နှလုံးအစားထိုးကုဖို့ အာကာသထဲမှာ နှလုံးတွေ မွေးယူနိုင်တော့မလား

tech ဓာတ်ပုံ မူပိုင် Getty Images
Image caption ကမ္ဘာကနေ မိုင်ရာချီ အမြင့်မှာ လည်ပတ်နေတဲ့ အာကာသယာဉ်ပေါ်မှာ နှလုံး အစားထိုးကုသဖို့အတွက် နှလုံးတွေ မွေးယူတဲ့ ဓာတ်ခွဲခန်းတခုကို စိတ်ကူးယဉ် ကြည့်လိုက်ပါ

နှလုံး အစားထိုးကုသဖို့အတွက် နှလုံးတွေ မွေးယူတဲ့ ဓာတ်ခွဲခန်းတခုကို စိတ်ကူးယဉ်ကြည့်လိုက်ပါ… ပြီးတော့ အဲဒီ ဓာတ်ခွဲခန်းက ကမ္ဘာပေါ်က မိုင်ရာချီ အမြင့်မှာ လည်ပတ်နေတဲ့ အာကာသယာဉ်ပေါ်မှာ ဆောက်ထားတယ် ဆိုပြီးတော့ ထပ်ပြီး စိတ်ကူး ကွန့်မြူးကြည့်လိုက်ပါ။

ဒါဟာ သိပ္ပံဝတ္ထုထဲမှာ ဖတ်ရလေ့ရှိတဲ့ စိတ်ကူးယဉ် အခြေအနေမျိုးလို့ ယူဆနိုင်စရာ ရှိပေမယ့် ဒါမျိုးက နောက်ဆယ်နှစ်အတွင်း တကယ်ဖြစ်လာနိုင်ချေ ရှိနေပါတယ်။

၂၀၁၇ အတွင်း ကမ္ဘာတဝန်းမှာ နှလုံးအစားထိုး ကုသမှုပေါင်း ၇၆၀ဝ လောက်အထိ လုပ်ခဲ့တယ် ဆိုပေမယ့် အများလှူဒါန်းထားတဲ့ အစားထိုးစရာ ကျန်းမာတဲ့ နှလုံးအရေအတွက် မလုံလောက်တဲ့အတွက် အလှည့်ကျ စောင့်ဆိုင်းရင်း သေဆုံးရသူ အရေအတွက်ကလည်း ထောင်ချီရှိနေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အကြီးစား လူသတ် နှလုံးရောဂါ

လူ့နှလုံး အစားထိုး ကုသဖို့ ဖန်တီးမှု အခြေအနေ

လူ့နှလုံးကို ကမ္ဘာမြေပေါ်က ဓာတ်ခွဲခန်းမှာ မွေးယူနိုင်ဖို့ ကြိုးစားမှုတွေ မှာတိုးတက်မှု ရှိနေပေမယ့် အခုလို ခန္ဓာကိုယ်ထဲမှာ တကယ်ရှင်သန်နေတဲ့ ပုံစံမျိုး ဖြစ်ဖို့ဖန်တီးရာမှာတော့ အခက်အခဲတွေ့နေရပါတယ်။ အင်္ဂါအစိတ်အပိုင်းတခုခု ဒါမှမဟုတ် ဆဲလ်တွေရဲ့ ငြမ်းသဘောမျိုးပံ့ပိုးမှုနဲ့ နှလုံးလို အင်္ဂါတွေကို မွေးယူရာမှာ မွေးယူနေတုံး အဲဒီငြမ်းတွေ ပြိုကျတာမျိုး၊ မွေးပြီးချိန်မှာ မွေးထားတဲ့ နှလုံးကို သီးခြားထုတ်ယူဖို့ ခက်ခဲတာမျိုး အဟန့်အတားတွေ ရှိနေခဲ့ပါတယ်။

Techshot ဆိုတဲ့ အာကာသ နည်းပညာ ကုမ္ပဏီကတော့ ကမ္ဘာ့ဆွဲငင်အား မရှိတဲ့ အခြေအနေက ဒီပြဿနာတွေအတွက် အဖြေပဲလို့ ယူဆပြီး လေ့လာ ဖန်တီးမှုတွေ ပြုလုပ်နေပါတယ်။

ဒီလို ယူဆမှုသာ မှန်ကန်မယ်ဆိုရင် ကမ္ဘာပေါ်ပတ်နေတဲ့ နိုင်ငံတကာ အာကာသစခန်း ISS အတွင်းမှာ ကမ္ဘာ့ဆွဲငင်အား မရှိသလောက် ဖြစ်နေတဲ့ အခြေအနေ အမြဲရှိနေတဲ့အတွက် ကိုယ်အင်္ဂါတွေကို ဓာတ်ခွဲခန်းထဲမှာ ငြမ်းဆင်ထားစရာ မလိုပဲ ဖန်တီးနိုင်ချေ ရှိနေပါတယ်။

အနာဂတ်မှာ ဒီနည်းပညာကို အသုံးချပြီး စီးပွားဖြစ် နှလုံးအစားထိုး ဖန်တီးမှုတွေ လုပ်နိုင်တော့မယ်လို့ Techshot ကုမ္ပဏီ လုပ်ငန်းတိုးချဲ့ရေးဌာန ဒုဥက္ကဋ္ဌ ရစ်ချ် ဘိုးလင်းက ဆိုပါတယ်။

ကိုယ်အင်္ဂါအစားထိုးစရာ မရှိတာကြောင့် အမေရိကန်တနိုင်ငံတည်းမှာတင် သေဆုံးရသူက တရက်ကို အယောက် ၂၀ ရှိနေပြီး ဒီပြဿနာကို ဖြေရှင်းဖို့က Techshot ရဲ့ အန္တိမရည်မှန်းချက် ဖြစ်တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဒီလို တကယ်ဖြစ်လာဖို့ ဆိုတာကတော့ မိုင်ထောင်ချီဝေးတဲ့ ခရီးစဉ်တခုလို ကြာဦးမှာ ဖြစ်ပြီး နိုင်ငံတကာ အာကာသစခန်းကို Techshot ရဲ့ ဇီဝဗေဒေ အင်္ဂါဖန်တီးမှု စက်ကိရိယာ BFF ကို လွှတ်တင် နိုင်ဖို့က ပထမခြေလှမ်း ဖြစ်မယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Techshot
Image caption လူနာရှင်ဆီက ပင်မဆဲလ်တွေကို ရယူပြီး သုံးဖက်မြင် ရုပ်ကြွ ပွားယူ ဖန်တီးတဲ့ သရီးဒီ ပရင်တာ နည်းပညာသုံး

Techshot ရဲ့ ဇီဝဗေဒေ အင်္ဂါဖန်တီးမှု စက်ကိရိယာ BFF

BFF စက်ကိရိယာကို Techshot ကုမ္ပဏီက အမေရိကန် အာကာသ အေဂျင်စီ NASA နဲ့ ပူးတွဲ ဖန်တီးထားတာ ဖြစ်ပြီး ဒီစက်က မိုက်ခရိုဝေ့ဗ် မီးဖို အရွယ်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီစက်ဟာ ကုသဖို့ လိုအပ်တဲ့ လူနာရှင်ဆီက ပင်မဆဲလ်တွေကို ရယူပြီး သုံးဖက်မြင် ရုပ်ကြွ ပွားယူ ဖန်တီးတဲ့ သရီးဒီ ပရင်တာ နည်းပညာနဲ့ အစားထိုးဖို့လိုအပ်တဲ့ နှလုံးရဲ့ အသားစ အစိတ်အပိုင်းတချို့ကို စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒီအဆင့် အောင်မြင်မယ်ဆိုရင်တော့ နှလုံးတခုလုံးကို အစားထိုးဖို့ ဖန်တီးမှုတွေ စလုပ်မှာ ဖြစ်ပါတယ်။

အဲဒီ BFF စက်ကို ISS ပေါ် လွှတ်မယ့် စီမံကိန်းကလည်း နောက်နှစ်အကြာကြီး မစောင့်ရတော့ပဲ ဒီနှစ် ၂၀၁၉ အစောပိုင်း မေလမှာတင် CRS-18 လို့ နာမည်ပေးထားတဲ့ SpaceX ဒုံးပျံသုံး အာကာသယာဉ် လွှတ်တဲ့ စီမံကိန်းနဲ့ ရောပြီး စေလွှတ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အခုလို စေလွှတ်အပြီး ပထမ တနှစ်မှာတော့ အသားစတွေ စမ်းသပ် ထုတ်လုပ်ဖို့အတွက် အဲဒီ BFF စက်က သူ့ကို ဖန်တီးထားတဲ့အတိုင်း အလုပ်မလုပ် အရင် စစ်ဆေးဦးမှာ ဖြစ်ပါတယ်။

ပထမအဆင့်မှာ နှလုံးကြွက်သား အသားစတွေကို စတင် ပွားယူ ထုတ်ကြည့်ဖို့ ရည်မှန်ထားပြီး ဒီအဆင့်အောင်မြင်ရင် တခြားပြင်ပ သုတေသီတွေကို BFF စက်မှာ လာရောက် စမ်းသပ် လုပ်ကိုင်ခွင့် ပေးဖို့ စီစဉ်ထားပါတယ်လို့ မစ္စတာ ဘိုးလင်းက ပြောပါတယ်။

အဲဒီ အဆင့်ပြီးရင်တော့ အာကာသအတွင်းမှာ လုပ်ခဲ့တဲ့ သုတေသနတွေက ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ပြန်လည် ပြင်ဆင်မှုတွေ လုပ်ဖို့အတွက် BFF စက်ကို ကမ္ဘာမြေပေါ်ကို ပြန်သယ်လာမှာ ဖြစ်ပါတယ်။

နောက်တဆင့်မှာတော့ BFF စက်ကို အာကာသထဲ ပြန်ပို့ပြီး ဖွဲ့စည်းပုံ ပိုရှုပ်ထွေးတဲ့ အသားစတွေကို ဖန်တီးဖို့ ရည်ရွယ်ထားရာမှာ အင်္ဂါအစိတ်အပိုင်း တခုလုံး ဖန်တီးမယ့် အဆင့်က ၂၀၂၅ နောက်ပိုင်းမှာ စလုပ်ဖို့ စီမံချက် ချထားတယ်လို့ ဆိုပါတယ်။

ရောင်းချမယ့် ရည်ရွယ်ချက်နဲ့ ထုတ်လုပ်တဲ့ နှလုံးလို အင်္ဂါတွေကို ဈေးကွက်တင်ရောင်းချနိုင်ဖို့အတွက် အစိုးရ အသီးသီးရဲ့ စစ်ဆေးမှုနဲ့ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စတွေအတွက်ကတော့ နောက်ထပ် ၁၀ နှစ်လောက် အချိန်ယူရနိုင်တယ်လို့ Techshot ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန် လေတပ်က အာကာသထဲ ဒုံးပျံတခါ လွှတ်ဖို့ အမေရိကန် ဒေါ်လာ သန်းလေးရာလောက်အထိ ကျတယ်လို့ ဆိုနေချိန်မှာ SpaceX ဒုံးပျံက အမေရိကန် ဒေါ်လာ သန်း ၆၀ လောက်ပဲ ကုန်

ကုန်ကျစရိတ်နဲ့ ကာမိပါ့မလား

ဒီလို ကိုယ်အင်္ဂါ ထုတ်လုပ်တဲ့ ကိစ္စမှာ လက်တွေ့ နည်းပညာ အခက်အခဲတွေကို အသာထားပြီး တကယ် စီးပွားဖြစ် ထုတ်လုပ် အောင်မြင် နိုင်ဖို့ကတော့ ကုန်ကျစရိတ်ကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။

အီလွန် မတ်က်စ် ပိုင်ဆိုင်တဲ့ SpaceX ဒုံးပျံကုမ္ပဏီဟာ အာကာသယာဉ်ကို ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်အပြီးမှာ ဒုံးပျံကို ကမ္ဘာပေါ် ပြန်ခေါ်ပြီး နောက်တကြိမ် ထပ်သုံးနိုင်တဲ့ နည်းပညာကို အသုံးပြုနေတဲ့ အတွက် အာကာသခရီးစဉ်တွေ အရင်ကထက် အများကြီး အကုန်အကျ သက်သာနေပါတယ်။

အမေရိကန် လေတပ်က အာကာသထဲ ဒုံးပျံတခါ လွှတ်ဖို့ အမေရိကန် ဒေါ်လာ သန်းလေးရာလောက်အထိ ကျတယ်လို့ ဆိုနေချိန်မှာ SpaceX ဒုံးပျံက အမေရိကန် ဒေါ်လာ သန်း ၆၀ လောက်ပဲ ကုန်မယ်လို့ ကြေညာထားတဲ့အတွက် သန်း ၃၀ဝ လောက်တောင် သက်သာနေတယ်လို့ မစ္စတာ မတ်က်စ်က ပြောဆိုထားပါတယ်။

ဒါပေမယ့် ဒေါ်လာ သန်း ၆၀ ဆိုတာကလည်း နည်းတဲ့ ပမာဏ မဟုတ်ပဲ ဒါက ဒုံးပျံ အသွားအပြန် တကြောင်းစာ အတွက်ပဲ ရှိသေးပြီး စမ်းသပ်မှုနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အကုန်အကျတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် မစ္စတာ ဘိုးလင်းကတော့ လောလောဆယ် ကိုယ်အင်္ဂါ အစားထိုး ကုသမှုတွေမှာ သူတပါးဆီက ယူတာ ဖြစ်တဲ့အတွက် ကိုယ်တွင်း ကိုယ်ခံအားစနစ်က ပြန်တွန်းမထုတ်အောင် တဘဝလုံး ဆေးတွေ သောက်နေရတာ ဖြစ်တဲ့အတွက် Techshot က လုပ်နေတဲ့ လူနာရှင် ကိုယ်တိုင်ဆီက ပင်မဆဲလ်နဲ့ ဖန်တီးတဲ့ ကိုယ်အင်္ဂါတွေမှာတော့ အဲဒီ ကုန်ကျစရိတ် မရှိတော့ပဲ ရေရှည်နဲ့တွက်ရင် ကုန်ကျစရိတ် သက်သာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ၁၀ ရက်ကနေ ရက် ၃၀ လောက်အထိ နေပြီး အလိုအလျောက် ထုတ်လုပ်မှုတွေ ပြုလုပ်ပြီးရင် ကမ္ဘာပေါ်ကို ပြန်ချနိုင်ဖို့ တီထွင်နေ

လူ့ကိုယ်အင်္ဂါတွေထုတ်တာကအစ အာကာသ စက်မှုတော်လှန်ရေးအထိ ဖြစ်လာတော့မလား

ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်မှု လုပ်လာပြီဆိုရင် ထုတ်လုပ်စရိတ် သက်သာဖို့အတွက် အရေအတွက် များများ ထုတ်ရတော့ ဖြစ်ပေမယ့် နိုင်ငံတကာ အာကာသ စခန်း ISS ဆိုတာက သိပ်ပြီး ကြီးလှတဲ့ စခန်းကြီး မဟုတ်ပဲ ဖြစ်နေပါတယ်။

အမေရိကန် ကုမ္ပဏီသစ် တခုဖြစ်တဲ့ Space Tango ကတော့ ဒီအခက်အခဲကို ကျော်လွှားဖို့အတွက် အာကာသထဲမှာ အခုလို အလိုအလျောက် ထုတ်လုပ်မှုတွေ လုပ်နိုင်မယ့် ဂြိုဟ်တုတွေ လွှတ်တင်ဖို့ ရည်မှန်း သုတေသနတွေ လုပ်နေပြီး ၂၀၂၅ ပတ်ဝန်းကျင်မှာ လွှတ်တင်ဖို့ ရည်မှန်းထားပါတယ်။

အဲဒီ ဂြိုဟ်တုတွေဟာ ၂ မီတာ ပတ်ဝန်းကျင်လောက်ပဲ ရှိမှာ ဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ၁၀ ရက်ကနေ ရက် ၃၀ လောက်အထိ နေပြီး ထုတ်လုပ်မှုတွေ ပြုလုပ်ပြီးရင် ကမ္ဘာပေါ်ကို ပြန်ချနိုင်ဖို့ တီထွင်နေတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ အဲဒီ ထုတ်လုပ်ရေး ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက် ချိတ်ဆက်နိုင်တဲ့ ဖိုက်ဘာ အော့ပတစ် ကြိုးတွေ၊ ကားဘရိတ်နဲ့ ကျည်ကာ ဝတ်စုံ စတာတွေမှာ သုံးတဲ့ အကြမ်းခံ ကြွေထည် ဆီလီကွန် ကာဘိုဒ်နဲ့ လျှပ်စစ်ပစ္စည်းတွေမှာသုံးနိုင်တဲ့ ကာဘွန်ပြွန်အမျှင် carbon nanotubes တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး ဆေးဝါးဗေဒဆိုင်ရာ အသုံးချမှုတွေလည်း လုပ်ဖို့ လေ့လာမှုတွေ လုပ်နေပါတယ်လို့ Space Tango ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် တွိုင်းမန်း ကလန်းမန့်စ်က ဆိုပါတယ်။

အဲဒီ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အလွန်တိကျ အသေးစိတ်ဖို့ လိုတဲ့အတွက် ကမ္ဘာ့ဆွဲအား မရှိတဲ့ အခြေအနေမှာ ပိုပြီး တိကျ သေချာတဲ့ အတိုင်းအတာတွေနဲ့ ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Space Tango
Image caption ST-42 ထုတ်လုပ်ရေး ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက် ချိတ်ဆက်နိုင်တဲ့ ဖိုက်ဘာ အော့ပတစ် ကြိုးတွေ၊ ကားဘရိတ်နဲ့ ကျည်ကာ ဝတ်စုံ စတာတွေမှာ သုံးတဲ့ အကြမ်းခံ ကြွေထည် ဆီလီကွန် ကာဘိုဒ်နဲ့ လျှပ်စစ်ပစ္စည်းတွေမှာသုံးနိုင်တဲ့ ကာဘွန်ပြွန်အမျှင် carbon nanotubes တွေ ထုတ်လုပ်ဖို့ ရည်ရွယ်

Made in Space ဆိုတဲ့ အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ်က ကုမ္ပဏီသစ် တခုကလည်း NASA နဲ့ ပူးပေါင်းပြီး ZBLAN လို့ အမည်ပေးထားတဲ့ ဖိုင်ဘာ အော့ပတစ်ကြိုးတွေ ထုတ်လုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အဲဒီ ZBLAN ဖန်သားကို ၁၉၇၀ ပတ်ဝန်းကျင်မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပြီး လုံးဝနီးပါး သန့်စင်တဲ့ ဖလော်ရိုက် ဓာတ် အခြေခံ ဖန်သား ဖြစ်တဲ့အတွက် ဆီလီကာ ဓာတ်အခြေခံ ဖိုက်ဘာ အော့ပတစ် ကြိုးထက် ဆယ်ဆကနေ အဆ တရာအထိ အချက်အလက်တွေ လျင်လျင်မြန်မြန် ပေးပို့ နိုင်ပါတယ်။

ဒါပေမယ့် ဒီဖန်သားကို ကမ္ဘာပေါ်မှာ ထုတ်လုပ်မယ်ဆိုရင် ထုတ်လုပ်မှုအတွင်း ကမ္ဘာပေါ်မှာ ဖြစ်တတ်တဲ့ အပူကြောင့် အငွေ့ပြန်မှုတွေမှာ ကမ္ဘာ့ဆွဲအားရဲ့ သက်ရောက်မှုကြောင့် ဖန်သားတွင်း အစိုင်အခဲလေးတွေ ပေါ်လာတဲ့အတွက် ဒီဖန်သားကြိုးတွေကို ကွန်ပြူတာ အချက်အလက်တွေ ပေးပို့ဖို့ အသုံးပြုရာမှာ ကြိုးရှည်လေ မြန်နှုန်း ထိခိုက်လေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဆွဲအား နည်းတဲ့ နေရာမှာ ဆိုရင်တော့ ပိုပြီး သန့်စင်တဲ့ အဲဒီ ဖန်သားမျိုး ထုတ်လုပ်နိုင်ပြီး Made in Space ကုမ္ပဏီ အနေနဲ့လည်း မီတာ ၁၀ဝ (၃၂၈ ပေ) ကျော်တဲ့ ဖန်ကြိုးတွေကို စမ်းသပ် ထုတ်လုပ် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ထုတ်လုပ်မှုမျိုးကို ISS ပေါ်မှာ လုပ်နိုင်မယ်လို့ ယုံကြည်ကြောင်း Made in Space ရဲ့ အမှုဆောင် အရာရှိချုပ် အန်ဒရူး ရပ်ရှ်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Made in Space
Image caption Made in Space ဆိုတဲ့ ကုမ္ပဏီသစ် တခုကလည်း NASA နဲ့ ပူးပေါင်းပြီး ZBLAN လို့ အမည်ပေးထားတဲ့ ဆီလီကာ ဓာတ်အခြေခံ ဖိုက်ဘာ အော့ပတစ် ကြိုးထက် ဆယ်ဆကနေ အဆ တရာ ပိုမြန်တဲ့ ဖိုင်ဘာ အော့ပတစ်ကြိုးတွေ ထုတ်လုပ်ဖို့ ပြင်ဆင်

ဒါမှမဟုတ်ရင်လည်း စီးပွားဖြစ် အာကာသစခန်း တည်တာ၊ ရှိပြီးသား အာကာသစခန်းမှာ ထုတ်လုပ်ရေးစခန်း ချိတ်တာ၊ သီးခြား ကမ္ဘာပတ် ဂြိုဟ်တုနဲ့ ထုတ်လုပ်တာ အစရှိတဲ့ ကုန်ကျစရိတ် ကွာနိုင်တဲ့ နည်းလမ်းအမျိုးမျိုးလည်း ရှိနေတယ်လို့ မစ္စတာ ရပ်ရှ်က ပြောပါတယ်။

ရေရှည်မှာ အခုလက်ရှိ အာကာသထဲ စေလွှတ်မှု ကုန်ကျစရိတ် ပေါက်ဈေးနဲ့ ထည့်တွက်ရင်တောင်မှ အာကာသထဲမှာ အမြတ်ရအောင် ထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းတွေ ရှိနေပြီး ကာဘွန်ပြွန်အမျှင်၊ သတ္ထုစပ် အမျိုးအစားသစ်တွေနဲ့ လူ့အသားစတွေသာမက တခြားလည်း အများကြီး ရှိသေးတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီလို အလားအလာတွေကြောင့် တချိန်မှာ နည်းပညာမြင့် ကုန်ပစ္စည်း အမျိုးအစားသစ်တွေ ထုတ်လုပ်နိုင်တဲ့ စက်ရုံတွေ ကမ္ဘာကို ပတ်နေကြမှာကို စိတ်ကူးယဉ်ကြည့်နိုင်ပြီး အာကာသတွင်း စက်မှုဖွံ့ဖြိုးမှုကြောင့် လူတွေလည်း အာကာသထဲ သွားရောက် နေထိုင်လာကြမယ့် အခြေအနေကတော့ လိုသေးပေမယ့် ဖြစ်လာနိုင်တဲ့ ကိစ္စပဲလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ