တရုတ် ကုမ္ပဏီတွေက အသက် ၃၀ ကျော် အရွယ် မိန်းမပျို ဝန်ထမ်းတွေကို ခွင့်ယူပြီး ကြင်ဖော်ရှာခိုင်း

တရုတ်၊ အမျိုးသမီး၊ ၃၀ကျော်အရွယ်၊ ရည်းစား ဓာတ်ပုံ မူပိုင် Getty Images
Image caption မိန်းမပျိုတွေ လက်ထပ်ထိမ်းမြား၊ ရင်သွေးယူကြဖို့ တရုတ်အစိုးရ တိုက်တွန်း

တရုတ်နိုင်ငံမှာ သန်းပေါင်း ရာနဲ့ ချီတဲ့ လူတွေဟာ တရုတ်နှစ်သစ်ကူးအတွက် ခွင့်ရက်ရှည် ယူပြီး မိသားစုတွေနဲ့ တွေ့ဖို့ ပြင်နေကြပါတယ်။

ဒါပေမယ့် ကိုယ်က အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်မယ်၊ အိမ်ထောင်လည်း မရှိဘူးဆိုရင်တော့ တချို့ကုမ္ပဏီတွေက ခွင့်ပိုပေးပါတယ်။ ပုံမှန်ရတဲ့ ခွင့် ၇ ရက် အပြင် နောက်ထပ် အပို ခွင့် ၈ ရက်တောင် ရကြဦးမှာပါ။

အဲဒီခွင့်ကတော့ သူတို့ အိမ်ထောင်ဖက်ရှာနိုင်ဖို့ ကုမ္ပဏီက ခွင့်အပို ထပ်ပေးတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ဂျိုးမြို့မှာ ရှိတဲ့ ကုမ္ပဏီနှစ်ခုက မဖြစ်မနေ အလုပ်ဆင်းဖို့ မလိုတဲ့ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတွေကို ကြင်ယာရှာဖို့ ခွင့်ရက် အပိုတွေ ပေးဖို့ စီစဉ်နေတဲ့အကြောင်း South China Morning Post သတင်းစာကြီးမှာ ဖော်ပြထားပါတယ်။

အဲဒီမြို့က ကျောင်းတစ်ကျောင်းမှာ အပျိုဆရာမတစ်ဦးကို ကြင်ယာ ရှာဖို့ ခွင့်ရက် ပိုပေးခဲ့အပြီးမှာ ဒီကုမ္ပဏီတွေကလည်း လိုက်လုပ်လာကြတာပါ။

အပျိုဟိုင်းကြီးတွေ

တရုတ်နိုင်ငံမှာ အိမ်ထောင်မရှိတဲ့ အသက် ၃၀ နီးပါး မိန်းမပျိုလေးတွေဆိုရင် တရုတ်လို "ရှန်နူး" (အပျိုဟိုင်းကြီးတွေ) လို့ ရည်ညွှန်း ခေါ်လေ့ ရှိကြပါတယ်။

အလုပ်အကိုင်ကို ဦးစားပေး အာရုံစိုက်သူတွေ၊ ဒါမှမဟုတ် အပျိုဘဝမှာပဲ မွေ့လျော်ဖို့ ဆုံးဖြတ်သူတွေ ပိုပိုများလာနေတဲ့အတွက် တရုတ်နိုင်ငံမှာ အပျိုဟိုင်းကြီးတွေ များတာဟာ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်လာနေပါတယ်။

ဒါပေမယ့် အမျိုးသမီးတွေ အိမ်ထောင်ပြုကြဖို့ ဖိအားပေးမှုတွေကတော့ ဆက်ရှိနေဆဲ ဖြစ်ပြီး သက်ကြီး ရွယ်အိုတွေ များလာနေတဲ့အတွက် အလုပ်လုပ်နိုင်တဲ့ လုပ်သားထု လျော့ပါးလာနေတဲ့အပေါ် တရုတ်အစိုးရအနေနဲ့လည်း စိုးရိမ်မှုတွေ ပိုများလာနေရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ် မိန်းမပျိုလေးတွေဟာ သူတို့ရဲ့ အလုပ်ပေါ်မှာပဲ အာရုံပိုစိုက်လာနေကြပြီး အိမ်ထောင်မပြုဘဲ နေဖို့ ဆုံးဖြတ်တာမျိုးတွေ တနေ့တခြား ပိုများလာနေပါတယ်။

"အပျိုဟိုင်းကြီးတွေ" ၊ "တရုတ်နိုင်ငံမှာ အမျိုးသမီး ဝါဒ ပေါ်ထွန်းလာခြင်း" စတဲ့ စာအုပ်တွေ ရေးသားခဲ့သူ Leta Hong Fincher ဆိုတဲ့ စာရေးဆရာမကတော့ ဒါဟာ အသက် ၃၀ နီးပါး အရွယ် အိမ်ထောင်မပြုသေးတဲ့ အမျိုးသမီးတွေကို နှိမ့်ချ ကဲ့ရဲ့ဖို့ အစိုးရက အကွက်ကျကျ ဝါဒဖြန့် လုပ်ဆောင်မှုတစ်ခု ဖြစ်တယ်လို့ ယူဆနေပါတယ်။

ဒါဟာ အထူးသဖြင့် ပညာတတ် အမျိုးသမီးတွေကို အိမ်ထောင် သားမွေး လုပ်ခိုင်းဖို့ အစိုးရရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာနေ

၂၀၁၅ ခုနှစ်မှာ အစိုးရက တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း မူဝါဒကို အဆုံးသတ်ခဲ့ပေမယ့်လည်း တရုတ်နိုင်ငံမှာ ကလေး မွေးဖွားမှုနှုန်းက ဆက်ကျဆင်းနေဆဲ ဖြစ်ပါတယ်။ အိမ်ထောင်ပြုတဲ့ နှုန်းဟာလည်း ၂၀၁၃ ခုနှစ်က စလို့ နှစ်စဉ် ကျဆင်းလာနေပါတယ်။

၂၀၁၈ ခုနှစ်မှာ ကလေးမွေးဖွားမှုဟာ ၁၅ သန်းလောက်ပဲ ရှိခဲ့ပြီး အရင်နှစ်နဲ့စာရင် ၂ သန်းကျော် လျော့သွားပါတယ်။

တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း မူဝါဒကြောင့် မိသားစုတွေ အနေနဲ့ ယောက်ျားလေးတွေကိုပဲ လိုချင်ကြတဲ့အတွက် တရုတ်နိုင်ငံမှာ ကျား-မ အရေအတွက်ဟာ အကြီးအကျယ် မညီမမျှ ဖြစ်နေရတယ်လို့ စာရေးဆရာမ Leta Hong Fincher က ပြောပါတယ်။

"တရုတ်နိုင်ငံမှာ အမျိုးသမီးတွေ တကယ့်ကို ရှားပါးနေပါတယ်။ အစိုးရ ကိန်းဂဏန်းတွေအရဆိုရင် လောလောဆယ်မှာ အမျိုးသမီးထက် အမျိုးသား အရေအတွက်က အနည်းဆုံး သန်း ၃၀ ပိုများနေတယ်"လို့ သူက ပြောပါတယ်။

တရုတ် လူမှု ဆိုရှယ် သိပ္ပံ ဌာနရဲ့ ခန့်မှန်းချက်အရ လာမယ့် နှစ် ၅၀ အတွင်း တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ခုလက်ရှိ ၁.၄ ဘီလီယံကနေ ၁.၂ ဘီလီယံအထိ လျော့ကျသွားနိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ်နိုင်ငံမှာ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ ရပ်ဆိုင်းခဲ့ပေမယ့် ကလေးမွေးဖွားနှုန်းက ဆက်ကျဆင်းနေဆဲ

တခါ တရုတ်နိုင်ငံမှာ သက်ကြီးရွယ်အိုတွေ ပိုများနေတာမို့ ပြည်သူ့ဘဏ္ဍာနဲ့ လူမှုဖူလုံရေး စနစ်တွေမှာ ဖိအားတွေနဲ့ အကြီးအကျယ် ရင်ဆိုင်လာရဖွယ် ရှိနေပါတယ်။

ကြင်ယာ ရှာဖို့ အရေး

ဒါပေမယ့် အခု ခွင့်ရက် အပို ပေးလိုက်ခြင်းအားဖြင့် အမျိုးသမီးတွေ ကြင်ယာရှာ၊ ကလေးတွေ မွေးဖို့ ဘယ်လောက် အထောက်အကူ ပြုမလဲ ဆိုတာကတော့ အသေအချာ မသိပါဘူး။

ဟန်ဂျိုး ဆောင်ချန်း ကုမ္ပဏီရဲ့ လူ့စွမ်းအားအရင်းအမြစ် မန်နေဂျာ ဟွမ်လေ က "အမျိုးသမီး ဝန်ထမ်း တချို့ဟာ ပြင်ပလောကနဲ့ ထိတွေ့ ဆက်ဆံမှု နည်းသထက် နည်းလာနေပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေနဲ့ တွေ့ဆုံနိုင်ဖို့ အချိန် နဲ့ အခွင့်အရေး ပိုရနိုင်ဖို့ အမျိုးသမီးတွေကို ခွင့်တွေ ပိုပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ ပြောပါတယ်။

ကြင်ယာ ရှာဖို့ ဒီလို ခွင့်ရက် ပိုပေးတာကို ဝန်ထမ်းတွေက လိုလိုလားလား ကြိုဆိုကြတယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့် စာရေးဆရာမ Leta Hong Fincher ကတော့ ဒီလုပ်ဆောင်ချက်ဟာ သိပ်ထိရောက်မယ့်ပုံ မရှိဘူးလို့ ယူဆနေပါတယ်။

"ဒါဟာ အစိုးရရဲ့ စမ်းသပ်မှု ပေါ်လစီ အများကြီးထဲက တစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ တက်သုတ်ရိုက်ပြီး အိမ်ထောင် သားမွေး လုပ်ကြမယ့် အခြေအနေမျိုးတော့ မရှိပါဘူး" လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ