ဗင်နီဇွဲလားမှာ နိုင်ငံရေးသမားတွေရဲ့ ငရဲခန်းဖြစ်သွားတဲ့ ဗိသုကာလက်ရာတခု

El Helicoide, Caracas, Venezuela ဓာတ်ပုံ မူပိုင် Archivo Fotografía Urbana / Proyecto Helicoide
Image caption တချိန်က ဗင်နီဇွဲလားနိုင်ငံ ကာရာကာ့စ်မြို့က ထင်ရှားတဲ့ ဗိသုကာလက်ရာ အယ် ဟယ်လီကွိုက် အဆောက်အအုံကြီး

ဗင်နီဇွဲလားနိုင်ငံရဲ့ မြို့တော် ကာရာကာ့စ်မြို့ မြို့လည်မှာ ဆောက်လုပ်ထားခဲ့တဲ့ ထူးခြားကြီးကျယ်တဲ့ အာကာသခေတ်၊ ဗိသုကာလက်ရာ အယ် ဟယ်လီကွိုက် အဆောက်အအုံကြီးဟာ မြို့ကို အပေါ်က စီးကြည့်နေသလိုပါပဲ။

ဒီ အယ် ဟယ်လီကွိုက် အဆောက်အအုံကြီးဟာ တချိန်က ကြွယ်ဝချမ်းသာပြီး ခေတ်ကောင်းခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ သင်္ကေတဖြစ်ခဲ့ပါတယ်။

ဒီကနေ့ ဗင်နီဇွဲလားနိုင်ငံဟာ လက်တင်အမေရိကမှာ သြဇာကြီးမားတဲ့ နိုင်ငံအဖြစ်ကနေ စီးပွားရေးဆုတ်ယုတ်ပြီး အကျပ်အတည်းမျိုးစုံကြုံနေတဲ့ နိုင်ငံဖြစ်လာနေချိန်မှာ ဒီအဆောက်အအုံကြီးဟာလည်း လူတွေ အကြောက်ရွံ့ဆုံး အကျဉ်းထောင်ကြီး တခု ဖြစ်လာခဲ့ပါတယ်။

အဆောက်အအုံ သမိုင်းကြောင်း

အယ် ဟယ်လီကွိုက် အဆောက်အအုံကြီးကို ၁၉၅၀ ပြည့်လွန်ကာလ ဗင်နီဇွဲလားနိုင်ငံ ရေနံကရတဲ့ ဝင်ငွေတွေနဲ့ ချမ်းသာကြွယ်ဝခဲ့ချိန်မှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကြီး အပြီး စီးပွားရေး အကြီးအကျယ် တိုးတက်လာချိန်မှာ အာဏာရှင် Marcos Perez Jimenez ဟာ ခေတ်မှီတိုးတက်တဲ့ နိုင်ငံအဖြစ် ဗင်နီဇွဲလားကို ပုံဖေါ်လိုတဲ့ ဆန္ဒရှိနေခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အခုတော့ အယ် ဟယ်လီကွိုက်ဟာ ဘိုလီဗီယန်း အမျိုးသားထောက်လှမ်းရေးအဖွဲ့ ရဲ့ ဌာနချုပ်ဖြစ်နေပါပြီ။

အမြဲ ခေတ်မှီနေစေရမယ် ဆိုတဲ့ အယူအဆနဲ့ ဆောက်လုပ်ခဲ့တာလို့ ကြီးမားတဲ့ စျေးရုံကြီး ဘဝကနေ အကျဉ်းထောင်အဖြစ် ကျဆင်းသွားခဲ့တဲ့ အယ် ဟယ်လီကွိုက် ကျဆုံးခန်း Downward Spiral စာအုပ်ကို ပူးတွဲရေးသားခဲ့တဲ့ ယူကေနိုင်ငံ အက်စ်ဆက်စ် တက္ကသိုလ် လက်တင်အမေရိက လေ့လာမှုဌာန ညွှန်ကြားရေးမှုး ဒေါက်တာ လီဆာ ဘလက်မိုးက ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ ၁၉၄၈ ခုနှစ်ကစလို့ စစ်အာဏာရှင်စနစ်ကို စတင်ခဲ့ပြီး သူတို့ရဲ့ ခံယူချက်က ဆောက်လုပ်ရေးနဲ့ တိုးတက်စေရမယ်ဆိုတာ ဖြစ်တယ်လို့ ဒေါက်တာ ဘလက်မိုးကပြောပါတယ်။

အယ် ဟယ်လီကွိုက်ကို ကားနဲ့ မောင်းပြီး ဝင်ရောက် စျေးဝယ်ယူနိုင်မယ့် ကမ္ဘာ့ ပထမဆုံး စျေးရုံကြီးအဖြစ် တည်ဆောက်ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပြီး ကြောင်လိမ်အတက် ကားလမ်းတွေနဲ့ စျေးဆိုင် ၃၀၀ မှာ ဝယ်ယူနိုင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

အဆောက်အအုံက ကြီးလွန်းလို့ ကာရာကာ့စ် တမြို့လုံးကတောင် မြင်နိုင်ပါတယ်။

ဒီအဆောက်အအုံမှာ ရဟတ်ယာဉ်ဆင်းကွင်းတစ်ခုနဲ့ ဟော်တယ် တစ်ခု ပါမယ် ၊ရွေ့လျား စက်လှေခါးတွေနဲ့ ခေတ်မှီနည်းပညာတွေ သုံးမယ်၊ အဆောက်အအုံ အမိုးကို အထူးမှာယူထားတဲ့ လိပ်ခုံးပုံ အမိုး မိုးမယ် စသဖြင့် ကြံရွယ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၅၈ ခုနှစ်မှာ အာဏာရှင် Perez Jimenez ဖယ်ရှားခံခဲ့ရပြီးတဲ့နောက် ဒီအဆောက်အအုံကြီး ဆောက်ဖို့ အခက်ကြုံသွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Archivo Fotografía Urbana / Proyecto Helicoide
Image caption ကျောက်တုံးတွေနဲ့ ထုဆစ် ဆောက်လုပ်ပြီး ကြောင်လိမ်အတက် ကားလမ်းတွေနဲ့ ဆိုင်ဆန် ၃၀၀ ကို ကားနဲ့ စျေးဝင်ဝယ်နိုင်ဖို့ မူလ ရည်ရွယ်ခဲ့

ကြောက်ရွံ့စရာနေရာကြီး ဘယ်လိုဖြစ်လာသလဲ

ဆောက်လက်စနဲ့ ရပ်ဆိုင်းထားခဲ့ရတဲ့ ဒီ အဆောက်အအုံကြီးဟာ နှစ်အတော်ကြာ ဒီအတိုင်းရှိနေခဲ့ပါတယ်။ စီမံကိန်း အမျိုးမျိုးနဲ့ ဆက်ဆောက်နိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ အစိုးရက ဒီအဆောက်အအုံမှာ အစိုးရဌာနတချို့ရဲ့ ရုံးတွေ ကို ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီထဲမှာ အစိုးရ ထောက်လှမ်းရေးအဖွဲ့တွေအနက် အရေးအပါဆုံးSEBIN လို့ ခေါ်တဲ့ ထောက်လှမ်းရေးဌာနလည်းပါဝင်ပါတယ်။

အဲဒီအချိန်ကစလို့ ဒီအဆောက်အအုံကြီးဟာ လူတွေ ကြောက်ရွံ့စရာ နေရာကြီးဖြစ်လာခဲ့ပါတယ်။ ထောက်လှမ်းရေးအဖွဲ့က ရိုးရိုး ရာဇဝတ်မှုနဲ့ ပတ်သက်သူရော နိုင်ငံရေးနဲ့ ပတ်သက်သူတွေကိုရော ဒီမှာ ထိန်းသိမ်းထားလေ့ ရှိပါတယ်။

ထိန်းသိမ်းခံခဲ့ဘူးသူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေ၊ သူတို့ရဲ့ ရှေ့နေတွေ၊ သူတို့ကို အကူအညီပေးတဲ့ အန်ဂျီအိုတွေအပြင် ဒီထိန်းသိမ်းရေး စခန်းကို စောင့်ကြပ်ခဲ့တဲ့ အရင် အစောင့် နှစ်ဦးကို ဘီဘီစီက မေးမြန်းပြီး ဒီ အယ် ဟယ်လီကွိုက် အဆောက်အအုံမှာ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာ စုံစမ်း ဖေါ်ထုတ်ခဲ့ပါတယ်။

ရော့စမစ်မန်တီလာဟာ အယ် ဟယ်လီကွိုက်ကို မေလ ၂၀၁၄ ခုနှစ်မှာ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်က တနိုင်ငံလုံး တုန်လှုပ်သွားခဲ့ရတဲ့ ကြီးမားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုအတွင်း ထိန်သိမ်းခံခဲ့ရတဲ့ လူ သုံးထောင်ကျော် အထဲမှာ သူလည်းအပါအဝင်ဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် သူဟာ ထင်ရှားတဲ့ နိုင်ငံရေးလှုပ်ရှားသူတဦးဖြစ်ပြီး လိင်တူချစ်သူများ အခွင့်အရေး ပွင့်ပွင့်လင်းလင်း ပြောဆို တိုက်ပွဲဝင်သူလည်း ဖြစ်ပါတယ်။ သူထိန်းသိမ်း ခံနေရတဲ့ ကာလအတွင်း ရွေးကောက်ခံခဲ့ရလို့ ဗင်နီဇွဲလားနိုင်ငံရဲ့ ပထမဆုံး လိင်တူချစ်သူ ကွန်ကရက် အမတ် ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၄ ကနေ ၂၀၁၇ အတွင်း အစိုးရ ဆန့်ကျင်ရေးဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့သူတွေ ထောင်ချီ ဖမ်းဆီးခံခဲ့ရပါတယ်။

စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်း

ဗင်နီဇွဲလား ပြည်သူတွေရဲ့ ဘဝဟာ တဖြေးဖြေး ပိုဆိုးရွားလာခဲ့ပါတယ်။ ငွေကြေးဖေါင်းပွမှု၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေနဲ့ အစိုးရဌာနတွေ ပြိုလဲ လုနီးနီး ဖြစ်လာခဲ့ပါတယ်။

အယ် ဟယ်လီကွိုက်မှာလည်း အခြေအနေတွေက အထိန်းအကွပ်မရှိ ဖြစ်နေခဲ့ပါတယ်။ ဘတ်စကားတွေနဲ့ အပြည့် အကျဉ်းသားတွေ နေ့စဉ် ရောက်လာနေခဲ့ပါတယ်။

သိမ်းကျုံး ဖမ်းဆီးလာတဲ့ အထဲမှာ ကျောင်းသားတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တခါတလေ ကလေးတွေ အပါအဝင် သာမန် ပြည်သူတွေ ပါဝင်ပါတယ်။

မစ္စတာ မန်တီလာကို ဆန္ဒပြမှုတွေအတွက် ငွေကြေး ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ သူကတော့ ဒါကို ငြင်းပါတယ်။

အကျဉ်းထောင် အစောင့် ဝန်ထမ်းဟောင်း တဦးဖြစ်တဲ့ မန်ဝဲက မန်တီလာကို ကောင်းကောင်းမှတ်မိပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗင်နီဇွဲလားလျှို့ဝှက်ရဲအဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးချိုးဖေါက်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

လူတွေကို အကြောက်တရားဖုံးလွှမ်းအောင်လုပ်

လူတွေ အများကြီး ဖမ်းတာရဲ့ ရည်ရွယ်ချက်က လူတွေကို ကြောက်အောင် လုပ်တာ ဖြစ်တယ်လို့ အရာရှိဟောင်း တဦးက ပြောပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက် အောင်မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု ဗင်နီဇွဲလားမှာ ဆန္ဒပြပွဲ၊ ချီတက်ပွဲ ဘာတွေပဲ လုပ်လုပ် ဗင်နီဇွဲလား ပြည်သူအများအပြားဟာ အဖမ်းခံရမှာ ကြောက်လို့ မပါချင်ကြတော့ဘူးလို့ သူကပြောပါတယ်။

အယ်ဟယ်လီကွိုက်မှာ ထိန်းသိမ်းခံနေသူရတွေဟာ ရုံးတင် စစ်ဆေးခံဖို့ ရက်နဲ့ သီတင်းပတ်နဲ့ လနဲ့ ချီပြီးစောင့်နေခဲ့ကြရပါတယ်။

SEBIN ထောက်လှမ်းရေးအဖွဲ့ရဲ့ တာဝန်က သတင်းအချက်အလက်တွေ ရအောင် စုဆောင်း ဖေါ်ထုတ်ရတာ ဖြစ်ပေမယ့် အခုတော့ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ရေး ယန္တရားကို ကာကွယ်ပေးနေတယ်လို့ ဝန်ထမ်းဟောင်း မန်ဝဲ က ပြောပါတယ်။

မန်တီလာကတော့ အကျဉ်းစခန်းထဲ နှစ်နှစ်ခွဲလောက် ထိန်းသိမ်းခံနေရစဉ်အတွင်း တချိန်လုံး ကြောက်လန့်နေခဲ့တယ်လို့ ပြောပြပါတယ်။

အယ်ဟယ်လီကွိုက်မှာ နေ့စဉ်နဲ့အမျှ နှိပ်စက်ညှင်းပန်းမှုတွေ ရက်စက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

Image caption အယ်ဟယ်လီကွိုက်က အကျဉ်းခန်းတွေထဲမှာ ရှိနေကြတဲ့ ထိန်းသိမ်းခံရသူတွေကို ပြောပြချက်တွေအရ စိတ်ကူးနဲ့ ရေးဆွဲထား

ဂွမ်တာနာမို

အယ် ဟယ်လီကွိုက်ကို သူရောက်စက ထိန်းသိမ်းခံနေရသူ ၅၀ သာရှိပေမယ့် နှစ်နှစ်အကြာမှာ ၃၀၀ ဖြစ်သွားတယ်လို့ မန်တီလာက ပြောပါတယ်။

ထိန်းသိမ်းခံရသူ များလာတာနဲ့အမျှ သူတို့ကို ထားဖို့ အစောင့်တွေက နေရာရှာရပါတယ်၊ ရုံးခန်းတွေ ၊ လှေခါးတွေ ၊ အိမ်သာတွေနဲ့ တချိန်က စျေးဆိုင်ခန်းတွေ လုပ်ဖို့ လျာထားတဲ့ နေရာတွေကို အကျဉ်းခန်းတွေအဖြစ် ပြောင်းလဲ ခဲ့ရပါတယ်။ အဲဒီအခန်းတွေကို ငါးကန်၊ ကျားကန်၊ ငရဲ အသေးစား စသဖြင့် အကျဉ်းသားတွေက နာမည်ပေးထားကြပါတယ်။

အဆိုးဆုံးက အရင်က သက်သေ အထောက်အထားတွေ သိမ်းတဲ့ စတိုခန်းကို ပြောင်းလဲခဲ့တဲ့ ဂွမ်တာနာမိုလို့ နာမည်ပေးထားတဲ့ အခန်းလို့ ပြောပါတယ်။

ပေလေးဆယ် ပတ်လည်ရှိတဲ့ အခန်းထဲမှာ ၅၀ လောက်ကို ထားတာလို့ အကျဉ်းသားဟောင်းတဦးက ပြောပါတယ်။ ပူလောင် ကျဉ်းကြပ်ပြီး အလင်းရောင် မရှိ၊ လေကောင်းကောင်း မရလို့ အသက်ရှု မဝဘူးလို့ ဆိုပါတယ်။

ရေမရှိ၊ အိမ်သာမရှိ၊ နံရံတွေမှာ သွေးတွေ၊ အညစ်အကြေးတွေနဲ့ ပေရေနေတယ်လို့ မန်တီလာက ပြောပါတယ်။ ပလတ်စတစ်ဘူးတွေ၊ အိတ်တွေနဲ့ ကျင်ကြီးကျင်ငယ် စွန့်ရတယ်လို့ ပြောပါတယ်။

Image caption အကျဉ်းခန်းတွေကို နာမည် ပေးထားရာမှာ ဂွမ်တာနာမိုဆိုတဲ့ အခန်းက အဆိုးဆုံးလို့ ပြောပါတယ်။

စနစ်တကျ နှိပ်စက် ညှင်းပန်း

အယ်ဟယ်လီကွိုက်ကို ကြောက်ကြတာဟာ အဲဒီလို နေရ ထိုင်ရတာတွေကြောင့် တခုတည်းတော့ မဟုတ်ပါဘူး။

SEBIN က အကျဉ်းသားတွေ ဖြောင့်ချက်ပေးအောင် စနစ်တကျ နှိပ်စက်ညှင်းပန်းမှုတွေ လုပ်တယ် ဆိုတာကို အားလုံးက ပြောပြခဲ့ကြပါတယ်။

သူ့ခေါင်းကို အိတ်နဲ့စွပ်ပြီး ရိုက်တယ်၊ ကန်တယ်၊ ခေါင်း၊ ဗိုက်နဲ့ ဝှေးစေ့တွေကို ကျင်စက်နဲ့ တို့တယ်လို့ တဦးက ပြောပါတယ်။

သူ့ရဲ့ လူဂုဏ်သိက္ခာ ထိခိုက်ရတယ်၊ သိမ်ငယ် အရှက်ရပြီး ပန်းညှိုးတဲ့ ဝေဒနာ ခံစားရတယ်လို့ ဆိုပါတယ်။

သူ့ခေါင်းကို အဝတ်နဲ့ ဖုံးပြီး အရာရှိတယောက်က "သေနတ်ပေးစမ်း၊ ဒီကောင့်ကို သတ်မယ်" ဆိုပြီး ရယ်တဲ့အသံ၊ သေနတ်မောင်းဆွဲသံတွေ ကြားရတယ်လို့ နောက်တယောက်က ပြောပြခဲ့ပါတယ်။

ဒါမျိုး အကြိမ်ပေါင်းများစွာ သူ့ကို လုပ်ခဲ့တယ်လို့ ပြောပါတယ်။

အကျဉ်းသားတွေရဲ့ ဇာတ်လမ်းတွေကို သူစုဆောင်းခဲ့ရာမှာ အလားတူ ဒီလိုရက်စက်တဲ့ နည်းလမ်းတွေကို အမြဲလိုလို အသုံးပြုကြတာ တွေ့ရတယ်လို့ မန်တီလာက ပြောပါတယ်။

တက္ကသိုလ် ကျောင်းသားတယောက် ဆိုရင် မစင်အပြည့် ပါတဲ့ အိတ်နဲ့ ခေါင်းကို စွပ်ပြီး အသက်ရှုခိုင်း ခဲ့တယ်လို့ ဆိုပါတယ်။

တချို့ကို မျက်စိကို အဝတ်နဲ့ စည်းထားပြီး မတော်တရား ပြုကျင့်တာတွေ၊ နှိပ်စက်တာတွေကို ရက်ပေါင်းများစွာ သတိမေ့မြောသွားတဲ့ အထိ လုပ်ခဲ့ကြတာကို ပြောပြခဲ့ကြပါတယ်။

Image caption အကျဉ်းခန်းတွေထဲ နှိပ်စက်ညှင်းပန်းမှုတွေ အများကြီးရှိခဲ့

လူ့အခွင့်အရေးချိုးဖေါက်မှုတွေ

ဘီဘီစီကို ပြောပြခဲ့ကြတဲ့ အစောင့်ဝန်ထမ်း နှစ်ဦးစလုံးက နှိပ်စက် ညှင်းပန်းရာမှာ သူတို့ မပါဘူးလို့ ငြင်းခဲ့ပြီး သူတို့ မြင်တွေ့ရတာတွေကို ပြောပြတာလို့ ဆိုပါတယ်။

စနစ်တကျ နှိပ်စက် ညှင်းပန်းမှုတွေလုပ်ခဲ့တာကို သူတို့က အသေးစိတ် ပြောပြခဲ့ပြီး ထောက်လှမ်းရေးတွေ အတွက် ဒါဟာ ပုံမှန် လုပ်နေကျ အလုပ်လို့ ယူဆကြကြောင်း ပြောပါတယ်။

ဒီလို ဇာတ်လမ်း အများအပြားကို လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့တွေက မှတ်တမ်းတင်ထားပြီး ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ အရေးယူနိုင်ရေး ပဏာမ စစ်ဆေးဖို့ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလက နိုင်ငံတကာ ရာဇဝတ် ခုံရုံးကို တင်ပြခဲ့ကြပါတယ်။

ဗင်နီဇွဲလားအစိုးရကတော့ စုံစမ်း စစ်ဆေးမှုတွေမှာ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အယ် ဟယ်လီကွိုက် အဆောက်အဦ ရှေ့က သမ္မတ နစ်ကိုလပ်စ် မဒူရိုရဲ့ ရုပ်ပုံ

သေအောင် ပစ်ထားခံခဲ့ရ

နှစ်နှစ်ခွဲ ထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက် ၂၀၁၆ အောက်တိုဘာမှာ မန်တီလာဟာ အကြီးအကျယ် နေထိုင်မကောင်း ဖြစ်လာလို့ အကျဉ်းထောင် အာဏာပိုင်တွေက ခွဲစိတ်ဖို့ ဆေးခန်းတစ်ခုကို ပို့ခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

တရားသူကြီးတဦးရဲ့ အမိန့်နဲ့ ဆေးခန်းပို့ခဲ့တဲ့ အစီအစဉ်ကို SEBIN ထောက်လှမ်းရေးအဖွဲ့က နောက်ဆုံးမှာ ကြားဝင် တားဆီးခဲ့ပါတယ်။

အပြင်းအထန် နာကျင်တဲ့ ဝေဒနာ ခံစားနေရတဲ့ မန်တီလာကို ဆေးခန်းကနေ အတင်း ပြန်ခေါ်လာခဲ့ပြီး အကျဉ်းစခန်းထဲ တိုက်ပိတ် ထားခဲ့ပါတယ်။

ဒါဟာ သူ့ကို သေအောင် အခန်းထဲ ပိတ်လှောင် ပစ်ထားခဲ့တာပဲလို့ မန်တီလာက ပြောပါတယ်။

ဆေးခန်းကနေ သူ့ကို ဆွဲခေါ်လာတဲ့ ဗီဒီယိုဟာ အင်တာနက်မှာ ပြန့်နှံ့သွားခဲ့ပြီး နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက အစိုးရကို ဖိအား ပေးခဲ့ကြပါတယ်။

ဒါကြောင့် အာဏာပိုင်တွေက ၁၀ ရက်အကြာမှာ သူ့ကို စစ် ဆေးရုံကို ပို့ခဲ့လို့ နောက်ဆုံးမှာ ခွဲစိတ်ကုသမှုကို ခံယူခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၆ နိုဝင်ဘာလ လွှတ်တော်မှာ တွေ့ရတဲ့ မန်တီလာ

၂၀၁၆ နိုဝင်ဘာလမှာ မန်တီလာဟာ ထိန်သိမ်းခံထားရာကနေ တရားဝင် လွတ်လာခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ကွန်ကရက်အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဒီနောက်မှာတော့ အယ် ဟယ်လီကွိုက်မှာ သူတွေ့ခဲ့ မြင်ခဲ့ တွေ့ကြုံခဲ့ရတာတွေကို စပြီး ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။

လူများအဖြစ် တည်ရှိမှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့ အတွက် နောက်ဆုံးရက် ဆိုပြီး သတ်မှတ်ထားတာ မရှိဘူးလို့ သူက ပြောခဲ့ပါတယ်။

ဒါပေမယ့် သူအတွက် လုံခြုံမှု မရှိဘူး ဆိုတာ သဘောပေါက်လာတဲ့အတွက် ၂၀၁၇ ခု ဇူလိုင်လမှာ ပြင်သစ်ကို ပြောင်းလာခဲ့ပါတယ်။

၂၀၁၈ မေလမှာ ပြင်သစ်အစိုးရက သူ့ကို ခိုလှုံခွင့် ပေးလိုက်ပါတယ်။

Image caption ၂၀၁၈ မေလက အယ် ဟယ်လီကွိုက်က အကျဉ်းသားတွေ ထောင်ဆူခဲ့လို့ အဓိကရုဏ်းတွေဖြစ်ခဲ့

၂၀၁၈ မေလမှာ အယ် ဟယ်လီကွိုက်က အခြေအနေတွေကို မကျေနပ်လို့ ထိန်းသိမ်းခံနေရသူတွေ ဆန္ဒပြကြတဲ့အတွက် အစောင့်တွေနဲ့ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။

ထိန်းသိမ်းခံ တချို့ကို လွှတ်ပေးခဲ့ပြီး အခြေအနေ ကောင်းအောင် လုပ်မယ်လို့ အာဏာပိုင်တွေက ဂတိပေးခဲ့ပါတယ်။

ဒါပေမယ့် အခုထိ အတွင်းသတင်းအရ ဘာမှ မယ်မယ်ရရ တိုးတက်လာတာ မရှိဘူးလို့ ဆိုပါတယ်။

ဗင်နီဇွဲလား တာဝန်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်ပြီး အယ်ဟယ်လီကွိုက်မှာ ဖြစ်နေတဲ့ အပေါ် ပြောဆိုစွပ်စွဲချက်တွေကို မေးမြန်းနေခဲ့ပေမယ့် ဘာမှ တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဗင်နီဇွဲလား စင်ပြိုင်သမ္မတကို ကန် အသိအမှတ်ပြု