ဘန်ကောက်မှာ မီးခိုးမြူပိတ်ဖုံးမှု ကျန်းမာရေးကိုထိခိုက်လာ

ထိုင်း၊ မီးခိုးမြူ၊ စာသင်ကျောင်း ဓာတ်ပုံ မူပိုင် Getty Images
Image caption မီးခိုးမြူတွေကြောင့် ကျောင်း ၄၀၀ကျော် မပိတ်စဖူး ပိတ်လိုက်ရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မီးခိုးမြူ ပမာဏဟာ အန္တရာယ် ရှိလောက်တဲ့ အတိုင်းအတာ ဖြစ်လာတဲ့အတွက် ကျောင်း ၄၀၀ ကျော်လောက်ကို ပိတ်ထားလိုက်ပါတယ်။ အခုလောက် ကျောင်းတွေ အများကြီး ပိတ်လိုက်ရတာဟာ အရင်က မလုပ်ဖူးတဲ့ အရေးယူဆောင်ရွက်မှုမျိုး ဖြစ်ပါတယ်။

မီးခိုးမြူတွေကြောင့် ကျောင်းသားတွေရဲ့ ကျန်းမာရေး စိုးရိမ်ရတဲ့အတွက် ဇန်နဝါရီလ ၃၀ ရက် ဗုဒ္ဓဟူးနေ့ နေ့လယ်က စလို့ အခုသီတင်းပတ်ကုန် ရက်ပိုင်းအထိ ကျောင်းတွေ အားလုံး ပိတ်ထားမယ်လို့ ဘန်ကောက်မြို့တော်ဝန်က ပြောပါတယ်။

လေထုညစ်ညမ်းတာကို လျှော့ချဖို့ သကြားရည်တွေကို ကောင်းကင်ပေါ်ကနေ ဒရုန်း ၅၀ လောက်နဲ့ ဖျန်းပက်ဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။ဒါပေမယ့်လည်း ဒီလိုလုပ်တာဟာ ဘယ်လောက် ထိရောက်မှု ရှိမလဲ ဆိုတာကို မေးခွန်းထုတ်နေကြသလို သကြားရည်တွေကြောင့် လမ်းတွေပေါ်မှာ အချိုခဲတွေနဲ့ မှိုတက်တာတွေ ဖြစ်လာနိုင်တယ်လို့လည်း ဝေဖန် ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီ့မတိုင်ခင်ကတော့ မီးခိုးမြူတွေ လျော့ပါးသွားစေဖို့ တိမ်အတုတွေနဲ့ မိုးရွာသွန်းအောင် ဖန်တီးတာတွေ၊ မိုးပျံလမ်းတွေပေါ်မှာ ရေတွေနဲ့ ပက်ဖျန်းတာတွေ လုပ်ခဲ့ပါတယ်။ ဘန်ကောက် မြို့သူ မြို့သားတွေကို တရုတ် နှစ်သစ်ကူးကာလ အတွင်း အမွှေးတိုင်တွေ၊ စက္ကူတွေ မီးမရှို့ဖို့ကိုလည်း အာဏာပိုင်တွေက ပြောထားပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption မီးခိုးမြူ မရှူမိအောင် လူတိုင်းနီးပါး နှာခေါင်းစည်း သုံးနေကြလို့ ဆိုင်တွေမှာ နှာခေါင်းစည်း ဝယ်မရအောင် ပြတ်လပ်သွား

ဘန်ကောက်မြို့မှာ မီးခိုးမြူတွေ ဖုံးနေတာ သီတင်းပတ်နဲ့ ချီ ရှိနေပါပြီ။ ဒါဟာ ယာဉ်အသွားအလာတွေ၊ အဆောက်အဦ ဆောက်လုပ်မှုတွေ၊ စိုက်ခင်း အမှိုက် မီးရှို့မှုတွေ၊ စက်ရုံတွေက ထွက်လာတဲ့ မီးခိုးတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့ရဲ့ မီးခိုးမြူ ပမာဏဟာ ၁ ကုဗမီတာကို ၁၇၀ မိုက်ခရိုဂရမ်လောက် ရှိနေတာမို့ အထူးသဖြင့် အသက်အရွယ် ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေ အတွက် ကျန်းမာရေး အန္တရာယ် ရှိလာနိုင်ပါတယ်။

အခုအခါ ဘန်ကောက်မြို့မှာ မီးခိုးမြူတွေ မရှူမိအောင် လူတိုင်းလိုလို နှာခေါင်းစည်းတွေ ဝတ်ထားကြပြီး ဆိုင်တွေမှာ နှာခေါင်းစည်းတွေ ဝယ်လို့ မရတဲ့အထိ ပြတ်သွားပါတယ်။