အိန္ဒိယ ရွေးကောက်ပွဲ ကျင်းပခါနီးမှာပဲ ပရီယန်ကာ ဂန္ဒီ နိုင်ငံရေးလောကထဲ ဝင်လာ

ပရီယန်ကာ ဂန္ဒီ၊ အိန္ဒိယ၊ နိုင်ငံရေး ဓာတ်ပုံ မူပိုင် AFP
Image caption ပရီယန်ကာ ဂန္ဒီဟာ မဲဆန္ဒရှင် ပြည်သူတွေနဲ့ အပြန်အလှန် အချိတ်အဆက် နားလည်မှု ရှိ

အိန္ဒိယနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကြီး မကျင်းပခင် လပိုင်းအလိုမှာပဲ ကွန်ဂရက်ပါတီ ခေါင်းဆောင် ရာဟူးလ် ဂန္ဒီရဲ့ ညီမငယ် ပရီယန်ကာ ဂန္ဒီဟာ နိုင်ငံရေးလောကထဲ တရားဝင် ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

ထက်ထက်မြက်မြက်ရှိတဲ့ ပရီယန်ကာ ဂန္ဒီဟာ နိုင်ငံ အရှေ့ပိုင်းက အရေးပါတဲ့ အူတာ ပရာဒက်ရှ်ပြည်နယ်က နေရာတချို့မှာ ပါတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အရင် ရွေးကောက်ပွဲတွေတုန်းက ပရီယန်ကာ ဂန္ဒီဟာ သူ့အကို ရာဟူးလ်၊ မိခင် ဆိုနီယာ တို့နဲ့ အတူ အားသွန်ခွန်စိုက် မဲဆွယ် စည်းရုံးမှုတွေ လုပ်ခဲ့ပေမယ့် နိုင်ငံရေး လောကမှာ တရားဝင် အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်ဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။

ကွန်ဂရက်ပါတီရဲ့ မဲဆွယ် စည်းရုံးမှုတွေမှာ ပရီယန်ကာ ဂန္ဒီက အားသစ် သွန်းလောင်းပေးလိမ့်မယ်လို့ အကဲခတ်တွေက ပြောနေကြပါတယ်။

အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ ကွန်ဂရက် ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ BJP ပါတီကို ခွက်ခွက်လန် ရှုံးခဲ့ပြီးကတည်းက ပြန်နလံ မထူနိုင်ခဲ့ပါဘူး။

၂၀၁၄ နဲ့ ၂၀၁၈ ခုနှစ်တွေအတွင်း ကွန်ဂရက်ပါတီရဲ့ ရှုံးနိမ့်မှုတွေဟာ အစ်ကို ဖြစ်သူ ရာဟူးလ် ဂန္ဒီ ရဲ့ ဦးဆောင်မှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်လို့ အတော်များများက ပြစ်တင် ဝေဖန်ခဲ့ကြပြီး ပရီယန်ကာ ဂန္ဒီကတော့ သူတို့ မောင်နှစ်မတွေထဲမှာ လူကြိုက် ပိုများသူ ဖြစ်ပါတယ်။

လတ်တလော ပြည်နယ် ရွေးကောက်ပွဲတွေမှာ ကွန်ဂရက်ပါတီက တချို့နေရာတွေမှာ ပြန်ခြေကုပ် ယူနိုင်ခဲ့ပေမယ့် BJP ပါတီကို အနိုင်ရဖို့၊ အာဏာ ပြန်ရနိုင်ဖို့ကတော့ ကွန်ဂရက်ပါတီအတွက် ခက်ခဲတဲ့ စိန်ခေါ်မှုကြီး ဖြစ်နေဆဲပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption သူ့မိခင် ဆိုနီယာ ဂန္ဒီရဲ့ မဲဆွယ်ပွဲတွေမှာ လိုက်ပါဆောင်ရွက်ခဲ့သူ ပရီယန်ကာ

ပရီယန်ကာ ဂန္ဒီ နိုင်ငံရေး လောကထဲ ဝင်တော့မယ် ဆိုတဲ့ ကောလာဟလတွေ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြည့်နှက် ထွက်ပေါ်နေပေမယ့် ဇန်နဝါရီ ၂၃ ရက်မှာတော့ ကွန်ဂရက်ပါတီက တွစ်တာ စာမျက်နှာပေါ်ကနေ အတည်ပြုလိုက်ပါတယ်။

ပရီယန်ကာ ဂန္ဒီ နိုင်ငံရေး လောကထဲ ခြေစုံပစ် ဝင်လာပြီ ဆိုတဲ့အကြောင်း အိန္ဒိယ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကြေညာလိုက်တဲ့နေ့ တစ်နေ့လုံး နေရာယူထားပြီး လူထောင်ပေါင်း များစွာကလည်း သူ့အကြောင်း တွစ်တာပေါ်မှာ ရေးနေကြပါတယ်။

ရာဟူးလ် ဂန္ဒီက လာမယ့် ရွေးကောက်ပွဲအတွက် သူ့ညီမ ပါဝင် ကူညီတာကို သူသိပ်ဝမ်းသာတယ်၊ သူ့ညီမက သိပ်ကို လုပ်နိုင်စွမ်း ရှိပါတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

ပရီယန်ကာ ဂန္ဒီကို ပိုကြီးမားတဲ့ အခန်းကဏ္ဍတစ်ခုမှာ ပါဝင် ဆောင်ရွက်ဖို့ ပါတီထဲက လူအတော်များများက တောင်းဆိုနေကြတာ နှစ်နဲ့ချီ ရှိနေပါပြီ။ ဒါပေမယ့် ကလေးနှစ်ယောက် မိခင်၊ အသက် ၄၇ ခုနှစ်အရွယ် ပရီယန်ကာ ဂန္ဒီက နိုင်ငံရေး လောကထဲမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ဖို့ကို စိတ်ဆန္ဒ သိပ်မပါဘဲ ရှိခဲ့တာပါ။

အရင် ရွေးကောက်ပွဲတွေတုန်းက ပရီယန်ကာ ဂန္ဒီဟာ သူ့အစ်ကိုနဲ့ မိခင်တို့ရဲ့ မဲဆန္ဒနယ်တွေ ဖြစ်တဲ့ အမက်သီ ပြည်နယ်နဲ့ ရေး ဘရယ်လီ ပြည်နယ်တွေမှာပဲ မဲဆွယ် စည်းရုံးခဲ့ပါတယ်။

အဲဒီပြည်နယ်တွေမှာ မဲဆန္ဒရှင် ပြည်သူတွေက သူ့ကို အထင်ကြီး လေးစားကြတာ တွေ့ရပါတယ်။

ဝန်ကြီးချုပ်ဟောင်းတွေ ဖြစ်ခဲ့တဲ့ အဘွားဖြစ်သူ အင်ဒီရာ ဂန္ဒီနဲ့ ဖခင် ရာဟူးလ် ဂန္ဒီတို့ ရွေးကောက်ပွဲ အများအပြားမှာ အနိုင်ရခဲ့တဲ့ အဲဒီ ပြည်နယ်တွေမှာ ဂန္ဒီ မိသားစုကို ဒေသခံတွေက အထူး ကြည်ညို လေးစားကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၈ တုန်းက ရာဂျစ်ဂန္ဒီ အောက်မေ့ဖွယ်အခမ်းအနားတစ်ခုမှာ တွေ့ရတဲ့ ဆိုနီယာဂန္ဒီနဲ့ သားသမီး နှစ်ဦး

ပရီယန်ကာ ဂန္ဒီကို လူချစ်လူခင် များတဲ့ သူ့အဘွားနဲ့ တူတယ်လို့ ကွန်ဂရက်ပါတီ ခေါင်းဆောင်တွေ၊ အလုပ်သမားတွေ၊ ပါတီ ထောက်ခံအားပေးသူတွေက ခိုင်းနှိုင်းပြောလေ့ ရှိကြပြီး ပရီယန်ကာ ဂန္ဒီကို ပါတီမှာ အခုလို တရားဝင် နေရာပေး ခန့်အပ်လိုက်တာနဲ့ ပတ်သက်လို့ အားတက်သရော ကြိုဆိုခဲ့ကြပါတယ်။

BJP ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဆမ်ဘစ် ပက်ထရာ ကတော့ ပရီယန်ကာ ဂန္ဒီကို အခုလို ခန့်အပ် တာဝန်ပေးလိုက်တာဟာ ပါတီခေါင်းဆောင်အဖြစ် ရာဟူးလ် ဂန္ဒီ စွမ်းဆောင်နိုင်မှု မရှိတာကို ထုတ်ဖော် ဝန်ခံလိုက်တာပဲလို့ ပြောပါတယ်။

ဒါပေမယ့် ပရီယန်ကာ ဂန္ဒီကို အခုလို တာဝန်ပေးလိုက်ခြင်းအားဖြင့် အူတာ ပရာဒက်ရှ် ပြည်နယ်မှာ ကွန်ဂရက်ပါတီ တိုးတက်မှု ရလာမယ့် အလားအလာ ရှိတယ်လို့ အကဲခတ်တွေက တွက်ဆထားပါတယ်။

အူတာ ပရာဒက်ရှ်ပြည်နယ်ဟာ ပါလီမန်မှာ အမတ် အရေအတွက် အများဆုံး ဝင်တဲ့ ပြည်နယ်ဖြစ်ပါတယ်။

ပရီယန်ကာ ဂန္ဒီဟာ စီးပွားရေး လုပ်ငန်းရှင် ရောဘတ် ဗာဒရာ နဲ့ လက်ထပ်ထားသူ ဖြစ်ပါတယ်။ သူဟာ ဟာယာနာ ပြည်နယ်နဲ့ ရာဂျက်စတန် ပြည်နယ်တွေမှာ သူ့ရဲ့ အိမ်မြေ အရောင်းအဝယ် လုပ်ငန်းမှာ မတော်တလျော် လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်း စစ်ဆေး ခံနေရပါတယ်။

မစ္စတာ ဗာဒရာနဲ့ ဂန္ဒီ မိသားစုကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး BJP ပါတီ အစိုးရဟာ နိုင်ငံရေးအရ အပြစ်လိုက်ရှာနေတယ်လို့ တုံ့ပြန် စွပ်စွဲနေပါတယ်။

ဆက်စပ် အကြောင်းအရာများ