၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအဆို ဒီကနေ့လွှတ်တော် တင်မယ့် အကြောင်းအပါအဝင် မနက်ခင်းသိသင့်တဲ့ သတင်းများ

ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၂ ခုနှစ်တုန်းက လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုဖို့ လာရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

(၁) ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအဆို ဒီကနေ့လွှတ်တော် တင်မယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အရေးပေါ်ခေါ်တွေခဲ့ပြီးတဲ့နောက် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တွေက ပါတီလွှတ်တော်ကိုယ်စားလှယ်တွေ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဒီသတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအဆိုကို တင်သွင်းမယ်ဆိုပြီး ပါတီဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့တယ်လို့ ပါတီလွှတ်တော်ကိုယ်စားလှယ်တချို့က ဘီဘီစီကို အတည်ပြုပြောပါတယ်။

ဒီအပေါ် ပါတီပြောရေးဆိုခွင့်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး လျာထားချက်စာရင်းမှာတော့ ဖွဲ့စည်းပုံပြင်ရေးအဆို မပါတဲ့အတွက် ဒါဟာ အရေးကြီးအဆိုတင်တာမျိုး ဖြစ်လာနိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

(၂) ရသေ့တောင်တိုက်ပွဲမှာ ကျည်မှန်ခဲ့တဲ့ ကလေးငယ်သေဆုံး

ဓာတ်ပုံ မူပိုင် NARINJARA
Image caption ဒဏ်ရာရတဲ့ ကလေးကို ဆေးရုံကို ခေါ်ဆောင်လာစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ဘက် သမီးလှ ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေ တို့အကြား ဇန်နဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့တဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးဟာ စစ်တွေဆေးရုံကနေ ရန်ကုန်ကို ဆေးကုသဖို့ ခေါ်ဆောင်စဉ် ကျော်တော်မြို့အရောက်မှာ သေဆုံးသွားခဲ့ပါတယ်။

ကလေးငယ်ဟာ မိခင်ဖြစ်သူအပါအဝင် ညီအစ်ကို မောင်နှမတွေနဲ့ အိမ်မှာအတူ ရှိနေစဉ်မှာ တိုက်ပွဲဖြစ်ပွားရာက ပစ်ခတ်တဲ့ သေနတ်ကျည်ဆံက ဦးခေါင်း ညာဘက်နားထင်ကို ရှပ်ပြီး ထိမှန်ခဲ့တာပါ။

ကလေးငယ်ကို တိုက်ပွဲပြီးတာနဲ့ ရသေ့တောင်မြို့နယ်ဆေးရုံကနေ စစ်တွေဆေးရုံကို တင်ပို့ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ရသေ့တောင်ကနေ စစ်တွေဆေးရုံ အဲ့ဒီကမှ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်စဉ် လမ်းမှာတင် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

(၃) ဟွာဝေး နဲ့ ဟွာဝေးရဲ့ ဘဏ္ဍာရေးမှူးကို အမေရိကန် စွဲချက်တင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟွာဝေးကုမ္ပဏီရဲ့ ဘဏ္ဍာရေးမှူး မန်ဝမ်ကျိုး

တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးနဲ့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးမှူး မန်ဝမ်ကျိုးတို့ကို အမေရိကန်တရားရေးဌာနက လိမ်လည်မှု၊ တရားစီရင်ရေးကို နှောင့်ယှက်မှု၊ အမေရိကန်နည်းပညာကုမ္ပဏီ T Mobile က နည်းပညာခိုးယူမှု စတဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်လိုက်ပါတယ်။

မန်ဝမ်ကျိုးဟာ ဟွာဝေးကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းတွေကနေတဆင့် အီရန်အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။

သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့တုန်းက ကနေဒါမှာ ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီနောက် အမေရိကန်ဒေါ်လာ ၇.၆ သန်း အာမခံရထားပေမယ့် စောင့်ကြည့်ခံနေရဆဲ ဖြစ်ပါတယ်။

ဟွာဝေးကိစ္စကြောင့် တရုတ်၊ ကနေဒါနဲ့ အမေရိကန်တို့အကြား ဆက်ဆံရေး အဖုအထစ်ဖြစ်နေပြီး မန်ဝမ်ကျိုးကတော့ ကနေဒါကနေ အမေရိကန်ကို လွှဲပြောင်းခံရဖွယ်ရှိနေပါတယ်။

မန်ဝမ်ကျိုးဟာ ဟွာဝေးကုမ္ပဏီကို တည်ထောင်သူခဲ့ရဲ့ သမီးဖြစ်ပြီး အခုအမေရိကန်ရဲ့ စွဲချက်တွေအပေါ် ငြင်းဆိုထားပါတယ်။

(၄)အမေရိကန်က ဗင်နီဇွဲလားအစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှုပြု

ဓာတ်ပုံ မူပိုင် EPA
Image caption ဗင်နီဇွဲလားသမ္မတ မဒူရိုကို တွေ့ရစဉ်

အမေရိကန်အစိုးရက ဗင်နီဇွဲလားအစိုးရပိုင် PDVSA ရေနံကုမ္ပဏီကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

အမေရိဘဏ္ဍရေးဝန်ကြီး စတီဗင်မန်နျူရှင်က 'သမ္မတ နီးကိုလက်စ်မဒူရို အစိုးရရဲ့ ရေနံအရောင်းအဝယ်လုပ်ငန်းကို ပိတ်ဆို့လိုက်ပြီဖြစ်ပေမယ့် အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုက်ဒိုကို ကြားဖြတ်အစိုးရရဲ့ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမယ်' လို့ ပြောပါတယ်။

မစ္စတာမန်နျူရှင်က PDVSA ရေနံကုမ္ပဏီဟာ ငွေအလွဲသုံးစားပြုမှု၊ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ စွပ်စွဲပြီး ဗင်နီဇွဲလားနိုင်ငံပိုင် ရန်ပုံငွေတွေကို အလဲလဲအပြိုပြို မဖြစ်အောင် အမေရိကန်က အကာအကွယ်ပေးတာလို့လည်း ပြောပါတယ်။