အီရန်တော်လှန်ရေးကို စခဲ့တဲ့ ခိုမေနီရဲ့ ပြည်တော်ပြန်ခရီးမှာ အတူပါခဲ့သူ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြည်နှင်ဒဏ်ခံနေရတုန်းက ပြင်သစ်နိုင်ငံ Neauphle le Chateau မှာ နေနေခဲ့ရတဲ့ အယာတိုလာခိုမေနီ

ပြည်ပမှာ ပြည်နှင်ဒဏ်ခံနေရတဲ့ အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာခိုမေနီရဲ့ လွန်ခဲ့တဲ့ နှစ် ၄၀ က အိမ်အပြန်ခရီးဟာ ၂၀ ရာစု ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းဝင်ဖြစ်ရပ်ပါ။ ခိုမေနီ အီရန်ပြန်ရောက်ပြီး အစ္စလာမ်မစ်တော်လှန်ရေးကို စခဲ့ပါတယ်။ အဲဒီ တီဟီရန်ဆီ အိမ်အပြန်ခရီးမှာ ဘီဘီစီရဲ့ ဂျွန်ဆင်မဆင်က သူနဲ့လေယာဉ်တစ်စီးထဲလိုက်ပါခဲ့တဲ့သူပါ။

ပြင်သစ်မြို့တော် ပဲရစ်ရဲ့ အပြင်ဘက်နားက Neauphle-le-Chateau ရွာလေးဟာ ပြည်နှင်ဒဏ်ခံနေရချိန်က အယာတိုလာခိုမေနီနဲ့ သူ့ နောက်လိုက်တွေ နေခဲ့တဲ့ နေရာပါ။ ပြီးခဲ့တဲ့ အနှစ်လေးဆယ်အတွင်း အဲဒီနေရာမှာ ဘာမှ ကြီးကြီးမားမား အပြောင်းအလဲ မရှိခဲ့ပါဘူး။ ခိုမေနီရဲ့ ပြည်ပအခြေစိုက်ဌာနချုပ်နေရာကတော့ သူ ပြန်သွားပြီး သိပ်မကြာခင်မှာပဲ ဖောက်ခွဲဖျက်ဆီးခံလိုက်ရပါတယ်။

ဒါပေမယ့် ကမ္ဘာ့စာမျက်နှာမှာတော့ အဲဒီအနှစ် ၄၀ အတွင်းမှာ အပြောင်းအလဲကြီးတွေ အများကြီး ကြုံတွေ့ခဲ့ရပြီးပါပြီ။ အဲဒီအပြောင်းအလဲကြီးတွေ ဖြစ်လာစေခဲ့တဲ့ နောက်ခံအကြောင်းတွေကတော့ ဒီ ပြင်သစ်ရွာကလေးမှာ ဖြစ်ပျက်ခဲ့ပါတယ်။

အကြီးအကျယ်လွဲသွားတဲ့ တွက်ချက်မှု

အီရန်မှာ တော်လှန်ရေး လှုပ်ရှားမှုတွေ ၁၉၇၈ မှာ စဖြစ်လာတဲ့ အချိန်က အယာတိုလာခိုမေနီဟာ အီရတ်က ရှီယာတို့ရဲ့ အထွတ်အမြတ်ထားရာ နာဂျဖ်မြို့ကလေးမှာ အစောင့်အကြပ်ထူထူထပ်ထပ်နဲ့ စောင့်ကြည့်ခံထားရတဲ့အချိန်ပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီလောက်နှစ်တွေကြာပြီးမှ အိမ်ပြန်ရတာ ဘယ်လိုခံစားရလဲလို့ သတင်းသမားတစ်ယောက်ကမေးတော့ ခိုမေနီက ဘာမှ မခံစားရဘူးလို့ ဖြေခဲ့ပါတယ်။

အဲဒီအချိန်က အီရတ်မှာ ဆက်ဒမ်ဟူစိန်အာဏာရနေပါပြီ။ အီရန်က ရှားဘုရင်က ခိုမေနီကို အီရတ်က မောင်းထုတ်ဖို့ ဆက်ဒမ်ဟူစိန်ကို တိုက်တွန်းခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ ရှားဘုရင်ရဲ့ အကြီးအကျယ် လွဲချော်သွားတဲ့ တွက်ချက်မှုပါပဲ။ ပြင်သစ်ကို ထွက်ပြေးသွားရတဲ့ အယာတိုလာဟာ အဲဒီကနေ တကမ္ဘာလုံးကို လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ခွင့်ရသွား ပါတော့တယ်။

တင်းမာပြင်းထန်တဲ့ သူ့သဘောထားကြောင့်ရယ်၊ အလျော့မပေး မေစ့စပ်ဘူးဆိုတဲ့ မူတွေကိုင်စွဲထားတဲ့ အယာတိုလာဟာ သိပ်မကြာခင် ကမ္ဘာမှာ အသိအမှတ်ပြုခံရသူ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၁၉၇၉ ဇန်နဝါရီလမှာ ရှားဘုရင် အီရန်က ထွက်ပြေးရတဲ့အခါမှာတော့ အယာတိုလာအတွက် ပြည်တော်ပြန်ပြီး ဘုရင်စနစ်ကို အပြီးသပ် ဖြိုလှဲလိုက်ဖို့ အခွင့်ရသွားခဲ့ပါတယ်။

အယာတိုလာရဲ့ အဲဒီအိမ်အပြန်ခရီးအတွက် ငှားထားတဲ့ စီးလုံးငှား လေယာဉ်ပေါ်မှာ ဘီဘီစီသတင်းထောက် ကျွန်တော် ဂျွန်ဆင်မဆင်နဲ့ ကင်မရာမင်းတစ်ယောက်တို့လည်း လိုက်ပါသွားနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၁၅ နှစ်ကြာ ပြည်ပမှာနေနေရပြီး တီဟီရန်ကို ပြန်ရောက်လာတဲ့ ခိုမေနီ၊ သူပြန်ရောက်ပြီး တော်လှန်ရေးနဲ့ အီရန်ကို အစ္စလာမ်နိုင်ငံတော်အဖြစ် ထူထောင်ခဲ့ပါတယ်။

ဘီဘီစီက အဲဒီလို မလိုက်သွားဖို့ ကျွန်တော့်ကို မှာထားတယ်၊ ဒါပေမယ့်လည်း ကျွန်တော်ကတော့ သိပ်စိတ်လှုပ်ရှားနေတာနဲ့ပဲ ဘာပဲဖြစ်ဖြစ်ဆိုပြီး လိုက်သွားခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ လုံးဝအမှားကြီး ဖြစ်တော့မလို ကြုံခဲ့ရပါသေးတယ်။ လေယာဉ်ပျံနေတုန်းမှာပဲ အယာတိုလာရဲ့ အရာရှိတစ်ယောက်က ထုတ်ပြောလာပါတယ်။ အီရန်လေတပ်ဟာ ရှားဘုရင်ကို ဆက်သစ္စာခံနေသေးတာမို့ အယာတိုလာတို့ စီးလာတဲ့ လေယာဉ် အီရန်လေပိုင်နက်ထဲ ဝင်လာတာနဲ့ ပစ်ချဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းရထားတယ်လို့ ကြေညာပါတယ်။

လေယာဉ်ပေါ်ပါလာတဲ့ ကျွန်တော်တို့လို သတင်းသမားတွေက တော်တော်လေး တုန်လှုပ်ပြီး ငြိမ်သက်သွားချိန်မှာ ခိုမေနီဘက်တော်သား တော်လှန်ရေးအတွက် စိတ်တက်ကြွနေသူတွေကတော့ အော်ဟစ်ကြွေးကြော်ကြ၊ ငိုကြွေးကြနဲ့ ဆူညံသွားပါတယ်၊ သူတို့က အသက်အသေခံပြီး သူရဲကောင်းဆိုတဲ့ ဘွဲ့ခံချင်နေကြတာပါ။

အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ခြင်း

လေယာဉ်ရှေ့ပိုင်း ပထမတန်းက ခုံတစ်ခုံမှာ ထိုင်နေတဲ့ အယာတိုလာကို ဗီဒီယိုရိုက်ဖို့ ကျွန်တော်တို့သွားခဲ့ကြပါတယ်။ သူက လေယာဉ်ပြူတင်းကနေ အပြင်ကို ငေးကြည့်နေပြီး ကျွန်တော်တို့ကို အဘက်မလုပ်ပါဘူး။ ဒီလောက်နှစ်တွေကြာပြီးမှ အိမ်ပြန်ရတာ ဘယ်လိုခံစားရလဲလို့ သတင်းသမားတစ်ယောက်ကမေးတော့ ခိုမေနီက ဘာမှ မခံစားရဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

ကျွန်တော်တို့ လေယာဉ် ပစ်ချမခံခဲ့ရပါဘူး။ ဒါပေမယ့် တီဟီရန်လေဆိပ်အရောက်မှာ လေယာဉ် ဆင်းခွင့်ရဖို့ အောက်က အာဏာပိုင်တွေနဲ့ ညှိနေရတာ အချိန်တော်တော်ကြာပါတယ်။ မြို့ပေါ်မှာ ဝဲပျံနေရတာ ကြာလာတော့ ကျွန်တော်တို့ အားလုံး လေယာဉ်မူးကုန်ကြပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တီဟီရန်မှာရှိတဲ့ သူ့နေအိမ်ကနေ ထောက်ခံသူတွေကို နှုတ်ဆက်နေတဲ့ အယာတိုလာခိုမေနီ

နောက်ဆုံးတော့ လေယာဉ် ဆင်းလို့ရခဲ့ပါတယ်။ လေဆိပ်မှာ အယာတိုလာကို လာကြိုနေသူတွေကတော့ အဲဒီအချိန်က သမိုင်းမှာ လူအများဆုံး စုဝေးမှုကြီးတစ်ခုလို့ ပြောစမှတ်တွင်ခဲ့ပါတယ်။အယာတိုလာရဲ့ ဦးဆောင်မှုနဲ့ အီရန်မှာ အစ္စလာမ်မစ်နိုင်ငံတော်ကို ထူထောင်ခဲ့ပါတယ်။ ကမ္ဘာတဝန်းက မွတ်စလင်တွေကိုလည်း စည်းရုံးနိုင်ခဲ့ပါတယ်။ အဲဒီကစလို့ပဲ အနောက်နိုင်ငံတွေရဲ့ လစ်ဘရယ်ဝါဒကို ဆန့်ကျင်တဲ့ ရပ်တည်ချက်တွေ အင်နဲအားနဲ့ ဖြစ်တည်လာခဲ့တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ တော်လှန်ရေးကို စတင်ကြံစည် စီစဉ်ခဲ့တဲ့နေရာကတော့ ပြင်သစ်က ရွာငယ်လေးမှာပါပဲ။ အဲဒီရွာလေးမှာ ကားပိတ်ဆို့မှုဖြစ်ရင်၊ နှင်းတွေကျရင်ဖြစ်ဖြစ် ဒီလို အဖြစ်မျိုးလေးတွေကိုတောင် ရက်တော်တော်ကြာအောင် ပြောစမှတ်ပြုရတဲ့ နေရာလေးကနေ ကမ္ဘာ့သမိုင်းဝင် ဖြစ်ရပ်ကြီးတစ်ခု စတင်သန္ဓေတည် မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ