ဖိလစ်ပိုင် ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်ခံရလို့ လူ ၂၀ သေဆုံး

ဘုရားကျောင်း ဗုံးခွဲ တိုက်ခိုက်ခံရမှု မြင်ကွင်း ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဘုရားကျောင်း ဗုံးခွဲ တိုက်ခိုက်ခံရမှု မြင်ကွင်း

ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းက ရိုမန် ကတ်သလစ် ဘုရားကျောင်းမှာ ဗုံးပေါက် ကွဲမှု ဖြစ်ပွား ခဲ့တာကြောင့် အနည်းဆုံး လူ ၂၀ သေဆုံး ခဲ့ရပြီး ဒါဇင်နဲ့ ချီတဲ့ လူတွေ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ တနင်္ဂနွေ နေ့ မှာ လူ အမြောက်အများ က ဘုရား ဝတ်ပြု နေစဉ်မှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ခရစ်ယာန် ဘုရားကျောင်းဟာ ဟိုလို ကျွန်း ပေါ်မှာ တည်ရှိပြီး အစ္စလာမ်မစ် အစွန်းရောက်တွေ လှုပ်ရှား မှု ရှိတဲ့ ဒေသ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ရှင်းလင်းရေး လုပ်ဆောင်စဉ် ဘုရားကျောင်း ကားရပ်နားရာ နေရာမှာလည်း နောက်ထပ် ဗုံးတလုံး ကို တွေ့ရှိခဲ့ရပြီး တာဝန် ရှိသူတွေက ဖောက်ခွဲ ဖျက်ဆီး လိုက်ရပါတယ်။

ပြီးခဲ့တဲ့ တပတ်တုန်း က ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း မှာ ဆန္ဒ ခံယူပွဲ ကျင်းပ ခဲ့ရာမှာ အဲဒီ ဒေသက လူများစု မွတ်ဆလင် တွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့ အတွက် ဆန္ဒမဲ ပေးခဲ့ကြပြီးနောက်မှာ အခုလို ဗုံး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် EPA
Image caption ဖိလစ်ပိုင် စစ်တပ် က ဗုံးရှင်းလင်းရေး လုပ်ဆောင်

လောလောဆယ် မှာ ဗုံးဖောက်ခွဲမှု ကို ဘယ်အဖွဲ့အစည်း က လုပ်ဆောင် တာ ဆိုတဲ့ ထုတ်ဖော် ဝန်ခံ မှုတွေလည်း မရှိသေးပါဘူး။

ဟိုလို ကျွန်း ဟာ အဘူဆာရပ်ဖ် တို့လို အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေ အခြေ စိုက် လှုပ်ရှားမှု ရှိနေခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင် ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်မှာ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာ လို့ တာဝန် ရှိသူတွေက ပြောပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လေဒီ မောင့် ကာမဲလ် ဘုရားကျောင်းဟာ အရင်တုန်း က လည်း ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရဖူးတယ်လို့ သူတို့ တွေက ပြောပါတယ်။

ကနဦးမှာ ဒေသခံ ရဲတပ်ဖွဲ့ ပြောတာက ပေါက်ကွဲမှုကြောင့် သေဆုံး သူ ၂၇ ဦးလို့ ပြောဆို ခဲ့ပေမယ့် စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးနောက်မှာတော့ သေဆုံး သူ ၂၀ ဦးပဲ ရှိတယ်လို့ လျော့ချ ပြောဆို ခဲ့ပါတယ်။

သေဆုံးခဲ့သူ အများစု ဟာ တနင်္ဂနွေ နေ့မှာ ဘုရားကျောင်း လာတက် ကြတဲ့ အရပ်သား အများစု ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လူမှုကွန်ရက်မှာ တွေ့မြင်ရတဲ့ ပုံတွေ အရ လက်ရှိ အချိန်မှာ ဘုရားကျောင်း ကို ပိတ်ထား လိုက်ပြီး စစ်တပ် က လုံခြုံရေး ရယူ နေတဲ့ ပုံတွေ ကို တွေ့မြင် ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သတင်းမှားတွေကြောင့် ဖိလစ်ပိုင်တွင်း စိုးရိမ်မှုတိုးလာ

အခု ဗုံးဖောက်ခွဲမှု ဟာ သူရဲဘော နည်းတဲ့ လုပ်ရပ် ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီး ဒယ်ဖင် လိုရင်ဇာနာ က ပြောဆို ခဲ့ပြီး ဒေသခံ တွေ အနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ ပူးပေါင်း ပါဝင် ကြဖို့ တောင်းဆို ခဲ့ပါတယ်။

တိုက်ခိုက်မှု နောက်ကွယ် က တရားခံတွေကို ဖော်ထုတ်ပြီး ဥပဒေ အရ အပြစ်ပေး အရေးယူ နိုင်အောင် လုပ်ဆောင် သွားမယ်လို့လည်း သူက ပြောဆို ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်တုန်း က လုပ်ခဲ့တဲ့ ဆန္ဒ ခံယူ ပွဲမှာ ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်း က ဘန်ဆာမိုရို ဒေသ ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် လူများစု မွတ်ဆလင် တွေကမဲပေး ခဲ့ကြပါတယ်။

ဒါပေမယ့် အခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ ခရစ်ယာန် ဘုရားကျောင်း ရှိတဲ့ ဟုိလို ကျွန်း၊ ဆူလူ ခရိုင် ကတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆန္ဒ ခံယူပွဲမှာ ကန့်ကွက်မဲ ပေးခဲ့ကြသူ များတယ်လို့ ဆိုပါတယ်။

အဲဒီ ဆန္ဒခံယူ ပွဲဟာ ဖိလစ်ပိုင် အစိုးရ နဲ့ မိုရို အစ္စလမ်မစ် လွတ်မြောက်ရေး တပ်ဦး တို့ ရဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် အရ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းမှာ အစိုးရ နဲ့ အစ္စလာမစ် ခွဲထွက်ရေး သမား တွေ နဲ့ ဆယ်စုနှစ်များစွာ ဖြစ်ပွား နေတဲ့ တိုက်ခိုက်မှု တွေကို ဆန္ဒခံယူပွဲ ရလဒ်နဲ့ နိုင်ငံရေး အရ အဖြေရှာ နိုင်လိမ့်မယ်ဆို ပြီး တာဝန် ရှိသူတွေ က မျှော်လင့် ထားခဲ့ ကြတာလည်း ဖြစ်ပါတယ်။

Image caption ဂျိလို ကျွန်း ရှိရာ ဖိလစ်ပိုင် တောင်ပိုင်း

ဆက်စပ် အကြောင်းအရာများ