မလေးရှားနိုင်ငံမှာ ဘုရင်ကို ဘယ်လို ရွေးချယ် တင်မြှောက်သလဲ။

မလေးရှား၊ ဘုရင်၊ ဆူလ်တန် ဓာတ်ပုံ မူပိုင် AFP/Getty Imagea
Image caption ပါဟန်းပြည်နယ်ရဲ့ ဆူလ်တန်ဘုရင် အဗ္ဗဒူလာ ကို မလေးရှား ဘုရင်သစ်အဖြစ် ရွေးချယ် တင်မြှောက်လိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ ပဉ္စမမြောက် ဆူလ်တန်မိုဟာမက် ဘုရင် ရုတ်တရက် ထီးနန်းစွန့်သွားခဲ့အပြီး ပါဟန်းပြည်နယ်ရဲ့ ဆူလ်တန် အဗ္ဗဒူလာကို မလေးရှား ဘုရင်သစ်အဖြစ် ရွေးကောက် တင်မြှောက်လိုက်ပါတယ်။

ပဉ္စမမြောက် ဆူလ်တန်မိုဟာမက်ဟာ ထီးနန်း သက်တမ်း နှစ်နှစ်အကြာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရုတ်တရက် ထီးနန်းစွန့်သွားခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ မလေးရှား ဘုရင်သမိုင်းမှာ ပထမဆုံး အကြိမ် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ တစ်မူကွဲပြားတဲ့ ထီးနန်းအုပ်ချုပ်မှု ဆိုင်ရာဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ် ထားရှိပြီး မလေးရှား ဘုရင်အဖြစ် ပြည်နယ် ၉ ခုက ဘုရင်တွေကို ၅ နှစ်တစ်ခါ ရွေးကောက် တင်မြှောက်လေ့ ရှိပါတယ်။

တကယ်တန်းမှာတော့ မလေးရှားနိုင်ငံမှာ ဘုရင်ကို ပြယုဂ် အဖြစ်သာ ထားရှိပြီး နိုင်ငံအုပ်ချုပ်မှုတွေမှာ ပါဝင်ပတ်သက်မှု သိပ်မရှိလှပါဘူး။

အခု တင်မြှောက်လိုက်တဲ့ ဆူလ်တန်အဗ္ဗဒူလာ ဘုရင်ဟာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ မျှော်လင့်ရပါတယ်။

သူဟာ ပြီးခဲ့တဲ့လကမှာ ပါဟန်းပြည်နယ်ရဲ့ ဆူလ်တန်ဘုရင်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption ဇန်နဝါရီလတုန်းက ပဉ္စမမြောက် ဆူလ်တန်မိုဟာမက် ဘုရင် ရုတ်တရက် ထီးနန်းစွန့်သွားခဲ့ပါတယ်။

အရင် ပဉ္စမမြောက် ဆူလ်တန်မိုဟာမက်ဟာ အသက် ၄၇ ခုနှစ် အရွယ်မှာ ဘုရင် ဖြစ်လာခဲ့ပြီး ကားပြိုင်မောင်းတာ၊ သေနတ်ပစ်တာမျိုးလို စွန့်စားရတဲ့ အားကစားမျိုးတွေကို ဝါသနာပါသူအဖြစ် အများက သိကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကတော့ သူဟာ ကျန်းမာရေး အကြောင်းပြပြီး ခွင့်ရက်ရှည် ယူခဲ့ပါတယ်။ လကုန်ပိုင်းလောက်မှာတော့ ပဉ္စမမြောက် ဆူလ်တန်မိုဟာမက် ဘုရင် နဲ့ ရုရှားက အလှမယ်ဟောင်း တစ်ယောက် မော်စကိုမြို့မှာ လက်ထပ်တဲ့ ပုံတွေ လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာပါတယ်။

ဒါပေမယ့်လည်း သူဘာ့ကြောင့် ထီးနန်းစွန့်ခဲ့တာလဲ ဆိုတာကိုတော့ အကြောင်းပြချက် တစုံတရာ မပေးခဲ့ပါဘူး။


မလေးရှားဘုရင် ရွေးချယ် တင်မြှောက်ပုံစနစ်

ဗြိတိသျှ အင်ပါယာ လက်အောက်ကနေ လွတ်လပ်ရေး ကြေညာခဲ့ချိန် ၁၉၅၇ ခုနှစ်က စလို့ မလေးရှား ဘုရင် ရွေးကောက်တင်မြှောက်တဲ့ စနစ် စတင်ခဲ့တာပါ။

မလေးရှားနိုင်ငံမှာ ပြည်နယ်ပေါင်း ၁၃ ခုနဲ့ ဖွဲ့စည်းထားတာပါ။

မလေးရှားနိုင်ငံရဲ့ အုပ်ချုပ်ရေး ကောင်စီထဲမှာ တော်ဝင် မိသားစုဝင် ဘုရင်တွေ အုပ်ချုပ်တဲ့ ပြည်နယ် ၉ ခုက ကိုယ်စားလှယ် တစ်ဦးစီနဲ့ တော်ဝင်မိသားစု မဟုတ်သူတွေ အုပ်ချုပ်တဲ့ ကျန်တဲ့ ပြည်နယ် ၄ ခုက အုပ်ချုပ်ရေးမှူးတွေ ပါဝင်ပါတယ်။

ဘုရင် အုပ်ချုပ်တဲ့ ပြည်နယ် ၉ ခု က တော်ဝင်ဘုရင်တွေက ၅ နှစ်တစ်ခါ ဆိုသလို နောက်တက်မယ့် ဘုရင်ကို သူတို့အချင်းချင်းကြား ရွေးချယ် တင်မြှောက်လေ့ရှိပါတယ်။

ဘုရင်သစ်ကို ဘယ်လို ရွေးချယ်သလဲ

အဲဒီဘုရင် ၉ ပါးကို နောင်တက်မယ့် ဆူလ်တန် ဘုရင်ရဲ့ အမည် ပါတဲ့ မဲပြား ပေးပါတယ်။ အဲဒီ့အခါ အဆို တင်သွင်းထားတဲ့ ဆူလ်တန် ဘုရင်ဟာ ဘုရင်ဖြစ်ဖို့ သင့်တော်သလား မသင့်တော်ဘူးလား ဆိုတာကို ဘုရင် ၉ ပါးက လျှို့ဝှက်မဲ ပေးရပါတယ်။

ဘုရင် ဖြစ်ဖို့အတွက် အနည်းဆုံး ၅ မဲ ရဖို့ လိုပါတယ်။ တကယ်လို့ မဲအလုံအလောက် မရဘူး၊ ဒါမှမဟုတ် ကာယကံရှင်က ဘုရင်အဖြစ် တာဝန်ယူဖို့ ငြင်းတယ် ဆိုရင် နောင်အလှည့်ကျတဲ့ ဘုရင်ရဲ့ အမည်ကို အဆိုတင်သွင်းပြီး မဲရွေးချယ်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ထပ်လုပ်ရမှာ ဖြစ်ပါတယ်။

ဘယ်သူက ဘာမဲထည့်တယ် ဆိုတာ လျှို့ဝှက်ထားဖို့အတွက် ဘုရင် ၉ ပါးကို နံပါတ် မတပ်ထားတဲ့ မဲပြားနဲ့ ဘောပင် ဆင်တူပေးပြီး မဲပေးစေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဇန်နဝါရီလ ၂၄ ရက်က ဆူလ်တန်ဘုရင်တွေကြား ဘုရင်သစ်ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်

မလေးရှား ဘုရင်ကို ဘယ်လို အာဏာ ပေးထားသလဲ

မလေးရှား ဘုရင်ရဲ့ အခန်းကဏ္ဍဟာ ပြယုဂ် သဘောမျိုးသာ ရှိပြီး အုပ်ချုပ်ပိုင်ခွင့် အာဏာဟာ ပါလီမန်နဲ့ ဝန်ကြီးချုပ်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။

ဒါပေမယ့် ဝန်ကြီးချုပ် ရွေးချယ်ခန့်အပ်မှုလို အရေးပါတဲ့ ရွေးချယ်မှုမျိုးမှာ ဘုရင်က ကြီးကြပ် ဆောင်ရွက်လေ့ရှိပြီး မလေးရှားနိုင်ငံရဲ့ အစ္စလာမ် ဘာသာရေး အကြီးအကဲ အဖြစ်နဲ့ရော ကာကွယ်ရေး ဦးစီးချုပ် အဖြစ်ပါ တာဝန်ယူထားပါတယ်။

ဒါ့အပြင် ဘုရင်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့ အာဏာလည်း ရှိပါတယ်။

ထိန်းသိမ်းခံထားရတဲ့ အတိုက်အခံ ခေါင်းဆောင်ဟောင်း အန်နဝါ အီဘရာဟင်ကို မနှစ်က ရွေးကောက်ပွဲ ကာလအတွင်း သူ့ရဲ့ ညွန့်ပေါင်း ပါတီ အနိုင်ရခဲ့အပြီးမှာ ပဉ္စမမြောက် ဆူလ်တန်မိုဟာမက် ဘုရင်က လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပါတယ်။

အန်နဝါ အီဘရာဟင်ဟာ ပုံမှန် မဟုတ်တဲ့ လိင်ဆက်ဆံမှုနဲ့ ပြစ်မှုထင်ရှားခံထားရတာ ဖြစ်ပြီး ဒါဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတယ်လို့ အများက ယူဆခဲ့ကြတာပါ။

ပဉ္စမမြောက် ဆူလ်တန်မိုဟာမက် ဘုရင် ထီးနန်း စွန့်သွားခဲ့အပြီးမှာ တော်ဝင် ဘုရင်မိသားစုကို မကြာသေးခင်က လူမှုကွန်ရက် ပေါ်မှာ ဝေဖန်တဲ့ သူမှန်သမျှကို အွန်လိုင်းပေါ်ကနေ စောင့်ကြည့်နေပြီး အဲဒီလူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို ဖေါ်ပြတာတွေ တွေ့လာရပါတယ်။

တော်ဝင် ဘုရင် မိသားစုကို ဝေဖန် သူတွေ ဆိုတဲ့ လူပုဂ္ဂိုလ် ၈ ဦးရဲ့ အမည်ကို ဖေ့စ်ဘုတ် စာမျက်နှာတစ်ခုမှာ ဖော်ပြထားတယ်လို့ မလေး မေးလ် သတင်းစာပါ သတင်းအရ သိရပါတယ်။

အဲဒီထဲက အနည်းဆုံး ၃ ဦးကို နိုင်ငံတော် ပုန်ကန်မှု အက်ဥပဒေအရ စစ်ဆေးနေပြီး ၄ ဦးကို အလုပ်က ထုတ်တာမျိုး၊ ရာထူးချတာမျိုး၊ အလုပ်ကနေ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ