ဘရာဇီးမှာ ဆည်ပြိုလို့ လူရာချီပျောက်ဆုံးနေ

ဓာတ်ပုံ မူပိုင် Reuters
Image caption မီးသတ်သမား ၂၀ဝ ကျော်က မြေကြီး ဖယ်ရှားတဲ့စက်တွေသာမက ရဟတ်ယာဉ်တွေကိုပါ သုံးပြီး ကယ်ဆယ်ရေး လုပ်ခဲ့ရ

ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ဘရူမာဒင်ညိုမြို့က ဖှေဂျို သံရိုင်း သတ္တုတွင်းမှာ အနည်စစ်ကန် ကို ကာထားတဲ့ ဆည်ပြိုလို့ လူ ၃၀ဝ လောက် ပျောက်ဆုံးနေတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

အခုလို ပြိုကျတဲ့ အချိန်မှာ ရွှံ့ရေတွေက နေ့လည်စာ စားနေတဲ့ အလုပ်သမားတွေရှိတဲ့ ဆည်နားက စားသောက်ဆိုင်ကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

အခုလို ဖြစ်ခဲ့တဲ့ မင်းနားဂျဲရိုင် ပြည်နယ်အတွင်းက ဘရူမာဒင်ညိုမြို့မှာ မီးသတ်သမား ၂၀ဝ ကျော်က မြေကြီး ဖယ်ရှားတဲ့စက်တွေသာမက ရဟတ်ယာဉ်တွေကိုပါ သုံးပြီး ကယ်ဆယ်ရေး လုပ်ခဲ့ရပါတယ်။

ကယ်ဆယ်ရေး နောက်ဆုံး အခြေအနေအရ လူ ၅၀ လောက် အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပေမယ့် သေဆုံးသူ ၃၇ လောင်းရဲ့ အလောင်းတွေကိုလည်း တွေ့ရှိထားပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ရွှံ့ရေတွေက နေ့လည်စာ စားနေတဲ့ အလုပ်သမားတွေရှိတဲ့ ဆည်နားက စားသောက်ဆိုင်ကို ဖုံးလွှမ်းသွားခဲ့

ရွှံ့ရေတွေအောက် ရောက်သွားတဲ့လူတွေကို အသက်ရှင်လျက် ပြန်တွေ့ရဖို့ မဖြစ်နိုင်သလောက်ပဲလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုမေးရိုး ဇန်းမားက ပြောပါတယ်။

ဘရာဇီးရဲ့ အကြီးဆုံး သတ္ထုတွင်း ကုမ္ပဏီဖြစ်တဲ့ Vale ကုမ္ပဏီပိုင် သတ္ထုတွင်းရဲ့ ဆည်က ဘာ့ကြောင့် ပြိုကျရတယ် ဆိုတာ လောလောဆယ်မှာတော့ မသိရသေးပါဘူး။

အခုလို ပြိုကျတဲ့ ကိစ္စအတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ လျော်ကြေးပေးလျော်မှုတွေ လုပ်ဖို့ Vale ကုမ္ပဏီရဲ့ ဘဏ်စာရင်းထဲက အမေရိကန် ဒေါ်လာ ၁.၃၃ ဘီလီယံကို ဆိုင်းငံ့ထားဖို့ ဇန်နဝါရီလ ၂၆ရက်နေ့မှာ အစိုးရရှေ့နေတွေက အစိုးရကို အဆိုပြုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ရွှံ့ရေတွေအောက် ရောက်သွားတဲ့လူတွေကို အသက်ရှင်လျက် ပြန်တွေ့ရဖို့ မဖြစ်နိုင်သလောက်ပဲလို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုမေးရိုး ဇန်းမားက ပြော

ဇန်နဝါရီလ ၂၅ ရက်နေ့ ဒေသစံတော်ချိန် နေ့လည် တနာရီလောက်မှာ ဖှေဂျိုသတ္ထုတွင်းနားမှာ ရှိတဲ့ ဆည်တာရိုး ပြိုကျအပြီးမှာ နောက်ထပ် တာရိုးတခုလည်း ထပ်မံပြိုကျခဲ့တာ ဖြစ်ပါတယ်။

အခုလို ပြိုကျမှုကြောင့် အနီးနားက လယ်ကွင်းတွေ၊ သတ္ထုတွင်း အလုပ်သမားတွေနေတဲ့ အိမ်တွေနဲ့ ကုမ္ပဏီပိုင် ကားတွေပေါ်ကို ရွှံ့ရေတွေ ဖုံးလွှမ်းသွားတာ ဖြစ်ပါတယ်။

အခုလို ဖြစ်တဲ့အချိန်မှာ ဆည်ပြိုရင် အချက်ပေးမယ့် စနစ် အလုပ်မလုပ်ခဲ့ဘူးလို့လည်း သတင်းပေးပို့မှုတွေ ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆည်ပြိုရင် အချက်ပေးမယ့် စနစ် အလုပ်မလုပ်ခဲ့ဘူးလို့လည်း သတင်းပေးပို့မှုတွေ ရှိနေ

ဒါပေမယ့် Vale ကုမ္ပဏီ ဥက္ကဋ္ဌ ဖာဘီယို ရှီဗာ့တ်စ်မန်ကတော့ အဖြစ်အပျက်က မြန်လွန်းတဲ့အတွက် အချက်ပေး ဥသြဆွဲဖို့ အခြေအနေမပေးခဲ့ဘူးလို့ ဆိုပါတယ်။

အခုလို ပြိုကျခဲ့တဲ့ ဆည်ဟာ ၁၉၇၆ ခုနှစ်က ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ဒီဆည်ကို သတ္ထုတွင်းအတွက် အသုံးမပြုတော့တာ သုံးနှစ်လောက် ရှိပြီလို့လည်း Vale ကုမ္ပဏီက ပြောပါတယ်။

Vale ကုမ္ပဏီအနေနဲ့ ဂျာမနီက ကုမ္ပဏီတခုကို ငှားရမ်းပြီး ဒီဆည်ရဲ့ အခြေအနေကို ပြီးခဲ့တဲ့ စက်တင်ဘာလက စစ်ဆေးထားတာဖြစ်ပြီး အနီးတဝိုက်က တခြားဆည်တွေကိုလည်း စောင့်ကြည့် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒေသခံ Folha de S.Paulo သတင်းစာကတော့ ပြီးခဲ့တဲ့လက လုပ်ခဲ့တဲ့ ကုမ္ပဏီအတွက် လုပ်ကိုင်ခွင့် လိုင်စင်တိုးရာမှာ ဆည်ပြိုကျနိုင်တဲ့ အခြေအနေကို အကြေအလည် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ သတင်းဖော်ပြခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption Greenpeace ကတော့ လက်ရှိ ဆည်ကျိုးတဲ့ ဖြစ်ရပ်ဟာ မတော်တဆ ဖြစ်တာ မဟုတ်ဘဲ ဘရာဇီး အစိုးရနဲ့တကွ သတ္ထုတွင်း ကုမ္ပဏီတွေက အလားတူ အဖြစ်ဆိုးတွေမှာ သင်ခန်းစာ မယူလို့ ဖြစ်ရတဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်လို့ ပြော

သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက်ရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အဖွဲ့ Greenpeace ကတော့ လက်ရှိ ဆည်ကျိုးတဲ့ ဖြစ်ရပ်ဟာ မတော်တဆ ဖြစ်တာ မဟုတ်ဘဲ ဘရာဇီး အစိုးရနဲ့တကွ သတ္ထုတွင်း ကုမ္ပဏီတွေက အလားတူ အဖြစ်ဆိုးတွေမှာ သင်ခန်းစာ မယူလို့ ဖြစ်ရတဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ဆည်ပြိုကျတဲ့ ဖြစ်စဉ်ဟာ ဘရာဇီးရဲ့ အဆိုးဝါးဆုံး သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဖြစ်ဆိုးလို့ သတ်မှတ်ထားတဲ့ လွန်ခဲ့တဲ့ သုံးနှစ်က မာရီယားနားဆည် ပြိုကျမှု အပြီး သုံးနှစ် အကြာမှာ ထပ်ဖြစ်လာတဲ့ အဖြစ်အပျက် ဖြစ်ပါတယ်။

အဲဒီ ဆည်ပြိုမှုမှာ လူ ၁၉ ဦးသေဆုံးခဲ့ပြီး အဓိက အားဖြင့် တောအုပ်တွေနဲ့တကွ မြို့ပေါင်းများစွာရဲ့ စိုက်ပျိုးပင်တွေ အဆိပ်သင့်ခဲ့တာကြောင့် အခုလို အဆိုးဝါးဆုံး အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ