မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အဖြေရှာဖို့ကြိုးစားနေတယ်လို့ ဝန်ကြီးဦးသောင်းထွန်းပြောတဲ့အကြောင်းအပါအဝင် ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ခင်းသိသင့်တဲ့သတင်းများ

ဓာတ်ပုံ မူပိုင် EPA
Image caption မြစ်ဆုံကို ကန့်ကွက်မှုတွေ တိုးလာနေ

(၁) မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အဖြေရှာဖို့ကြိုးစားနေတယ်လို့ ဝန်ကြီးဦးသောင်းထွန်းပြော

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ Invest Myanmar Summit 2019 ပွဲ ဒုတိယနေ့သတင်းစာရှင်းလင်းပွဲမှာ ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဦးသောင်းထွန်းက 'မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ အဖြေတစ်ခုရှာဖွေဖို့ ကြိုးစားနေတယ်'လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

'မြစ်ဆုံနဲ့ ပတ်သက်တဲ့ ကော်မရှင်တစ်ခု ရှိနေတာကြောင့် မြစ်ဆုံနဲ့ ပတ်သက်တဲ့ အဖြေတစ်ခုက ဘာဖြစ်မလဲဆိုတာ မသိပေမယ့် ဒီအထဲမှာ ဆည်ရဲ့အရွယ်အစားကို သေးလိုက်တာ၊ တခြားနေရာကို ပြောင်းရွှေ့တာ စတာတွေဟာ ဖြစ်နိုင်ချေရှိတဲ့ အဖြေတွေဖြစ်နိုင်တယ်' လို့လည်း ဝန်ကြီးဦးသောင်းထွန်းက ပြောပါတယ်။

'အရင်အစိုးရလက်ထက်က မြစ်ဆုံကိုခေတ္တရပ်ဆိုင်းထားခဲ့တယ်၊ အခုအစိုးရလက်ထက်မှာတော့ ဒါကို ပြန်စိစစ်နေပါတယ်။ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကိုတော့ လျစ်လျူရှုလို့ မရပါဘူး၊ မြစ်ကြီးက နိုင်ငံအတွက် အရေးကြီးသလို နိုင်ငံဖွံဖြိုးရေးအတွက်လည်း လျှပ်စစ်လိုပါတယ်' လို့ ဝန်ကြီးက ပြောပါတယ်။

မြစ်ဆုံစီမံကိန်းအတွက် အစိုးရအရာရှိကြီးတွေပါတဲ့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းထားပြီး ကော်မရှင်အစီရင်ခံစာ ထွက်လာမယ့်အခြေအနေပေါ် မူတည်လို့ အခြေအနေရ ဆောင်ရွက်ဖွယ်ရှိပြီး တရုတ်နဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ်ဆိုတာ ထည့်သွင်းစဉ်းစားထားတယ်လို့လည်း ရင်းနှီးမြုပ်နှံမှုဖိုရမ် သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးဦးသောင်းထွန်းက ပြောခဲ့ပါတယ်။

(၂) တာချီလိတ်က သူဌေးတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဓာတ်ပုံ မူပိုင် Sai Kham Boo
Image caption ဆိုင်ကယ်တစ်စီးပေါ်က မျက်နှာဖုံးစွပ်သေနတ်သမား ၂ ဦးက ပစ်ခတ်ခဲ့

ဇန်နဝါရီ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်လောက်မှာ မြို့မျက်နှာဖုံးသူဌေး ဦးအားဖဟာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးမီးပွိုင့်အနီး မီးနီမိလို့ ကားရပ်ထားစဉ် လူ ၂ ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရပါတယ်။

အခင်းဖြစ်ပွားစဉ်ကားပေါ်မှာ ဦးအားဖာနဲ့အတူ အိမ်အကူ အမျိုးသမီ ၄ဦးပါလာခဲ့ပြီး ဆိုင်ကယ်တစ်စီးပေါ်က မျက်နှာဖုံးစွပ်သေနတ်သမား ဆိုင်ကယ်တစ်စီးပေါ်က မျက်နှာဖုံးစွပ်သေနတ်သမား ၂ ဦးက ပစ်ခတ်ခဲ့ဦးအားဖာကို သေနတ်နဲ့ ၇ချက်ခန့် ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေရဲ့ ပြောကြားချက်ကို တာချီလိတ်နာရေးကူညီမှုအသင်းဥက္ကဌ ဦးလှမိုးက ပြန်ပြောပါတယ်။

အခုတော့ ထွက်ပြေးသွားတဲ့ မျက်နှာဖုံးစွပ်သေနတ်သမား ၂ဦး ကို လိုက်လံဖမ်းမိနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်က ပြောပါတယ်။

(၃) နျူကလီးယားလက်နက်ကို မြောက်ကိုရီးယားစွန့်လွှတ်မှာ မဟုတ်ဘူးလို့ အမေရိကန်ပြော

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဒန်ကုတ်စ်

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်အစီစဉ်ကို စွန့်လွှတ်ဖို့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီက အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်တွေအတွက် နျူကလီးယားလက်နက်ဟာ သူတို့အစိုးရ ရပ်တည်ရေးမှာ အရေးပါတယ်ဆိုတဲ့ အမြင်ရှိတယ်လို့ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် ဒန်ကုတ်စ် က ပြောလိုက်ပါတယ်။

အမေရိကန်ထောက်လှမ်းရေးအကြီးအကဲတွေက အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုနဲ့ဆိုင်တဲ့ နှစ်စဉ်အကဲဖြတ်ချက်အစီရင်ခံစာမှာ အီရန်နိုင်ငံအနေနဲ့ကတော့ နျူကလီးယားလက်နက်ကို အသည်းအသန်တည်ဆောက်တာမျိုး မရှိတော့ဘူးလို့လည်း သုံးသပ်ထားပါတယ်။

ဒါ့အပြင် အစွန်းရောက် အိုင်အက်စ်တွေက ဆီးရီးယား၊ အီရန် နဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ညွှန်ကြားအမိန့်ပေးနေဆဲ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

သမ္မတထရမ့်ကတော့ အိုင်အက်စ်တွေကို ခြေမှုန်းနိုင်ခဲ့ပြီး အမေရိကန်တပ်ဖွဲ့တွေကို ဆီးရီးယားကနေ ထွက်ခွာမယ်လို့ ပြောဆိုထားပါတယ်။

(၄) ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်ကို နိုင်ငံကနေထွက်ခွာခွင့်ပိတ်

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုက်ဒို

ဗင်နီဇွဲလားဗဟိုတရားရုံးချုပ်က အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုက်ဒိုကို နိုင်ငံကနေ မထွက်ခွာဖို့ တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မစ္စတာ ဂွိုက်ဒိုရဲ့ ဘဏ်အကောင့်ကိုလည်း ရပ်ဆိုင်းထားလိုက်ပြီး ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက မစ္စတာ ဂွိုက်ဒိုက သူ့ကိုယ့်ကိုယ် ဗင်နီဇွဲလားရဲ့ စင်ပြိုင်သမ္မတအဖြစ် ကြေညာခဲ့ပြီးတဲ့နောက် အာဏာယှဉ်ပြိုင်မှုတွေ ပိုမြင့်လာတာဖြစ်ပါတယ်။

မစ္စတာ ဂွိုက်ဒိုကတော့ သမ္မတ နီကိုးလက်စ်မဒူရို အစိုးရဆီကနေ ဘာမှ မျှော်လင့်မထားဘူးလို့ ပြောပါတယ်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေကတော့ မစ္စတာဂွိုက်ဒိုဟာ ကြားဖြတ်အစိုးရရဲ့ သမ္မတအဖြစ်နဲ့ သူ့ကိုယ်သူကြေညာထားတဲ့အပေါ် ထောက်ခံအသိအမှတ်ပြုထားကြပါတယ်။