ထိုင်း နိုင်ငံရေးမှာ သံဃာတွေ ပါဝင်ခွင့် ပေးဖို့ တောင်းဆိုလှုပ်ရှားလာ

၂၀၀၈ တုန်း က ဝန်ကြီးချုပ် သက်ဆင် ကို ထောက်ခံတဲ့ ဆန္ဒပြပွဲမှာ သံဃာတော် တချို့လည်းပါဝင် ခဲ့ ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၀၈ တုန်း က ဝန်ကြီးချုပ် သက်ဆင် ကို ထောက်ခံတဲ့ ဆန္ဒပြပွဲမှာ သံဃာတော် တချို့လည်းပါဝင် ခဲ့

ထိုင်း နိုင်ငံက ဘုန်းတော်ကြီးကျောင်းတွေ နဲ့ ဘာသာရေး စာသင်ကျောင်းတွေ မှာ နိုင်ငံရေး ဆွေးနွေးတယ် ဆိုတာက လုပ်လေ့ လုပ်ထ ရှိခဲ့ လုပ်ခဲ့ ကြတာပါ။

အရင်တုန်း က ဆိုရင် ဘုန်းတော်ကြီးတွေ နိုင်ငံရေး ဟောပြောပွဲတွေ တက်ရောက် တာ၊ နိုင်ငံရေး စည်းရုံးလှုံ့ဆော်ပွဲတွေ တက်ရောက် တာကို တွေ့မြင်ခဲ့ရဖူးပါတယ်။

၂၀၁၄ ခုနှစ်မှာ ထိုင်းနိုင်ငံ ရဲ့ အာဏာ အရပ်ရပ် ကို လွှဲပြောင်း ရယူ ထားတဲ့ စစ်အစိုးရ ရဲ့ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး ကောင်စီ လက်ထက် မှာတော့ နိုင်ငံရေး တက်ကြွ လှုပ်ရှားတဲ့ သံဃာတော် တွေဟာ သူတို့ ဘေးကင်း လုံခြုံရေး အတွက် နိုင်ငံရေး ကြိုးပမ်း အားထုတ်မှုတွေကို လျော့ချ ခဲ့ရပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်တိုက် တွေဟာ နိုင်ငံရေးမှာ ပါဝင် ပတ်သက် လေလေ အစိုးရရဲ့ မနှစ်မြို့မှုနဲ့ ရင်ဆိုင်ရဖို့ နီးစပ်လေလေပါပဲ။

အရင်တုန်း က ဆနန်လန် ရင်ပြင်ကို နိုင်ငံရေး သမားတွေ လာပြီ ဆိုရင် ဟောပြောပွဲ ကို နားထောင်တဲ့ ကြသူတွေထဲမှာ လူတွေထက် သံဃာ အရေ အတွက် က ပိုများ တယ်လို့ ဆရာတော် တပါး က ဘီဘီစီ ထိုင်းဌာန ကို မိန့် ပါတယ်။

လက်ရှိ အချိန်မှာတော့ ဒါတွေ အားလုံး ပြောင်းလဲ သွားခဲ့ပြီလို့ ဆရာတော်က ဆိုပါတယ်။ ဆရာတော်က သူ့ ရဲ့ ဘွဲ့အမည် ကိုတော့ လုံခြုံရေးစိုးရိမ်လို့ မိန့်ကြားခြင်း မရှိပါဘူး။

အခုတော့ ဘုန်းတော်ကြီးတွေကို အစိုးရ က တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေတယ်လို့လည်း ပြောပါတယ်။ ဘာသာရေး ပွဲလမ်း အတွက် တခြား သံဃာ တွေနဲ့ အစည်းအဝေး လုပ်တာမျိုးနဲ့ အလှူ ပစ္စည်း လက်ခံ တဲ့ ကိစ္စ တွေတောင်မှ အင်မတန်မှ ခက်ခဲ သွားပြီလို့ ဆရာတော်က မိန့်ကြားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption နိုင်ငံရေးမှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြမှု

လွန်ခဲ့တဲ့ ငါးနှစ် အတွင်းမှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေး အရှုပ်အထွေး တွေကြောင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေ ရဲ့ အခြေအနေ တွေဟာလည်း ပြောင်းလဲ ခဲ့ရပါတယ်။

သံဃာတော် အများအပြား ဟာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရသလို၊ လူဝတ်လဲ ခြင်း ခံခဲ့ရတဲ့ သံဃာတော် တွေလည်း တော်တော်များများ ရှိပါတယ်။

ထိုင်း အစိုးရ ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ကလည်း ရှင်းရှင်းလင်းလင်း ပြောဆို ထားပြီးသားပါ။ သံဃာ့ အဖွဲ့အစည်း တွေကို အစိုးရ အနေနဲ့ ထောက်ပံ့ ကူညီ မှုတွေ လုပ်နေဦးမှာပါ။

ဒါပေမယ့် လှူဒါန်းမှု ငွေကြေးတွေ ကို အလွဲသုံးစားမှု နဲ့ ဝါဒဖြန့်ချီရေး သင်ကြား မှုတွေ ကိုတော့ စောင့်ကြည့် သွားဦးမှာ ဖြစ်ပြီး ဒါတွေက ရောနှော လို့ မရတဲ့၊ အထိခိုက် မခံတဲ့ ကိစ္စတွေ ဖြစ်တယ်လို့ ပြောရေး ဆိုခွင့် ရှိသူ ပူတစ်ပေါင် ပန်နာကန် ဆိုပါတယ်။

နိုင်ငံရေး ရောထွေးမှု မရှိဘဲ ဗုဒ္ဓ လမ်းစဉ် ကို လိုက်နာ တဲ့ သံဃာတော်တွေ အနေနဲ့ ဘာမှ စိုးရိမ် စရာ မရှိဘူးလို့လည်း အစိုးရ ပြောရေး ဆိုခွင့် ရှိသူက ဆိုပါတယ်။

သံဃာတော် တွေ ရဲ့ အခွင့်အရေး ကို အစိုးရ က ဖိနှိပ် နေတယ်ဆိုတဲ့ ပြောဆို မှုတွေကို ပုံမှန် သံဃာ့စည်းမျဉ်းအတိုင်းနေတဲ့ ဘုန်းကြီးတွေကတော့ လက်ခံမှာ မဟုတ်ဘူးလို့ သူ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေများတွင် မဲပေးခွင့် မရှိရလို့ ပြဋ္ဌာန်းထား

ဘုန်းတော်ကြီးတွေက လူနည်းစု

သံဃာတော် တွေ နိုင်ငံရေးမှာ ပါဝင် ပတ်သက်ခြင်း မရှိရဘူးဆိုတာ ကို ထိုင်း နိုင်ငံရဲ့ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေ နဲ့ နိုင်ငံရေး ပါတီများ ဥပဒေ မှာ အတိ အလင်း ပြဋ္ဌာန်း ထားပါတယ်။

သံဃာတော်တွေဟာ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိသလို၊ ရွေးကောက်ခံခွင့်၊ နိုင်ငံရေး ရာထူး ရယူတာ၊ ပါတီဝင် အဖြစ် ဆောင်ရွက် တာတွေကို လုံးဝ လုပ်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်း ထားတာပါ။

အခြေခံ ဥပဒေ အပိုဒ် ခွဲ ၂၅၂၁ မှာ ဖော်ပြ ထားတာ က သံဃာတော် တွေ၊ သီလရှင် တွေ၊ ကိုရင်တွေ၊ တရားဟော ဆရာတွေ နဲ့ ရသေ့ တွေဟာ မဲပေး ခွင့် မရှိဘူး လို့ ပြဋ္ဌာန်း ထားပါတယ်။

ဒါပေမယ့် ဘုန်းတော်ကြီးတွေ မဲပေးခွင့် မရှိဘူးလို့ ဥပဒေ ပြဋ္ဌာန်း ထားတာကြောင့် သာသနာ့ အဖွဲ့အစည်း တွေကို အကာအကွယ်ပေးဖို့ လိုအပ် လာတဲ့ အခါမှာ ညှိနှိုင်း ဆုံးဖြတ်ခွင့် တွေ သံဃာတော်တွေ အနေနဲ့ ဆုံးရှုံး သွားကြောင်း နိုင်ငံရေး လေ့လာသူ တချို့ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် PHRAMAHA THANONG
Image caption သံဃာတော်တွေ မဲပေးခွင့် ရဖို့ အတွက် ဥပဒေ ကို ပြင်ဆင် ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင် ကို တောင်း ဆိုမှုလုပ်

သံဃာတော် တွေ ဟာ ထိုင်း နိုင်ငံသားတွေ ဖြစ်တာကြောင့် နိုင်ငံ့ အရေး မှာ ဖယ်ရှား ခြင်း မလုပ်သင့်ဘူးလို့ နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓ သာသနာတော် ကာကွယ်ရေး အဖွဲ့ က ဆရာတော် မဟာ သောင်နွမ် ဝီဆူဆီလို က မိန့်ကြား ပါတယ်။

ထိုင်းနိုင်ငံမှာ သံဃာ အရေအတွက် က နည်းပါးတဲ့ အတွက် ကိုယ့်ရဲ့ ပြဿနာ တွေကို ထင်ဟပ် ပြောပြ ဖို့ အခွင့်အရေး မရှိဘူးလို့ လည်း ပြောပါတယ်။ ဒီလို ဥပဒေ တွေ အပေါ်မှာ သံဃာတော်တွေ သဘောတူသလား ဆိုတာ တွေကို ဥပဒေပြဋ္ဌာန်း သူတွေ အနေနဲ့ မေးမြန်း ခဲ့ခြင်း မရှိဘူးလို့ ဘီဘီစီ ထိုင်းဌာနကို ဆရာတော်က မိန့်တော်မူပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်း၊ မြန်မာ နဲ့ ဘူတန် နိုင်ငံတွေမှာ မဲမပေးရ တားမြစ်ထား

ဗုဒ္ဓဘာသာ နဲ့ နိုင်ငံရေး

ကမ္ဘာပေါ်မှာ ထိုင်း၊ မြန်မာ နဲ့ ဘူတန် ၃ နိုင်ငံက ပဲ ဘုန်းတော်ကြီးတွေ နိုင်ငံရေး မှာ ပါဝင်ပတ်သက်ခွင့် ကို တားမြစ် ထားတာ ဖြစ်ကြောင်း ကိမ်းဘရစ် တက္ကသိုလ် က နိုင်ငံရေး လေ့လာသူ ပါမောက္ခ ဒေါက်တာ သောမတ် လာဆင် က သူ့ရဲ့ စာတမ်း ထဲမှာ ဖော်ပြ ထားပါတယ်။

အဲဒီ နိုင်ငံ က လူတွေဟာ ဘုန်းတော်ကြီးတွေကို ယုံကြည်မှု ပိုများတဲ့ အတွက် ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ရရင် နိုင်ခြေ ပိုများတယ်လို့ သူ့ရဲ့ စာတမ်း ထဲမှာ ထည့်သွင်း ရေးသား ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption သံဃာတော်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေအကြား က ထိပ်တိုက် ရင်ဆိုင်မှု

သီရိလင်္ကာ နိုင်ငံမှာတော့ ဒီလိုမျိုး တားမြစ် ချက်တွေ မရှိပါဘူး။ သီရိလင်္ကာ သံဃာ တပါး ဟာ ဆိုရင် အောက်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံထားရပါတယ်။

ထိုင်းနိုင်ငံမှာ သံဃာတော်တွေ နိုင်ငံရေး ထဲမှာ ပါဝင် ခွင့် ရဖို့ လူမှုကွန်ရက်မှာ လှုပ်ရှား တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်း က ဆိုရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်ခဲ့တဲ့ ဆရာတော် ဆာမန် ကမ်ပီးပန်ညို ဟာ သံဃာတော် တွေ မဲပေးခွင့် ရဖို့ အတွက် ဥပဒေ ကို ပြင်ဆင် ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင် ကို ကိုယ်တိုင် သွားရောက်ပြီး တောင်း ဆိုမှု လုပ်ခဲ့ ဖူးပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဘာသာရေး မှာ အစိုးရ အနေနဲ့ ပါဝင် ပတ်သက်ခြင်း မရှိဖို့ တောင်းဆို လှုပ်ရှားမှုများ

ပိုမိုကောင်းမွန်တဲ့ အဖွဲ့အစည်း ဖြစ်ဖို့

ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ မှာ အရင်ကနဲ့ မတူတဲ့ ကွဲပြားခြားနားမှုတွေ ရှိနေခဲ့ပြီလို့ ဆရာတော် မဟာ သောင်နွမ် က ရှင်းပြ ပါတယ်။

အခုဆိုရင် သံဃာ တွေဟာ ကွဲပြားတဲ့ နိုင်ငံရေးပါတီ တွေကို ထောက်ခံမှု ပေးနေကြသူတွေ အဖြစ် နာမည်တပ် ခံနေရတယ်လို့လည်း မိန့်ကြား ပါတယ်။

မတူတဲ့ ဘုန်းကြီးကျောင်းက မတူကွဲပြားတဲ့ ယုံကြည် ကိုးကွယ်မှု ရှိသူ သံဃာတော် တွေဟာ ရှပ်နီ(အင်္ကျီနီ) ထောက်ခံသူတွေ၊ ရှပ်ဝါ (အင်္ကျီဝါ) ထောက်ခံသူတွေ အဖြစ် ခွဲခြား ခံနေရတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၀၆ ခုနှစ်တုန်း က ဝန်ကြီးချုပ် သက်ဆင်ကို ဆန္ဒပြတဲ့ အနေနဲ့ ဘုန်းတော်ကြီးများ သတင်းစာဖတ် ပြီး ကန့်ကွက်မှု များ ပြုလုပ်နေစဉ်

အစိုးရ ကို ထောက်ခံတဲ့ ဘုန်းကြီးတွေ၊ အစိုးရ ကို ဆန့်ကျင်တဲ့ ဘုန်းကြီးတွေ အဖြစ် သမုတ် ခံနေရကြောင်း၊ ဒါတွေ အားလုံး က နိုင်ငံရေး ပဋိပက္ခ တွေကနေ ပေါ်ပေါက် လာတဲ့ အခြေအနေတွေ ဖြစ်တယ်လို့ ဆရာတော် မဟာ သောင်နွမ် က မိန့်ကြားပါတယ်။

ထိုင်း အစိုး ရကတော့ ဒါတွေဟာ ဘုန်းကြီးကျောင်း တွေမှာ စီမံအုပ်ချုပ်မှု လျော့နည်း ခဲ့လို့ ဖြစ်ပေါ် ခဲ့တာ ဖြစ်ပြီး အစိုးရ အနေနဲ့ ဒီ လို အခြေအနေတွေကို ပြောင်းလဲ ပြင်ဆင်ဖို့ ဆုံးဖြတ် ခဲ့ရတယ်လို ပြောရေး ဆိုခွင့် ရှိသူ မစ္စတာ ပူတစ်ပေါင် က ရှင်းပြပါတယ်။

မကြာသေးခင် ကာလ က ထိုင်း နိုင်ငံမှာ အလှူငွေတွေကို အလွဲသုံးစား လုပ်တာ တွေ၊ တချို့ ဘုန်းကြီးတွေရဲ့ မလျော်မကန် ပြုမူနေထိုင် မှုတွေကြောင့် လူတွေ ကြားထဲမှာ ဝေဖန်ပြောဆိုမှုတွေ ဖြစ်ပေါ် ခဲ့ဖူးပါတယ်။

ဒါတွေ ကြောင့်ပဲ ပိုမိုကောင်းမွန်တဲ့ ဗုဒ္ဓဘာသာ အဖွဲ့အစည်း ဖြစ်ဖို့ အစိုးရ အနေနဲ့ မဖြစ်မနေ ဝင်ရောက် ကိုင်တွယ် ဖို့ ဆုံးဖြတ် ခဲ့ရတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် အခြေခံဥပဒေမှာ ထည့်သွင်းပေးဖို့ တောင်းလှုပ်ရှားမှု

တခြားဘာသာတွေရဲ့ ခြိမ်းခြောက်မှု

၂၀၀၅ ခုနှစ် ကနေ စတင်ပြီး ထိုင်းတောင်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် တွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွား ခဲ့ပြီးနောက်မှာ အစ္စလာမ် ဘာသာ က ထိုင်းနိုင်ငံ ကို တဖြည်း ဖြည်း နဲ့ လွှမ်းမိုး လာပြီလို့ တောင်ပိုင်း ဒေသမှာ နေသူ တွေက ယူဆ ကြ ပါတယ်။

ဘုန်းကြီးကျောင်းတွေ မီးရှို့ဖျက်ဆီး ခံရတာတွေ၊ သံဃာတော် တွေကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခံရမှုတွေ နဲ့ အစ္စလာမ်မစ် အစွန်းရောက်တွေ ရဲ့ အဖွဲ့အစည်း တွေ ဖြစ်ပေါ် လာမှုကိုလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြပါတယ်။

အဲဒီ ဒေသမှာ အစ္စလာမ်မစ် ထိုင်း ဘဏ် လုပ်ငန်းကြီး ပေါ်ပေါက်လာတာ၊ မွတ်ဆလင် ဦးရေ တိုးပွားလာတာ အပြင် သူတို့ ဝတ်ပြု ဆုတောင်းတဲ့ ဗလီ တွေ တိုးပွား လာတာ တွေဟာ ဗုဒ္ဓဘသာ ကို ခြိမ်းခြောက် လာမှုတွေ အဖြစ် ရှုမြင်လာ ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ထိုင်းနိုင်ငံ တောင်ပိုင်းက ဆွမ်းခံ သံဃာများ ကို စစ်သား တဉီးမှ လိုက်ပါ စောင့်ရှောက်

ဗုဒ္ဓဘာသာ ကို ကယ်တင်ဖို့

အဲဒီလို ဗုဒ္ဓဘာသာအပေါ်မှာ ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ ကိစ္စ တွေကို ကိုင်စွဲပြီး နိုင်ငံရေးမှာ သံဃာတော် တွေ ပါဝင် ခွင့်ပေးဖို့ တချို့ တက်ကြွ လှုပ်ရှား သူတွေက တောင်းဆို ကြပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ဓမ္မမြေ (Land of Dhama) ဆိုတဲ့ ပါတီ ဟာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိပြီး ဗုဒ္ဓဘာသာ ကို ကယ်တင်ဖို့ ဦးတည် ဆောင်ရွက် မယ်လို့ ဆိုပါတယ်။ သူတို့ က ကိုယ်ကျင့်တရားနဲ့ နိုင်ငံ ကို ဦးဆောင်အံ့ ဆိုပြီး ကြွေးကြော် လာပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်း ကလည်း နိုင်ငံရေး ပါတီ ၂ ခု ဟာ ဗုဒ္ဓဘာသာကို ကာကွယ်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရွေးကောက်ပွဲ ကော်မရှင် ကို တင်ပြပြီး နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံ တင် ခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် WASAWAT LUKHARANG/BBC THAI
Image caption ဓမ္မကာရ ဘုန်းကြီးကျောင်းကို ထိန်းချုပ် နယ်မြေ အဖြစ် ၂၀၁၇ ခုနှစ်မှာ သတ်မှတ်

ဒါကို ဘုန်းတော်ကြီးတွေကလည်း လက်ခံ ကြပြီး နိုင်ငံရေး မှာ ဘုန်းကြီး တွေရဲ့ အသံတွေ ပျောက်ဆုံး နေတာ ကို ဖော်ဆောင် နိုင်မယ့် အခွင့်အရေး အဖြစ် ရှုမြင် ကြောင်း ဆရာတော် မဟာ သောင်နွမ် က မိန့်ကြားပါတယ်။

ထိုင်း လူမျိုး တွေ ဟာ ဗုဒ္ဓဘာသာ ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုတဲ့ ဝါဒ ဖြန့်မှုတွေကို အလွယ်တကူ ယုံကြည် နိုင်ကြောင်း စင်္ကာပူ အခြေစိုက် အရှေ့တောင်အာရှ လေ့လာရေး အဖွဲ့ကြီး မှာ သုတေသန လုပ်နေတဲ့ ဒေါက်တာ ခတ်ဝါဒီ ကုလပ်ကရူး က ဆိုပါတယ်။

အဲဒီလို ခြိမ်းခြောက် ခံနေရမှုတွေကို အစိုးရ အနေနဲ့ အကူအညီ ပေးဖို့ ဘာမူဝါဒ မှ ရှိမနေဘူး လို့ ထိုင်း နိုင်ငံ သားတွေ က လက်ခံထားကြောင်း သူက ဆိုပါတယ်။

ဗုဒ္ဓဘာသာ ကို ကာကွယ်ရေး ဆိုတဲ့ လှုပ်ရှား တောင်းဆိုမှုတွေ လုပ်လာတဲ့ နိုင်ငံရေး ပါတီ တွေဟာ လူတွေ ကြားထဲမှာ အလွယ်တကူ ရေပန်းစား လာ နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

ဓာတ်ပုံ မူပိုင် PARIS JITPENTOM/BBC THAI
Image caption ချူလာလောင်ကွန် တက္ကသိုလ် ဥပေဒ ရေးရာ ဌာန က ဆရာ မန်သောင် တုန်ဆာ ကူယန်ယန်

ဗုဒ္ဓဘာသာ လွှမ်းမိုးမှု

၁၉၉၇၊ ၂၀၀၇ နဲ့ ၂၀၁၆ ခုနှစ်တွေတုန်း က ထိုင်းနိုင်ငံမှာ ဗုဒ္ဓဘာသာ ကို နိုင်ငံ တော် ဘာသာ အဖြစ် ပြဋ္ဌာန်း ပေးဖို့ တောင်းဆိုမှု တွေ ဖြစ်ပေါ် ခဲ့ဖူးပါတယ်။ ဒီ အချက် ကို အစိုးရ အနေနဲ့ အခြေခံ ဥပဒေ ထဲမှာ ထည့်သွင်း ရေး ဆွဲပေးဖို့ အနည်းဆုံး လူ တစ်သိန်း လောက်ဟာ လက်မှတ်ရေးထိုးပြီး တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ဟာ နိုင်ငံတော် ဘာသာ ဆိုတဲ့ အချက် ကို အခြေခံ ဥပဒေ ထဲမှာ ထည့်သွင်းပေးဖို့ တောင်းဆိုမှုတွေ အောင်မြင် ခဲ့ခြင်း မရှိခဲ့ပေမယ့် ထေရဝါဒ ဗုဒ္ဓလမ်းစဉ် ကို ကျောင်းတွေမှာ သင်ကြား စေရေး ဆိုတဲ့ အချက် ကိုတော့ အစိုးရ က ပထမဆုံး ထောက်ခံ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption လူနည်းစု တွေရဲ့ ယုံကြည်မှုတွေ ကို ဖယ်ထုတ်ဖို့ ကြိုးစားတာ တွေဟာ ဘာသာရေး ပဋိပက္ခ ဖြစ်ဖို့ ဦးတည်စေ

အခု နောက်ဆုံး ပြဋ္ဌာန်းလိုက်တဲ့ အခြေခံ ဥပဒေ ထဲမှာ ဗုဒ္ဓဘာသာ ကို နိုင်ငံတော် ဘာသာ အဖြစ် အတိအလင်း ပြဋ္ဌာန်း ပြောဆို တာမျိုး မရှိပေမယ့် အရင်က ပါဝင်ခဲ့တဲ့ ကိုးကွယ်ယုံကြည်မှု ခြားနားခြင်း တွေဟာ နားလည်မှု ရှိရှိ သဟဇာတ ဖြစ်ရမယ် ဆိုတဲ့ အချက် ကိုတော့ ပယ်ဖျက် ခဲ့ပါတယ်။

အရင် အစိုးရ အဆက်ဆက် တုန်း က ပြဋ္ဌာန်း ခဲ့တဲ့ အခြေခံ ဥပဒေ ၂ ခုမှာ ဒီ အချက် ကို ထည့်သွင်း ရေးဆွဲ ခဲ့တာဖြစ်ပေမယ့် လက်ရှိ စစ်အစိုးရ လက်ထက် မှာတော့ ဒါကို ပယ်ဖျက် ခဲ့တာပါ။

အစိုးရ အနေနဲ့ ထေရဝါဒ လမ်းစဉ် မဟုတ်တဲ့ ဝတ်ဖရာ ဓမ္မကာရ အဖွဲ့ အစည်း ကို ဖယ်ရှားဖို့ ဦးတည်တဲ့ လုပ်ဆောင်ချက် ဖြစ်နိုင်တယ်လို့ သူ့ အနေနဲ့ ယုံကြည်ကြောင်း ချူလာလောင်ကွန်း တက္ကသိုလ်၊ ဥပဒေ ဌာန က ဆရာ မန်သောင် တုန်ဆာ ကူယန်ယန် က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်း ထီးနန်းကို စော်ကားမှု ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ ကုလတိုက်တွန်း

လူအများစု ကိုးကွယ် တဲ့ ဘာသာ ကို အစိုးရ အနေနဲ့ ထောက်ပံ့ဖို့ ရည်ရွယ် လုပ်ဆောင် လာတာ၊ လူနည်းစု တွေရဲ့ ယုံကြည်မှုတွေ ကို ဖယ်ထုတ်ဖို့ ကြိုးစားတာ တွေဟာ ဘာသာရေး ပဋိပက္ခ ဖြစ်ဖို့ ဦးတည်စေတယ်လို့ သူက ဆိုပါတယ်။

ဒီလို အချက်အလက်တွေကြောင့် နိုင်ငံရေးမှာ ဘာသာရေး လွှမ်းမိုးမှုတွေ ဖြစ်ပေါ် လာမှာ ကို နိုင်ငံ အများအပြားက စိုးရိမ်နေ ကြတာ ဖြစ်ပါတယ်။ နိုင်ငံရေး မှာ ဘာသာရေး လွှမ်းမိုးမှု မရှိစေရေး ဆိုတဲ့ အကြောင်း ချင်းရာ တွေ ဟာ အနောက်နဲ့ အရှေ့ နိုင်ငံတွေ အကြားမှာ ကွာခြား မှု ရှိပါတယ်။

လက်ရှိ အချိန် ထိုင်း နိုင်ငံမှာတော့ အစိုးရ နဲ့ ဘာသာရေး အကြားမှာ ညီညွှတ်မှု မျှတစွာ ရှိနေဆဲပါ။ သံဃာတော်တွေဟာ လူ့ဘောင် အဖွဲ့အစည်း ရဲ့ အထက် မှာ ရှိပါတယ်။

ဒါပေမယ့် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ မှာ တော့ ဘုန်းကြီး ကျောင်းတွေ အသုံးပြုပြီး အစည်းအဝေး လုပ်တာ၊ ဆွေးနွေးပွဲတွေ လုပ်တာ တွေ အပြင် လူ့အဖွဲ့အစည်းကို ပဋိပက္ခ ဖြစ်စေမယ့် လှုပ်ရှား မှုတွေ မလုပ်ဖို့ ထိုင်း နိုင်ငံ ရဲ့ အမြင့်ဆုံး သံဃာ့ ကောင်စီ က ကြေညာ ထားခဲ့ပါတယ်။

ဒီလိုမျိုး ကြေညာချက် ကို ၁၉၉၅ ခုနှစ်တုန်း ကလည်း ထုတ်ပြန် ခဲ့ဖူးပြီး ဒါဟာ နိုင်ငံရေး အရ ဝင်ရောက် စွက်ဖက် မှု လုပ်တာ ဆိုတဲ့ ရှုမြင်မှုမျိုးတွေလည်း ရှိခဲ့ပါတယ်။