တိုက်ပွဲဖြစ်ခဲ့တဲ့ ရသေ့တောင်မှာ ရွှေငွေလက်ဝတ်ရတနာတွေ ပျောက်ဆုံးခဲ့တယ်လို့ ရွာသားတွေ တိုင်ကြားတဲ့ သတင်းအပါအဝင် မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption တပ်မတော်နဲ့ အေအေတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာသားများ

(၁) တိုက်ပွဲဖြစ်ခဲ့တဲ့ ရသေ့တောင်မှာ ရွှေငွေလက်ဝတ်ရတနာတွေ ပျောက်ဆုံးခဲ့တယ်လို့ တိုင်ကြား

ဇန်နဝါရီလ ၂၇ ရက်နေ့က ရသေ့တောင်မြို့နယ်၊ သမီးလှရွာသစ်အနီးမှာ တိုက်ပွဲအပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွာသားတွေကို စာသင်ကျောင်းမှာစုထားပြီး တစ်အိမ်တက်ဆင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာမှာ နေအိမ် ၆၄ အိမ်က ရွှေတွေအပြင် ငွေကြေးတချို့ ပျောက်ဆုံးခဲ့တယ်လို့ အဲ့ဒီကျေးရွာသားတွေက ပြောပါတယ်။

ရွာသားတစ်ဦးဖြစ်တဲ့ ဦးသန်းမောင်ထွန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သူ့အိမ်ပေါ်တက်ရှာစဉ်မှာ ရွှေ ၆ ကျပ်သား နဲ့ ပိုက်ဆံ ၂ သိန်း ပါသွားတယ်လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ကတော့ ဒီကိစ္စကိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အထိ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ 'ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားလာမယ်ဆိုရင်တော့ တပ်မတော် လုပ်ထုံးလုပ်နည်းနဲ့အညီ စီစစ်သွားမယ်' လို့ ဘီဘီစီကို ပြောပါတယ်။

(၂) ပါတီက ထုတ်ပယ်ခံထားရတဲ့ ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဌ ရာထူးက နုတ်ထွက်မယ်

ဓာတ်ပုံ မူပိုင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး
Image caption ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်

နိုင်ငံတော်ဘဏ္ဍာငွေနဲ့ လွှတ်တော်အတွက် ကား ၅ စီးဝယ်ယူရာမှာ အလွဲသုံးစားမှု သံသယနဲ့ NLD ပါတီက ထုတ်ပယ်ခံထားရတဲ့ ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ဦးစံမင်းအောင်ဟာ အခုတော့ လွှတ်တော်မှာ တရားဝင်နုတ်ထွက်စာ တင်လိုက်ပြီ ဖြစ်ပါတယ်။

သူဟာ တိုင်းဒေသကြီးလွှတ်တော်ရုံးမှာ အသုံးပြုမယ့် ငွေကျပ်သိန်း ၁၅၀၀ ကျော်နဲ့ ကား ၅ စီးဝယ်ယူတဲ့ကိစ္စမှာ ငွေကြေးကွာဟချက်တွေ ရှိတယ်ဆိုပြီး NLD ပါတီဗဟိုကို တိုင်ကြားခံခဲ့ရသူပါ။

စစ်ဆေးပြီး အပြစ်ရှိကြောင်းတွေ့ရှိလို့ ပါတီက ရာသက်ပယ်ထုတ်ပယ်အပြီးမှာတော့ သူဟာ လွှတ်တော်ဒုဥက္ကဌရာထူးကပါ နုတ်ထွက်မယ်ဆိုပြီး လာရောက်အကြောင်းကြားခဲ့တယ်လို့ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က ပြောပါတယ်။

တိုင်းလွှတ်တော်ဒုဥက္ကဌအဖြစ်ကနေ နုတ်ထွက်စာတင်ပြီးဖြစ်ပေမယ့်လည်း ဦးစံမင်းအောင်ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်တော့ ဆက်ရှိနေဦးမှာပါ။

ကားဝယ်ယူရေးကိစ္စမှာ ငွေကျပ်သိန်းထောင်နဲ့ချီပြီး အလွဲသုံးစားမှု ရှိခဲ့တယ်ဆိုတဲ့ သံသယနဲ့ ပတ်သက်လို့တော့ ဦးစံမင်းအောင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားထားတယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုလို့တော့ မရသေးပါဘူး။

(၃) အမေရိကန်သံတမန်တွေကို ဗင်နီဇွဲလားက ခြိမ်းခြောက်ရင် တုံ့ပြန်မယ်လို့ အိမ်ဖြူတော်ထုတ်ပြန်

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်

အမေရိကန်ပြည်ထောင်စု နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်က အမေရိကန်သံတမန်တွေနဲ့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုက်ဒိုကို ခြိမ်းခြောက်ရင် ဗင်နီဇွဲလားအစိုးရကို ထိထိရောက်ရောက်တုံ့ပြန်သွားမယ်လို့ ပြောလိုက်ပါတယ်။

အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုက်ဒိုဟာ ကြားဖြတ်အစိုးရရဲ့ သမ္မတအဖြစ်နဲ့ သူ့ကိုယ်သူကြေညာထားတာဖြစ်ပြီး အမေရိကန်နဲ့ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံပေါင်း ၂၀ ကျော်က ထောက်ခံအသိအမှတ်ပြုထားကြပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရွေးကောက်ပွဲအသစ်ကို ၈ ရက်အတွင်းကျင်းပဖို့ ဗင်နီဇွဲလားအစိုးရကို ရာဇသံပေးထားပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက ရာဇသံပေးတာဟာ ရိုင်းစိုင်းရန်လိုတဲ့အပြုအမှုဖြစ်တယ်လို့ တုံ့ပြန်လိုက်ပြီး 'ဥရောပဟာ ရိုင်းစိုင်းရန်လိုတဲ့ ရပ်တည်ချက်မျိုး ကျင့်သုံးနေပါတယ်၊ သူတို့ဟာ သူတို့ရာဇသံကို ပြန်ရုပ်သိမ်းရပါမယ်၊ ကျွန်တော်တို့ကို ဘယ်သူကမှလာပြီး ရာဇသံပေးလို့ မရပါဘူး' လို့ ပြောပါတယ်။

ပါနားမားမှာ ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်ကတော့ ဗင်နီဇွဲလားအကျပ်အတည်းကို ငြိမ်းချမ်းပြီး တရားမျှတတဲ့နည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တောင်းဆိုလိုက်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာကြဖို့ကိုလည်း ကတ်သလစ်လူငယ် ၂ သိန်းလောက်နဲ့ တွေ့စဉ်မှာ ပြောလိုက်ပါတယ်။

'ဗင်နီဇွဲလားအခြေအနေဟာ အလွန်အန္တရာယ်ကြီးမားတဲ့ အခြေအနေကို ကျရောက်နေတဲ့အတွက် သက်ဆိုင်ရာအင်အားစု အားလုံးက လူထုမျက်နှာထောက်ထားကြဖို့' ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

မစ္စတာမာဒူရိုဟာ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲတုန်းက မဲမသာမာမှုတွေနဲ့ အနိုင်ရခဲ့တယ်ဆိုပြီးတော့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရတာပါ။

ဒါပေမယ့်တော့ သူဟာ ဗင်နီဇွဲလားသမ္မတအဖြစ် အခုလအစောပိုင်းတုန်းက ကျမ်းသစ္စာ ကျိန်ဆိုထားပြီးဖြစ်ပါတယ်။

(၄) ဘရာဇီးဆည်ကျိုးမှုကြောင့် ပျောက်ဆုံးသူတွေကို အသက်ရှင်လျက်ကယ်ဆယ်နိုင်မယ့် မျှော်လင့်ချက်နည်းလာနေ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပျောက်ဆုံးသူတွေကို အသက်ရှင်လျက်ကယ်ဆယ်နိုင်မယ့် မျှော်လင့်ချက်နည်းလာနေ

ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ ဆည်ကျိုးကျပြီး ပျောက်ဆုံးနေဆဲဖြစ်တဲ့ ရာနဲ့ချီတဲ့ လူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ပြန်လည်ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

ဆည်ကျိုးကျခဲ့တဲ့ ဧရိယာထဲမှာ နောက်ထပ် ဆည်တစ်ခု ထပ်ကျိုးမလို ဖြစ်တဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို နာရီအတန်ကြာ ဆိုင်းငံ့ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ရပြီး အခုတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်စနေပါပြီ။

နောက်ထပ်ဆည်ကျိုးနိုင်တဲ့ အလားအလာကြောင့် လူပေါင်း ၃ ထောင်လောက်ကို အိုးအိမ်နေရာ ရွှေ့ပြောင်းခိုင်းထားရပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့က ဆည်ကျိုးကျတဲ့ဖြစ်ရပ်ကြောင့် အနည်းဆုံး ၅၈ ဦးသေဆုံးတယ်လို့ အတည်ပြုနိုင်ပြီး ပေါင်း ၃၀၀ ကျော်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ လူပေါင်း ၁၉၂ ဦးကိုပဲ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကျိုးကျခဲ့တဲ့ဆည်ဟာ ဘရာဇီးရဲ့ အကြီးဆုံး သံသတ္တုတူးဖော်ရေး သတ္တုမိုင်းနဲ့ နယ်မြေတစ်ခုထဲအတွင်းမှာ ရှိပြီး ဘာကြောင့် ကျိုးခဲ့ရတယ်ဆိုတဲ့ အကြောင်းရင်းကို ခုထိ တိတိပပ မထုတ်ပြန်သေးပါဘူး။