ဟွာဝေးအမှု နဲ့ ပတ်သက်လို့ အမေရိကန် ကို ဝေဖန်တဲ့ ကနေဒါ သံအမတ် ရာထူးက ထုတ်ပယ် ခံရ

ကနေဒါ ဝန်ကြီးချုပ် ထရူးဒိုး နဲ့ ဂျွန်မက်ကော်လန် ဓာတ်ပုံ မူပိုင် Reuters
Image caption ဂျွန် မက်ကော်လန် ကို ဝန်ကြီးချုပ် ထရူးဒိုး က ၂၀၁၇ ခုနှစ်မှာ တရုတ် နိုင်ငံဆိုင်ရာ ကနေဒါ သံအမတ် အဖြစ်ခန့်အပ်

ဟွာဝေး ကုမ္ပဏီရဲ့ ဘဏ္ဍာရေး ဒါရိုက်တာ မန်ဝန်ကျိုး အမှု နဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောကြား ခဲ့တဲ့ တရုတ် နိုင်ငံဆိုင်ရာ ကနေဒါ သံအမတ် ဂျွန် မက်ကော်လမ် ကို ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုး က ရာထူး ကနေ ထုတ်ပယ် လိုက်ပါတယ်။

ဂျွန် မက်ကော်လမ် ကို ရာထူန်း ကနေ နုတ်ထွက် ပေးဖို့ သူ့ အနေနဲ့ တောင်းဆို ခဲ့တယ်လို့ မစ္စတာ ထရူးဒိုး က ထုတ်ပြန်ချက် ထဲမှာ ထည့်သွင်း ပြောပေမယ့် ဘာ အကြောင်းပြချက် မှတော့ မပေးပါဘူး။

တရုတ် ဆက်သွယ်ရေး ကုမ္ပဏီ ဟွာဝေး ရဲ့ ဒါရိုက်တာ မန်ဝန်ကျိုး ဟာ ကနေဒါ နိုင်ငံမှာ ဖမ်းဆီး ခံထားရပြီး အမေရိကန် နိုင်ငံ က လွှဲပြောင်း ပေးဖို့ တောင်းဆို ခံ ထားပါတယ်။

မန်ဝန်ကျိုး ဖမ်းဆီး ခံရမှု အပြင် အမေရိကန် ရဲ့ လွှဲပြောင်း ဖို့ တောင်းဆို ချက် ကို တရုတ် နိုင်ငံ ဘက် က အပြင်းအထန် ကန့်ကွက် နေတာပါ။ ဒါကြောင့် အမေရိကန်၊ ကနေဒါ တို့ နဲ့ တရုတ် အကြား ဆက်ဆံရေး က အနည်းငယ် အဖုအထစ် တွေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေ က ပြောပါ တယ်။

ဟွာဝေး ဘဏ္ဍာရေးမှူး မန်ဝန်ကျိုးဟာ အမေရိကန် နိုင်ငံရဲ့ အီရန် အပေါ် ချမှတ် ထားတဲ့ ပိတ်ဆို့မှု တွေကို ဆန့်ကျင်ပြီး ဆက်သွယ်ရေး ကုန်ပစ္စည်းတွေ ရောင်းချ ခဲ့ကြောင်း အမေရိကန် ဘက်က စွပ်စွဲထားတာပါ။

ဒီစွပ်စွဲချက်ကို ဟွာဝေး ကုမ္ပဏီ ဘက် က ငြင်းဆို သလို မစ္စ မန်ဝန်ကျိုး ကိုယ်တိုင် ကလည်း သူ့ အနေနဲ့ ဘာအမှားအယွင်းမှ လုပ်ထားတာ မရှိဘူးဆိုပြီးတော့ ငြင်းဆို ထားပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟွာဝေး ဘဏ္ဍာရေး အမှုဆောင် အရာရှိ မန်ဝန်ကျိုး

ဟွာဝေး ကုမ္ပဏီ ရဲ့ ဘဏ္ဍာရေးမှူး ကို လွှဲပြောင်းပေးဖို့ အမေရိကန် ရဲ့ တောင်းဆိုချက် ဟာ အပြစ်အနာအဆာတွေ ရှိနေကြောင်း တရုတ် နိုင်ငံ ဆိုင်ရာ ကနေဒါ သံအမတ်ကြီး ဂျွန် မက်ကောလမ် က ဇန်နဝါရီ ၂၂ ရက်နေ့ အင်္ဂါနေ့မှာ ပြောဆို ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် နောက်တနေ့မှာတော့ သူ့ အနေနဲ့ ဟွာဝေး အမှု အခင်း နဲ့ ပတ်သက်လို့ မှားယွင်း ပြောဆို မိတာသာ ဖြစ်တယ်လို့ သူက ကြေညာချက် ထုတ်ပြန်ပြီး ပြန်လည် ပြောဆို ခဲ့ပါတယ်။

ဒီလို မှတ်ချက်ပေး ပြောကြား ခဲ့မှု နဲ့ ပတ်သက်လို့ ရှုပ်ထွေး မှုတွေ ဖြစ်ပေါ် စေခဲ့တဲ့ အတွက် နောင်တ ရမိကြောင်းလည်း သူက ပြောဆို ခဲ့ပါတယ်။

ဒါပေမယ့် ဇန်နဝါရီလ ၂၅ ရက် သောကြာ နေ့မှာတော့ အကယ်၍ အမေရိကန် အနေနဲ့ သူတို့ ရဲ့ တောင်းဆိုမှု ကို ရုပ်သိမ်း ပေးမယ် ဆိုရင် ကနေဒါ နိုင်ငံ အတွက် အလွန် ကောင်းလိမ့်မယ်လို့ သူက ပြောဆို ခဲ့ပြန်ပါတယ်။

၂၀၁၇ ခုနှစ် က စတင်ပြီး မစ္စတာ မက်ကော်လမ် ဟာ တရုတ် နိုင်ငံ ဆိုင်ရာ ကနေဒါ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့တာပါ။ သူဟာ အရင်တုန်း က လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး နဲ့ ကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ဇနီးသည်ဟာ တရုတ် အမျိုးသမီး ဖြစ်ပြီး ဒီ အကြောင်းအချက် ကြောင့်ပဲ တရုတ် နိုင်ငံ ဆိုင်ရာ သံအမတ် တာဝန် ထမ်းဆောင် ဖို့ သူက စိတ်အား ထက်သန် ခဲ့တယ်လို့ ကနေဒါ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ် က ဖမ်းဆီး ထားတဲ့ မိုက်ကယ် ဆေဗွာ နဲ့ မိုက်ကယ် ကိုဗက်

ကနေဒါ က သူ့ရဲ့ မဲဆန္ဒနယ်ဟောင်း အွန်တာရီယို ဒေသ ဟာ တရုတ်နွယ်ဖွား ကနေဒါ နိုင်ငံသားတွေ အများအပြား နေထိုင် ရာ ဒေသ လည်း ဖြစ်ပါတယ်။

ဟွာဝေး ကုမ္ပဏီ ရဲ့ ဘဏ္ဍာရေး အမှုဆောင် အရာရှိ မန်ဝန်ကျိုးဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တုန်း က ကနေဒါ နိုင်ငံ ဗန်ကူးပါး မြို့မှာ အမေရိကန် ရဲ့ တောင်းဆိုမှု ကြောင့် ဖမ်းဆီး ခံထားရတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ကနေဒါ ဒေါ်လာ ၁၀ သန်း အာမခံကြေးနဲ့ သူ့ကို တရားရုံး က အာမခံ ပေးထားပေမယ့် ၂၄ နာရီ စောင့်ကြည့်ခြင်း ခံနေရသလို၊ ဘယ်နေရာ ဘယ်ကို ရောက်နေသလဲ ဆိုတာ ကြည့်ရှု နိုင်မယ့် လျှပ်စစ် အာရုံခံ ကိရိယာ ကို လည်း ခြေထောက်မှာ ဝတ်ဆင် ထားရပါတယ်။

ဒီလ အစောပိုင်း တုန်း က မစ္စ မန်ဝန်ကျိုးကို အမေရိကန် ကို လွှဲပြောင်း ရယူ ပြီး အမှု စစ်ဆေး ဖို့ အမေရိကန် အနေနဲ့ စီစဉ် ထားကြောင်း တာဝန်ရှိသူတွေက ပြောကြားထားတာပါ။

ကနေဒါ နိုင်ငံ ကနေ အမေရိကန် ကို လွှဲပြောင်း ရယူဖို့ အတွက် ကနေဒါ တရားရုံး ကို ရက် ၆၀ အတွင်း အမေရိကန် အနေနဲ့ လျှောက်ထား ရမှာ ဖြစ်ပြီး၊ သတ်မှတ် ရက် ၆၀ က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ပြည့်မှာ ဖြစ်ပါတယ်။

မန်ဝန်ကျိုးကို ဖမ်းဆီး မိန့် ထုတ်ပြန် ထားမှု နဲ့ အမေရိကန် ကိုလွှဲပြောင်း ပေးဖို့ တောင်းဆိုချက် တွေကို ရုပ်သိမ်းဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန တောင်းဆို ထားပါတယ်။

ဟွားဝေး ဘဏ္ဍာရေး အမှုဆောင် အရာရှိ ဖမ်းဆီး ခံထားရမှု နဲ့ ပတ်သက်လို့ ကနေဒါ နဲ့ တရုတ် နဲ့ ကြား ဆက်ဆံရေး က တင်းမာမှုတွေ ရှိခဲ့ပြီး တရုတ် နိုင်ငံမှာ ရောက်ရှိနေတဲ့ ကနေဒါ နိုင်ငံသား တချို့ကို တရုတ်က ပြန်လည် ဖမ်းဆီး ခဲ့ပါတယ်။

မူးယစ် ဆေးဝါးမှု နဲ့ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ် ခံထားရတဲ့ ကနေဒါ နိုင်ငံသား တဦး ကိုလည်း မူလ ပြစ်ဒဏ် ဟာ သက်ညှာ လွန်းတယ် ဆိုပြီးတော့ တရုတ် တရားရုံး က သေဒဏ် ပြစ်ဒဏ်ကို ပြင်ဆင် ချမှတ် ခဲ့ပါတယ်။

ဒါ့အပြင် ကနေဒါ နိုင်ငံသား စီးပွားရေး သမားတွေ ဖြစ်တဲ့ မိုက်ကယ် စပါဘွာ နဲ့ သံတမန်ဟောင်း တဦး ဖြစ်တဲ့ မိုက်ကယ် ကိုဗက် တို့ကိုလည်း ဟွာဝေး ဒါရိုက်တာ မန်ဝန်ကျိုး ဖမ်းဆီး ခံရမှု ကို တုန့်ပြန်တဲ့ အနေနဲ့ တရုတ် က ပြန်လည် ဖမ်းဆီး ခဲ့ပါတယ်။

ဒီလို ကနေဒါ နိုင်ငံသားတွေကို ပြန်လည် ဖမ်းဆီး တဲ့ လုပ်ရပ်ဟာ မန် ဝန်ကျိုး ဖမ်းဆီး ခံရမှု ကို လက်စားချေ တာလို့ ကနေဒါ ဘက်က စွပ်စွဲ ပေမယ့် တရုတ် ဘက်ကတော့ စွပ်စွဲချက် တွေကို ငြင်းဆို ပါတယ်။

ဆက်စပ် အကြောင်းအရာများ