချထားပြီး မိုင်းတွေလည်း မြှုပ်ထားတာကြောင့် နယ်စပ်ကို တိုက်ရိုက်ဖြတ်ပြီး ထွက်ပြေးဖို့က မဖြစ်နိုင်သလောက်ပါပဲ။

ဒါ့ကြောင့် အတော်များများက နိုင်ငံမြောက်ပိုင်းကနေ တဆင့် နယ်စပ် ဖြတ်ပြီး တရုတ်နိုင်ငံထဲ ဝင်ကြပါတယ်။

ဒါပေမယ့် နယ်စပ်ဖြတ် ဝင်လာတဲ့ မြောက်ကိုရီးယားတွေကို တရားမဝင် ရွှေ့ပြောင်း ဝင်လာသူတွေအဖြစ် တရုတ်အစိုးရက သတ်မှတ်ထားပြီး မိရင် မြောက်ကိုရီးယား နိုင်ငံဘက်ခြမ်း ပြန်ပို့လေ့ ရှိပါတယ်။

နေရပ်ရင်း မြောက်ကိုရီးယားဘက် ပြန်ရောက်သွားပြီ ဆိုရင်တော့ တိုင်းပြည်ကို သစ္စာ ဖောက်မှုနဲ့ ညှင်းပန်း နှိပ်စက်၊ ထောင်ဒဏ် ချခံရတတ်ပါတယ်။

အနည်းဆုံး လူ တစ်သန်းလောက် အသက် ဆုံးရှုံးခဲ့ရတဲ့ စားနပ်ရိက္ခာ ပြတ်လပ်မှု ကပ်ဘေးဒုက္ခကြီး ဖြစ်ခဲ့ချိန် ၁၉၉၀ ပြည့်လွန် နှစ်လယ်ပိုင်း ကာလတုန်းက မြောက်ကိုရီးယား အများအပြား နိုင်ငံထဲက ထွက်ပြေးခဲ့ကြပါတယ်။

ဒါပေမယ့် ကင်ဂျုန်အွန်း အာဏာရလာတဲ့ ၂၀၁၁ ခုနှစ်က စလို့ နိုင်ငံထဲက ထွက်ပြေးသူ အရေအတွက်ဟာ တနှစ်တနှစ်ကို တဝက်ကျော်လောက် လျော့ကျသွားခဲ့ပါတယ်။

ဒါဟာ နယ်စပ်မှာ အစောင့်တွေ ပိုတင်းတင်းကြပ်ကြပ် ချထားတာကြောင့်ရယ်၊ ပွဲစားတွေက စျေးတွေ တိုးတောင်းလာတာကြောင့်ရယ်ကြောင့်လည်း ဖြစ်ပါတယ်။

မီရာဟာ အသက် ၂၂ နှစ်မှာ မြောက်ကိုရီးယား နိုင်ငံကနေ ထွက်ပြေးခဲ့တာပါ။

မီရာ ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှု ကပ်ဆိုးကြီး ပြီးဆုံးခါနီးမှာ မွေးဖွားခဲ့သူ မြောက်ကိုရီးယား မျိုးဆက်သစ် တစ်ယောက်ပါ ။

မှောင်ခိုစျေးကွက်တွေ တိုးပွားလာတာနဲ့အမျှ ဒီဗီဒီ စက်တွေ၊ မိတ်ကပ်တွေ၊ ဒီဇိုင်နာ အဝတ်အစား အတုတွေ၊ တရားမဝင် နိုင်ငံခြား ရုပ်ရှင်ကားတွေ သွင်းထားတဲ့ ယူအက်စ်ဘီ စတစ်တွေ အလွယ်တကူ ရနိုင်လာပါတယ်။

ပြည်ပကနေ ဒီလို ပစ္စည်းတွေ လှိမ့်ဝင်လာတာကလည်း မြောက်ကိုရီးယား လူမျိုးတချို့ကို နိုင်ငံထဲကနေ ထွက်ပြေးချင်စိတ်ကို ပိုလှုံ့ဆော်ပေးသလိုပါပဲ။

မှောင်ခိုစျေးကွက်ကနေ ဝင်လာတဲ့ တရုတ် ရုပ်ရှင်ကားတွေကနေ ပြင်ပကမ္ဘာ အကြောင်း တစေ့တစောင်း တွေ့ခဲ့ကြပြီး မြောက်ကိုရီးယားနိုင်ငံထဲကနေ ထွက်ပြေးချင်စိတ် ပိုဖြစ်လာစေခဲ့ပါတယ်။

အဲဒီထဲမှာ မီရာ လည်း တဦး အပါအဝင်ပါ။

" တရုတ်ရုပ်ရှင်တွေ တချိန်လုံး ကြည့်နေတော့ တရုတ် အမျိုးသားတွေ အားလုံး ရုပ်ရှင်ထဲက အတိုင်းပဲလို့ ထင်ခဲ့မိတယ်။ တရုတ်အမျိုးသား တယောက်နဲ့ လက်ထပ်ချင်လာတယ်။ မြောက်ကိုရီးယားကနေ ထွက်ပြေးနိုင်ဖို့ နှစ်နဲ့ချီ ကြိုးစားခဲ့တယ်"လို့ မီရာ က ပြန်ပြောပြပါတယ်။

မီရာရဲ့ ဖခင်ဟာ ကွန်မြူနစ်ပါတီ၀င် စစ်သားဟောင်း တဦး ဖြစ်ပြီး စည်းကမ်း တင်းကြပ်လွန်းသူ ဖြစ်ပါတယ်။

တအိမ်လုံးက သူ့အမိန့်ကို လိုက်နာရပြီး မကြာခဏဆိုသလို မီရာ အရိုက်ခံရလေ့ ရှိပါတယ်။

ဆရာဝန် လုပ်ချင်ပေမယ့် သူ့ဖခင်က ပေးမလုပ်ခဲ့ပါဘူး။ မီရာ တယောက် တနေ့တခြား စိတ်ညစ်လာပြီး တရုတ်နိုင်ငံမှာ ဘဝသစ် ထူထောင်ဖို့ကိုပဲ တွေးနေမိခဲ့ပါတော့တယ်။

"ကျွန်မ အဖေက ကွန်မြူနစ်ပါတီဝင် တဦး ဖြစ်နေတာဟာ အတော့်ကို စိတ်မွန်းကျပ်စရာ ကောင်းပါတယ်။ ကျမကို နိုင်ငံခြား ရုပ်ရှင်တွေလည်း ကြည့်ခွင့် မပေးဘူး။ အချိန်မှန် အိပ်ရာထပြီး အချိန်မှန် အိပ်ရာ ဝင်ရပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်မနေခဲ့ရပါဘူး"လို့ မီရာ ကပြန်ပြောပြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံအကြား တူမန်မြစ်ကြောင်း တလျှောက် သံစည်းရိုးတွေ ကာရံထား

တူမင်မြစ်တလျှောက် အစောင့်အရှောက်တွေ ထူထူထပ်ထပ် ချထားတဲ့ နယ်စပ်ကို ဖြတ်ရာမှာ ကူနိုင်မယ့် ပွဲစားတယောက်ယောက်ကို ရှာဖို့ မီယာ နှစ်နဲ့ချီ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် သူ့မိသားစုက အစိုးရနဲ့ နီးစပ်တဲ့အတွက် အာဏာပိုင်တွေကို ပြန်သတင်းပေးမှာ စိုးရိမ်ပြီး ပွဲစား အတော်များများက ကူဖို့ ကြောက်ခဲ့ကြပါတယ်။

၄ နှစ်လောက် ကြိုးစားခဲ့အပြီးမှာတော့ သူ့ကို ကူမယ့် ပွဲစားတစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံထဲကနေ ထွက်ပြေးတဲ့ တခြားလူအတော်များများလိုပဲ မီရာ မှာလည်း ပွဲစားကို ချက်ချင်း ပေးဖို့ ငွေ အလုံအလောက် မရှိခဲ့ပါဘူး။

ဒီတော့ အလုပ်လုပ်ပြီးမှ အကြွေးပြန်ဆပ်ဖို့ သဘောတူခဲ့ပါတယ်။

စားသောက်ဆိုင်တခုမှာ အလုပ်လုပ်ရမယ်လို့ မီရာ က ထင်ခဲ့တာပါ။

ဒါပေမယ့် သူအလိမ်ခံခဲ့ရပါတယ်။ မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ အမျိုးသမီးတွေကို လိင်လုပ်ငန်းတွေထဲ သွင်းတဲ့ မှောင်ခို ဂိုဏ်း တဂိုဏ်းရဲ့ စက်ကွင်းထဲ မီရာ ရောက်သွားခဲ့ပါတယ်။

တူမင်မြစ်ကို ဖြတ်အပြီး တရုတ်နိုင်ငံထဲ အဝင်မှာ မီရာ့ ကို ယန်ဂျီ မြို့ဆီ တိုက်ရိုက် ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာ သူ့ကို ညွှန်မှူး ဆိုတဲ့ ကိုရီးယား ဂျပန် ကပြား တဦးလက်ထဲ ထည့်လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Durihana
Image caption မီရာ နဲ့ ဂျီယွန်တို့ ယန်ဂျီမြို့ တိုက်ခန်းကနေ ထွက်ပြေးလာခဲ့အပြီး အနီးက လုံခြုံစိတ်ချရတဲ့ အိမ်တအိမ်ဆီ ဒူရီဟာနာ ပရဟိတ အဖွဲ့က လူတဦးနဲ့ သွားခဲ့ကြပါတယ်။

ယန်ဂျီမြို့ဟာ တရုတ်ပြည်မ အစိုးရရဲ့ ထိန်းချုပ်မှုကနေ အတိုင်းအတာ တခုအထိ လွတ်လပ်ခွင့် ရထားတဲ့ ယန်ဘီယန် ဒေသရဲ့ အချက်အချာ ကျရာ နေရာမှာ ရှိပါတယ်။

အဲဒီမှာ ကိုရီးယား လူမျိုး အတော်များများ နေထိုင်နေပြီး မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေး အချက်အချာ ကျရာ နေရာ တခု ဖြစ်လာခဲ့သလို မြောက်ကိုရီးယားတွေ ပုန်းအောင်း ခိုလှုံရာ တရုတ်မြို့ကြီးတွေထဲမှာ တခု အပါအဝင် ဖြစ်လာခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံကနေ ထွက်ပြေးလာကြသူတွေထဲမှာ အများစုက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

တရုတ်နိုင်ငံမှာ တရားဝင် နေခွင့် မရကြတာကြောင့် အထူးသဖြင့် မြောက်ကိုရီးယား အမျိုးသမီးတွေ အနေနဲ့ မတရား အသုံးချတာကို ခံကြရပါတယ်။

တချို့ကို အထူးသဖြင့် ကျေးလက်ဒေသတွေက တရုတ်အမျိုးသားတွေဆီ မယားအဖြစ် ရောင်းချတာ ခံရပြီး တချို့ကတော့ ပြည့်တန်ဆာ ဒါမှမဟုတ် မီရာ လို အွန်လိုင်း လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ခိုင်းစေခံကြရပါတယ်။

ညွှန်မှူးရဲ့ တိုက်ခန်းကို ရောက်တဲ့အခါ မီရာကို အလုပ်အကြောင်း ညွှန်မှူးက ရှင်းပြပါတယ်။

မီရာ့ကို အမျိုးသမီးတဦးနဲ့ အခန်းတခုထဲမှာ အတူထားထားပြီး အဲဒီ အမျိုးသမီးက သူ့ကို ဘာတွေ လုပ်ရမလဲဆိုတာကို သင်ပြပေးပါတယ်။

"ကျွန်မ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ လူတွေရှေ့မှာ ကိုယ်တုံးလုံး ချွတ်ပြ ရတာဟာ ရှက်စရာ ကောင်းလှပါတယ်။ ကျွန်မ ချုံးပွဲချ ငိုတဲ့အခါ အိမ်ကို လွမ်းလို့ငိုတာလားလို့ သူတို့က မေးကြတယ်"

ဓာတ်ပုံ မူပိုင် Chun Kiwon
Image caption တောင်ကိုရီးယား ညစ်ညမ်း ဝက်ဆိုက်ပေါ်က မီရာ

အဲဒီ ညစ်ညမ်း ဝက်ဆိုက်ကို အသုံးပြုသူ အများစုဟာ တောင်ကိုရီးယား လူမျိုးတွေ ဖြစ်ပါတယ်။

မိနစ်အလိုက် ငွေတောင်းတာ ဖြစ်တဲ့အတွက် အမျိုးသားတွေကို အွန်လိုင်းပေါ်မှာ ကြာနိုင်သမျှ ကြာကြာ နေအောင် အဲဒီ အမျိုးသမီးတွေက သွေးဆောင် ဖြားယောင်းကြပါတယ်။

ကင်မရာ ရှေ့မှာ မီရာ ကြောက်စိတ် ဝင်လာပုံ ပြရင် ညွှန်မှူးက သူ့ကို မြောက်ကိုရီးယား ပြန်ပို့မယ် ဆိုပြီး ခြိမ်းခြောက်တတ်ပါတယ်။

"ကျွန်မရဲ့ မိသားစုဝင်တွေ အားလုံးက အစိုးရ ဝန်ထမ်းတွေပါ။ တကယ်လို့ မြောက်ကိုရီးယားကို ပြန်ရောက်သွားမယ် ဆိုရင် မိသားစု တခုလုံး အရှက်တကွဲ ဖြစ်ကုန်ပါလိမ့်မယ်၊ ပြန်သွားမယ့်အစား ကျွန်မ သေပဲ သေလိုက်ချင်ပါတယ်" လို့ မီရာက ပြောပါတယ်။

တခါမှာဆို အဲဒီတိုက်ခန်းထဲမှာ အမျိုးသမီး ၉ ယောက်လောက်ကို ပိတ်လှောင်ထားတာပါ။ မီရာနဲ့ ပထမဆုံး အတူနေတဲ့ အခန်းဖော်က နောက်မိန်းကလေး တစ်ယောက်နဲ့ ထွက်ပြေး လွတ်မြောက်သွားတဲ့အတွက် နောက်မိန်းကလေး အုပ်တအုပ်နဲ့ အတူ နေခဲ့ရတာပါ။ အဲဒီမှာ ဂျီယွန် နဲ့ စတွေ့ခဲ့တာ ဖြစ်ပါတယ်။

Image caption တောင်ကိုရီးယား သံရုံးဆီ အသွား ခရီးလမ်းမှာ တထောင့်နားစဉ် ပြူတင်းပေါက်ကနေ အပြင်ကို လှမ်းမျှော်ကြည့်နေတဲ့ ဂျီယွန်

၂၀၁၀ ခုနှစ်တုန်းက မြောက်ကိုရီးယား နိုင်ငံကနေ ထွက်ပြေးတုန်းက ဂျီယွန် ဟာ အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။

သူ့အသက် ၂ နှစ်မှာ သူ့မိဘတွေ ကွာရှင်းခဲ့ကြပြီး သူ့မိသားစု ဆင်းရဲတွင်းထဲ ရောက်ခဲ့ပါတယ်။

အသက် ၁၁ နှစ်မှာ ကျောင်းမသွားတော့ဘဲ အလုပ်ထွက်လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ တရုတ်နိုင်ငံကို တနှစ်လောက် အလုပ်သွားလုပ်ပြီး အိမ်ကို ငွေပြန်ပို့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် မီရာ လိုပဲ သူ့ကိုလည်း အွန်လိုင်း လိင်ဖျော်ဖြေရေး လုပ်ငန်းမှာ အလုပ်လုပ်ရမယ်လို့ မပြောဘဲ ပွဲစားက လိမ်ခေါ်သွားခဲ့ပါတယ်။

ယန်ဂျီမြို့ကို ရောက်တဲ့အခါမှာတော့ ညွှန်မှူးက ဂျီယွန်ဟာ အသားမည်း ရုပ်ဆိုးတယ် ဆိုပြီး မြောက်ကိုရီးယားကို ပြန်ပို့ဖို့ ကြိုးစားခဲ့ပါတယ်။

ဒီလို ဖြစ်ခဲ့ပေမယ့် ဂျီယွန် ကိုယ်တိုင်က ပြန်ချင်စိတ် မရှိခဲ့ပါဘူး။

"ဒီအလုပ်ဟာ ကျွန်မ အရွံရှာဆုံး အလုပ်မျိုးပါ၊ ဒါပေမယ့် ကျွန်မ အသက်စွန့်ပြီး တရုတ်နိုင်ငံကို လာခဲ့ရတာ၊ လက်ချည်း ဗလာနဲ့တော့ ပြန်သွားဖို့ စိတ်မကူးပါဘူး" လို့ ဂျီယွန်က ပြောပါတယ်။

"ကျွန်မ အဖိုးနဲ့ အဖွား မကွယ်လွန်ခင် သူတို့ကို ထမင်းနပ် မှန်အောင် ကျွေးချင်ပါသေးတယ်။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်မ ကြံ့ကြံ့ ခံခဲ့တာပါ။ ကျွန်မ မိသားစုကို ငွေပြန်ပို့ချင်လို့ပါ" လို့ ဆိုပါတယ်။

ဂျီယွန် က သူအလုပ် ကောင်းကောင်း လုပ်ရင် ညွှန်မှူးက ဆုချမယ်လို့ ယူဆပြီး အလုပ်ကြိုးစား လုပ်ခဲ့ပါတယ်။

သူ့မိသားစုနဲ့ ပြန် အဆက်အသွယ် လုပ်ခွင့် ပေးမယ်၊ အိမ်ကို ငွေပြန်ပို့ခွင့် ပေးမယ် ဆိုတဲ့ ကတိကို ယုံစားပြီး အလုပ် ကြိုးကြိုးစားစား လုပ်ခဲ့တဲ့အတွက် မကြာခင်မှာပဲ တခြား မိန်းကလေးတွေထက် ငွေပိုရှာပေးနိုင်သူ ဖြစ်လာခဲ့ပါတယ်။

ညွှန်မှူးရဲ့ အသိအမှတ်ပြုတာ ခံချင်လို့၊ ပြီးတော့ မိသားစုနဲ့ အဆက်အသွယ် ပြန်ရချင်လို့၊ အလုပ်ကြိုးစား လုပ်ခဲ့တာ။ တကယ်လို့ အကောင်းဆုံး လုပ်နိုင်ရင် ဒီအလုပ်ကနေ ပထမဆုံး ထွက်ခွင့်ပေးမယ့် မိန်းကလေး ဖြစ်လာမယ်လို့ ကျွန်မက ထင်ခဲ့တာလို့ သူက ပြောပါတယ်။

ဂျီယွန်ဟာ သတ်မှတ်ထားတဲ့ နှုန်း ဖြစ်တဲ့ တနေ့ကို ၁၇၇ ဒေါ်လာ ရအောင် တချို့နေ့တွေဆိုရင် တညကို ၄ နာရီပဲ အိပ်ခဲ့ပြီး အလုပ်ကို အားသွန်ခွန်စိုက် လုပ်ခဲ့ပါတယ်။ သူ့မိသားစုအတွက် ငွေရှာနိုင်ဖို့ အသည်းအသန် ကြိုးစားခဲ့ပါတယ်။

ညွှန်မှူးကို ခံမပြောပဲ အလိုက်သင့် နေဖို့ မီရာ့ကို ဂျီယွန်က မကြာမကြာ ဆုံးမ နှစ်သိမ့်ခဲ့ပါတယ်။

အရင် အလုပ် ကြိုးစားလုပ်၊ အဲဒီလို ကြိုးစားလုပ်လို့မှ ညွှန်မှူးက အိမ်ပြန်မပို့ပေးဘူး ဆိုရင်တော့ ကိုယ်ပြောစရာ ရှိတာ ပြောပေါ့ လို့ မီရာ့ကို ဂျီယွန်က တိုးတိုးတိတ်တိတ် ဆုံးမခဲ့ပါတယ်။

တခြား မိန်းကလေးတွေထက် ငွေပိုရှာပေးတဲ့ နှစ်တွေအတွင်း ညွှန်မှူးက သူ့ကို အတော်လေး မျက်နှာသာ ပေးခဲ့တယ်လို့ ဂျီယွန်က ပြန်ပြောပြပါတယ်။

သူကျွန်မကို တကယ်ပဲ ကရုဏာထားခဲ့တာလို့ ထင်ခဲ့တာ၊ ဒါပေမယ့် ကျွန်မ ငွေရှာတာ နည်းတဲ့ နေ့တွေမှာ သူ့မျက်နှာက ပုံစံ ပြောင်းသွားပါတယ်။ အလုပ်ကောင်းကောင်း မလုပ်ဘူး။ တီဗီ ဇာတ်လမ်းတွဲတွေချည်း ထိုင်ကြည့်နေတယ် ဆိုပြီး အပြစ်ရှာ ကြိမ်းမောင်းတာတွေ လုပ်လာပါတယ်။

Image caption တိုက်ခန်းကနေ ထွက်ပြေးလာတုန်းက ဂျီယွန် ယူလာတဲ့ သူ့ပစ္စည်းတွေပါ။

အဲဒီ တိုက်ခန်းကို ညွှန်မှူးရဲ့ မိသားစုက အနီးကပ် စောင့်ကြပ်နေတာပါ။ သူ့မိဘက ဧည့်ခန်းမှာ အိပ်ပြီး အိမ်ရှေ့ ဝင်ပေါက် တံခါးမကြီးကို သော့ခတ် ထားလေ့ ရှိပါတယ်။

ညွှန်မှူးက မိန်းကလေးတွေအတွက် အစားအသောက် ယူလာပေးပြီး အနားမှာ နေတဲ့ သူ့ညီက မနက်တိုင်း လာပြီး အမှိုက်တွေ ရှင်းပေးပါတယ်။

အဲဒီတိုက်ခန်းထဲမှာ နေရတာ တကယ့်ကို အလုံပိတ် ပါပဲ။ အကျဉ်းထောင်ထက်တောင် ဆိုးပါသေးတယ် လို့ ဂျီယွန်က ပြောပါတယ်။

သူတို့ကို ၆ လ တစ်ခါတော့ အပြင် ပေးထွက်ပါတယ်။ တကယ်လို့ ငွေများများ ရှာပေးနိုင်ရင် တစ်လ တစ်ခါ အပြင်ထွက်ခွင့် ရပါတယ်။ တခါတလေ ရှားရှားပါးပါး ကြုံတောင့် ကြုံခဲ အနေနဲ့ စျေးဝယ်ထွက်ခွင့် ပေးတာတို့ ဆံပင် ထွက်ညှပ်ခွင့် ပေးတာတို့တော့ ရှိပါတယ်။ ဒါပေမယ့် ဘယ်သူနဲ့မှ စကားပြောခွင့် မရှိပါဘူး။

အပြင်ထွက်ရင် ကျွန်မတို့ ထွက်ပြေးမှာ စိုးလို့ ညွှန်မှူးက သမီးရည်စားလို ပုံမျိုးနဲ့ အနားကပ် တွဲလျှောက်လေ့ ရှိပါတယ်။ ဘယ်မှလည်း လျှောက်သွားခွင့် မရှိသလို ဘယ်သူနဲ့မှလည်း စကားပြောခွင့် မရှိပါဘူး၊ ရေပုလင်းတောင် ဝယ်သောက်ခွင့် မရှိပါဘူးလို့ မီရာ က ပြောပြပါတယ်။

သူတို့နေတဲ့ တိုက်ခန်းမှာ မြောက်ကိုရီးယား အမျိုးသမီး တဦးကို မန်နေဂျာ အနေနဲ့ ထားထားပြီး ညွှန်မှူး မရှိတဲ့အခါမျိုးမှာ သူက မျက်လုံး ဒေါက်ထောက် စောင့်ကြည့်နေတတ်ပါတယ်။

Image caption မီရာ ပိုင်ဆိုင်သမျှ အသုံးအဆာင် ပစ္စည်းတွေပါ။

ညွှန်မှူးက မီရာ့ကို အလုပ်ကောင်းကောင်း လုပ်ရင် လူကောင်းတယောက်ယောက်နဲ့ ပေးစားမယ်လို့ ကတိပေးခဲ့ပါတယ်။ ဂျီယွန့်ကိုကျတော့ အလုပ်ကောင်းကောင်း လုပ်ရင် သူ့မိသားစုနဲ့ ဆက်သွယ်ခွင့် ပြုမယ်လို့ ကတိပေးခဲ့ပါတယ်။

သူ့ကို အလုပ်က ထွက်ခွင့် ပေးဖို့ ဂျီယွန်က ပြောတဲ့အခါ ညွှန်မှူးက သူ့လမ်းစရိတ်အတွက် အမေရိကန် ဒေါ်လာ ၅၃၂၀၀ ရှာဖို့ လိုမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ ပွဲစား ရှာမရလို့ သူ့ကို အလုပ်ထွက်ခွင့် မပြုနိုင်ဘူးလို့ ဆိုပါတယ်။

သူတို့ အွန်လိုင်းပေါ်က လိင်ဖျော်ဖြေရေး လုပ်လို့ ရတဲ့ ငွေတွေကို မီရာနဲ့ ဂျီယွန်တို့ တခါမှ မတို့ခဲ့ရပါဘူး။ အမြတ်ငွေ ၃၀ ရာခိုင်နှုန်း ပေးမယ်လို့ ညွှန်မှူးက ကနဦးတုန်းက သဘောတူ ခဲ့ပြီး သူတို့ အလုပ်က ထွက်ရင် ဒီငွေတွေ ရမယ်လို့ ပြောပါတယ်။

ဒါပေမယ့် သူတို့ကို ဘယ်တော့မှ အလုပ်ထွက်ခွင့် ပြုမယ့်ပုံ မရှိဘူး ဆိုတာကို မီရာ နဲ့ ဂျီယွန်တို့ သဘောပေါက်လာခဲ့ကြပြီး စိုးရိမ်သထက် စိုးရိမ်လာခဲ့ကြပါတယ်။

ပုံမှန်ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွေးမိမှာ မဟုတ်ပေမယ့် ကျွန်မ ဆေးသောက် သေဖို့ ကြိုးစားခဲ့သလို ပြူတင်းပေါက်ပေါ်ကနေ ခုန်ချ အဆုံးစီရင်ဖို့ လုပ်ခဲ့ဖူးတယ်လို့ ဂျီယွန်က ပြောပြပါတယ်။

ဒီလိုနဲ့ပဲ အဲဒီ တိုက်ခန်းမှာ ရောက်နေတာ မီရာက ၅ နှစ်၊ ဂျီယွန်က ၈ နှစ် ရှိသွားခဲ့ပါတယ်။

အဲဒီ့နောက် မီရာနဲ့ သုံးနှစ်ကြာလောက် သိကျွမ်းခဲ့တဲ့ မီရာ့ရဲ့ ဖောက်သည် တဦးက မီရာ့ကို သနားစိတ် ဝင်လာပါတယ်။

မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေကို နှစ်ပေါင်း ၂၀ လောက် အကူအညီ ပေးနေတဲ့ ခရစ်ယာန် သင်းအုပ်ဆရာ ချန် ဂီဝမ် နဲ့ မီရာ့ကို ဆက်သွယ်ပေးခဲ့ပါတယ်။

အဲဒီဖောက်သည်က သင်းအုပ်ဆရာနဲ့ ဆက်သွယ် စကားပြောနိုင်အောင် မီရာ ရဲ့ ကွန်ပြူတာ မှာ မက်ဆေ့ပို့နိုင်တဲ့ အက်ပ် တခုလည်း ထည့်ပေးခဲ့ပါတယ်။

Image caption မီရာနဲ့ ဂျီယွန်တို့ တရုတ်နယ်စပ်ကို ဘေးကင်းရန်ကင်း ဖြတ်ကျော်နိုင်ခဲ့တယ် ဆိုတဲ့ မက်ဆေ့ကို သင်းအုပ်ဆရာ ချန် ဂီဝမ် ရခဲ့

သင်းအုပ်ဆရာ ချန် ဂီဝမ်ဟာ မြောက်ကိုရီးယားကနေ ထွက်ပြေးလာကြသူတွေ အကြားမှာ လူသိများပါတယ်။

သူ့ကို ပြန်ပေးသမား၊ လူလိမ်လူညာ ဆိုပြီး မြောက်ကိုရီးယား အစိုးရ ရုပ်မြင်သံကြားပေါ်မှာ မကြာခဏ တိုက်ခိုက် ဖော်ပြလေ့ ရှိပါတယ်။

ဒူရီဟာနာ လို့ အမည်ပေးထားတဲ့ ခရစ်ယာန် ပရဟိတ အဖွဲ့ကို သူစဖွဲ့ခဲ့တဲ့ ၁၉၉၉ ခုနှစ်က စလို့ သူအကူအညီ ပေးခဲ့တဲ့ မြောက်ကိုရီးယား လူမျိုး စုစုပေါင်း ၁၂၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

လာကယ်ဖို့ အကူအညီတောင်းမှုတွေ တစ်လကို နှစ်ခါ၊ သုံးခါ လောက် ရှိပါတယ်။ ဒါပေမယ့် မီရာ နဲ့ ဂျီယွန်တို့ ကိစ္စကတော့ အတော်လေး ဆိုးလွန်းတယ်လို့ သင်းအုပ်ဆရာ ချန် ဂီဝမ် က ပြောပါတယ်။

၃ နှစ်လောက် ပိတ်လှောင် ခံထားရတဲ့ မိန်းကလေးတွေ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်ကြာကြာ ပိတ်လှောင် ခံထားရတာမျိုးတော့ မတွေ့ဖူးသေးပါဘူး။ အတော့်ကို ရင်နာကြေကွဲရပါတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Durihana
Image caption သင်းအုပ်ဆရာ ချန် ဂီဝမ် အကြောင်း မြောက်ကိုရီးယား အစိုးရ ရုပ်မြင်သံကြားမှာ မကြာခဏ တိုက်ခိုက် ပြောဆို

မြောက်ကိုရီးယား အမျိုးသမီးတွေကို လူကုန်ကူးတဲ့ လုပ်ငန်းဟာ ပို စနစ်ကျလာတာ တွေ့ရပြီး နယ်စပ်မှာ စောင့်ကြပ်နေတဲ့ မြောက်ကိုရီးယား စစ်သား တချို့ ပါဝင် ပတ်သက်နေတယ်လို့ သင်းအုပ်ဆရာ ချန် ဂီဝမ် က ပြောပါတယ်။

တရုတ်နယ်စပ်မှာ နေတဲ့ ဒေသခံတွေက မြောက်ကိုရီးယား အမျိုးသမီး လူကုန်ကူးမှုကို ကိုရီးယား ဝက်ကုန်သွယ်မှုလို့ ခေါ်ဝေါ် သုံးနှုန်းလေ့ ရှိပါတယ်။

အမျိုးသမီးတွေကို စျေးသတ်မှတ်တဲ့အခါ ဒေါ်လာ ရာဂဏန်းကနေ ထောင်ဂဏန်း အထိ ရှိတတ်ပါတယ်။

မြောက်ကိုရီးယားကနေ ထွက်ပြေးတဲ့ အမျိုးသမီး အရေအတွက် ကိန်းဂဏန်း အတိအကျကို အစိုးရဆီက ရဖို့ မလွယ်ပေမယ့် ပမာဏ များလွန်းတဲ့အတွက် အထူး စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အဖွဲ့က ထုတ်ဖော်ပြောထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာ ထဲမှာ မြောက်ကိုရီးယား နိုင်ငံကို ကမ္ဘာပေါ်မှာ လူကုန်ကူးမှု အဆိုးဝါးဆုံး နိုင်ငံတစ်ခု အဖြစ် ၁၆ နှစ် ဆက်တိုက် ဖေါ်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Chun Kiwon
Image caption အွန်လိုင်း ညစ်ညမ်း ဝက်ဆိုက်ကနေ တဆင့် ဂျီယွန်ကို သင်းအုပ်ဆရာ ချန် ဂီဝမ် ဆက်သွယ်စကားပြော

သင်းအုပ်ဆရာ ချန် ဂီဝမ် က ဖောက်သည် ယောင်ဆောင်ပြီး ညစ်ညမ်း ဝက်ဆိုက်ကနေတဆင့် မီရာနဲ့ ဂျီယွန်တို့ကို တလလောက် ဆက်သွယ်စကားပြောခဲ့ပါတယ်။

အဲဒီနည်းနဲ့ အလုပ်လုပ်ချင် ယောင်ဆောင်ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးနိုင်ဖို့ စီစဉ်ခဲ့ကြတာပါ။

သူတို့ကို တိုက်ခန်းဆီ ခေါ်သွားတုန်းက မျက်လုံးကို အဝတ်စည်းရင်စည်း ဒါမှမဟုတ် ညဘက် အမှောင်ထဲမှာ ခေါ်သွားလေ့ ရှိတာမို့ ပုံမှန်အားဖြင့်ဆိုရင် ပိတ်လှောင်ခံထားရတဲ့ သူတွေဟာ သူတို့ နေနေရတဲ့ နေရာကို မသိကြပါဘူး။ မီရာနဲ့ ဂျီယွန် တို့က ကံကောင်းချင်တော့ သူတို့ကို ပိတ်လှောင်ထားတဲ့ တိုက်ခန်းအပြင်ဘက်က ဟိုတယ် တခုရဲ့ ဆိုင်းဘုတ်ကို မြင်နေရတော့ သူတို့ ဘယ်မှာလဲ ဆိုတာ ပြောပြနိုင်ခဲ့တယ်လို့ သင်းအုပ်ဆရာ ချန် ဂီဝမ် က ပြောပါတယ်။

သူတို့ကို ပိတ်လှောင်ထားတဲ့ နေရာကို ဂူဂဲလ် မြေပုံကနေ ရှာပြီး ကယ်မယ့် လူတယောက်ကို လွှတ်လိုက်နိုင်ခဲ့ပါတယ်။

Image caption တောင်ကိုရီးယား နိုင်ငံမှာ ခိုလှုံဖို့ မြောက်ကိုရီးယားကနေ ထွက်ပြေးသူတွေ သုံးလေ့ ရှိတဲ့ အဓိက လမ်းကြောင်း

မြောက်ကိုရီးယား နိုင်ငံကနေ ထွက်ပြေးလာသူတွေ တရုတ်နိုင်ငံထဲကနေ ပြန်ထွက်နိုင်ဖို့ ဆိုတာ သိပ်ကို အန္တရာယ် များလှပါတယ်။

အများစုက တတိယ နိုင်ငံတခုထဲ ဝင်သွားပြီး အဲဒီမှာ ရှိတဲ့ တောင်ကိုရီးယား သံရုံးတခုမှာ ခိုလှုံခွင့် တောင်းဖို့ ဆန္ဒ ရှိကြပါတယ်။ သံရုံးက သူတို့ကို တောင်ကိုရီးယားနိုင်ငံဆီ လေယာဉ်နဲ့ ပို့ပေးပြီး ခိုလှုံခွင့် ပေးလေ့ ရှိပါတယ်။

ဒါပေမယ့်လည်း သက်သေခံ မှတ်ပုံတင် မရှိဘဲ တရုတ်နိုင်ငံတဝန်း လှည့်လည် သွားဖို့က သိပ် အန္တရာယ် များပါတယ်။

အရင်တုန်းကတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေက သက်သေခံ ကတ်ပြား အတုတွေနဲ့ ခရီးသွားကြပြီး အဖမ်းမခံရဘဲ လွတ်သွားလေ့ ရှိပါတယ်။ အခုတော့ အာဏာပိုင်တွေက အီလက်ထရောနစ် ကိရိယာတွေ သုံးပြီး စစ်ဆေးလာကြတော့ သက်သေခံ ကတ်ပြား အတုလား အစစ်လား ဆိုတာ ခွဲလာနိုင်ကြပြီ လို့ သင်းအုပ်ဆရာ ချန် ဂီဝမ် က ပြောပြပါတယ်။

သူတို့ကို ပိတ်လှောင်ထားတဲ့ တိုက်ခန်းကနေ ထွက်ပြေး လွတ်မြောက်လာခဲ့အပြီး ဒူရီဟာနာ ပရဟိတ အဖွဲ့သားတွေရဲ့ အကူအညီနဲ့ ဂျီယွန်နဲ့ မီရာတို့ တရုတ်နိုင်ငံကို ဖြတ်ပြီး ခရီးရှည် စခဲ့ပါတယ်။

သက်သေခံ ကတ်ပြား မရှိတာကြောင့် ဟိုတယ်ခန်းတို့၊ ဘော်ဒါဆောင်ခန်းတို့မှာ မတည်းနိုင်ခဲ့ဘဲ ရထားပေါ်မှာ အိပ်ရင်အိပ်၊ ဒါမှမဟုတ် စားသောက်ဆိုင်တွေမှာ တညလုံး ထိုင်နေခဲ့ရတဲ့ နေ့တွေ ရှိခဲ့ပါတယ်။

နောက်ဆုံးနေ့မှာတော့ ၅ နာရီကြာ တောင်ပေါ် ခရီးလမ်း တခု လျှောက်ခဲ့အပြီး တရုတ်နယ်စပ်ကို ဖြတ်၊ အိမ်နီးချင်း နိုင်ငံတခုထဲ ဝင်သွားနိုင်ခဲ့ပါတယ်။ ဘယ်လမ်းကြောင်းကနေ သွားပြီး ဘယ်နိုင်ငံထဲ ဝင်ခဲ့သလဲ ဆိုတာကိုတော့ လျှို့ဝှက်ထားရမှာမို့ ထုတ်မပြောနိုင်ပါဘူး။

Image caption တရုတ်နယ်စပ်က ၅ နာရီကြာ တောင်ပေါ် ခရီးကြမ်းအတွင်း ရခဲ့တဲ့ ဂျီယွန်ရဲ့ ဒဏ်ရာတွေ

ပိတ်လှောင်ထားတဲ့ တိုက်ခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့အပြီး ၁၂ ရက်အကြာမှာ မီရာ နဲ့ ဂျီယွန် တို့ သင်းအုပ်ဆရာ ချန် ဂီဝမ် ကို ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ပါတယ်။

တောင်ကိုရီးယား နိုင်ငံသား ခံယူခွင့် ရချိန် ရောက်မှ လုံးဝ လုံခြုံသွားပြီလို့ ပြောနိုင်မှာပါ။ ဒါပေမယ့် ဆရာ ချန် ဂီဝမ် နဲ့ တွေ့လိုက်ရတာ လုံခြုံတယ်လို့ ခံစားမိပါတယ်။ လွတ်လပ်သွားပြီ ဆိုတဲ့ အသိနဲ့ ကျွန်မ ငိုမိပါတယ်လို့ ဂျီယွန်က ပြောပြပါတယ်။

အနီးဆုံး တောင်ကိုရီးယား သံရုံးကို ရောက်ဖို့ သူတို့ အတူတူ ကားနဲ့ ၂၇ နာရီကြာ သွားခဲ့ရပါတယ်။

Image caption တောင်ကိုရီးယား သံရုံး

မြောက်ကိုရီးယားလူမျိုး တချို့ဟာ ကားနဲ့ ခရီးသွားလေ့ မရှိတဲ့အတွက် ခရီးစဉ် နောက်ဆုံး အပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံရလေ့ ရှိတယ်လို့ သင်းအုပ်ဆရာ ချန် ဂီဝမ် က ပြောပြပါတယ်။

ကားမူးတဲ့ ဝေဒနာ ခံစားကြရလေ့ ရှိပြီး တခါတလေ အော့အန် လွန်းအားကြီးလို့ သတိမေ့သွားတာမျိုးတောင် ဖြစ်တတ်ပါတယ်။ ခရီးလမ်းကလည်း သက်စွန့်ဆံဖျား အန္တရာယ် များတဲ့ လမ်းမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သံရုံးနား ရောက်ခါနီးမှာတော့ မီရာ ရော၊ ဂျီယွန် ပါ စိတ်တွေ လှုပ်ရှားလွန်းလို့ ငိုမလို ရီမလို ဖြစ်ခဲ့ကြပါတယ်။

အဲဒီနောက် သင်းအုပ်ဆရာနဲ့ သူတို့နှစ်ယောက် သံရုံးဂိတ်ထဲ ဝင်သွားကြပါတယ်။ စက္ကန့်ပိုင်း ကြာတဲ့အခါ သင်းအုပ်ဆရာ ချန် ဂီဝမ် တယောက်တည်း ပြန်ထွက်လာခဲ့ပါတယ်။ သူ့တာဝန် ကျေသွားပါပြီ။

မီရာနဲ့ ဂျီယွန်တို့ တောင်ကိုရီးယားနိုင်ငံကို လေယာဉ်နဲ့ တိုက်ရိုက် ထွက်ခွာသွားကြမှာ ဖြစ်ပြီး သူတို့ သူလျှိုတွေ ဟုတ် မဟုတ် ဆိုတာကို အဲဒီမှာ တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့က စေ့စေ့စပ်စပ် စစ်ဆေးမေးမြန်းတာတွေ လုပ်ပါလိမ့်မယ်။

အဲဒီနောက်မှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေကို ထားတဲ့ ဟာနာဝမ် ပြန်လည် နေရာချထားရေး စခန်းမှာ သူတို့ကို ၃ လကြာလောက် ထားထားမှာ ဖြစ်ပြီး တောင်ကိုရီးယားမှာ ဘဝသစ် ထူထောင်တဲ့အခါ အဆင်ပြေအောင် လက်တွေ့ စွမ်းရည်တွေ သင်ကြားပေးမှာ ဖြစ်ပါတယ်။

စျေးဘယ်လို ဝယ်ရလဲ၊ မိုဘိုင်းဖုန်း ဘယ်လို သုံးရလဲ၊ လွတ်လပ်တဲ့ စျေးကွက် စီးပွားရေး စနစ်ရဲ့ အခြေခံမူတွေက ဘာတွေလဲ ဆိုတာတွေကို သင်ယူကြရမှာ ဖြစ်ပြီး အလုပ် သင်တန်းတွေလည်း တက်ခွင့် ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ခံစားခဲ့ရတဲ့ စိတ်ဒုက္ခဝေဒနာတွေ လျော့ပါး သက်သာသွားအောင် တဦးချင်း အကြံပြု ဆွေးနွေးတာမျိုးတွေလည်း လုပ်ပေးပါလိမ့်မယ်။ အဲဒီနောက်မှာတော့ သူတို့ကို တောင်ကိုရီးယား နိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြု ခံရမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ရောက်ရင် ဘာလုပ်ချင်သလဲ လို့ မေးကြည့်တဲ့အခါ မီရာက ကမ္ဘာလှည့် ခရီးသွား လမ်းပြ လုပ်ချင်လို့ အင်္ဂလိပ်စာ ဒါမှမဟုတ် တရုတ်စာ သင်မယ်လို့ ဖြေပါတယ်။

ဂျီယွန် ကတော့ သာမန် ဘဝမျိုးပဲ နေချင်တယ်၊ ကော်ဖီဆိုင်မှာ သူငယ်ချင်းတွေနဲ့ စကားပြောရင်း ကော်ဖီ သောက်ချင်တယ် လို့ ပြောပါတယ်။

တယောက်ယောက်က ပြောဖူးတယ်။ တနေ့ မိုးတိတ်သွားရင် နေရောင်ခြည် အလင်းကို တွေ့ရမှာပေါ့တဲ့၊ ကျွန်မအတွက်ကတော့ မုတ်သုံမိုးရာသီ ရှည်ကြာလွန်းလို့ နေ ရှိတယ် ဆိုတာကိုတော့ မေ့သွားခဲ့ပါပြီလို့ ဂျီယွန်က ပြောသွားခဲ့ပါတယ်။

Image caption နယ်စပ် ဖြတ်ကျော်ခဲ့အပြီး မီရာ နဲ့ ဂျီယွန် တို့ တရုတ်နိုင်ငံဘက်ခြမ်း လှမ်းမျှော်ကြည့်နေပုံ

ဆက်စပ် အကြောင်းအရာများ