ဂျပန်မှာ သက်ကြီးရွယ်အိုတွေရဲ့ ရာဇဝတ်မှုတွေ တိုးလာနေ

ဂျပန်၊ အဘိုးအို၊ အထီးကျန်၊ အကျဉ်းထောင်
Image caption ဂျပန် ထောင်သား အဘိုးအို တဦး အကျဉ်းထောင် သံတိုင်ကြားကနေ အပြင်ကို မျှော်ကြည့်နေပုံ

ဂျပန်မှာ သက်ကြီးရွယ်အိုတွေ ရာဇဝတ်မှု ကျူးလွန်တာ နှစ်ပေါင်း ၂၀ အတွင်းမှာ တဖြည်းဖြည်းချင်း တိုးလာနေပါတယ်။

ဟီရိုရှီးမားမြို့မှာ ထောင်က လွတ်လာသူတွေကို ယာယီ စောင့်ရှောက်ထားတဲ့ ဂေဟာ တခုမှာခိုလှုံနေတဲ့ တိုရှီအို တကာတာ ဆိုသူ အသက် ၆၉ နှစ်အရွယ် အဘိုးအိုက သူဆင်းရဲလွန်းတဲ့အတွက် ထောင်ထဲ ဝင်ချင်လို့ ဥပဒေ ချိုးဖောက်ရတာလို့ ဘီဘီစီ သတင်းထောက် Ed Butler ကို ပြောပြပါတယ်။ အကျဉ်းထောင်ထဲမှာ နေရပေမယ့် အနည်းဆုံးတော့ ကျောချစရာ နေရာလေးတခု ရနိုင်တယ်လို့ ဆိုပါတယ်။

"ပင်စင်ယူရမယ့် အရွယ် ရောက်လာတော့ ပိုက်ဆံက မရှိတော့ဘူး။ ဒီတော့ ထောင်ထဲမှာဆိုရင် ပိုက်ဆံပေးစရာ မလိုဘဲ အခမဲ့ နေရမယ်လို့ တွေးမိတယ်။ ဒီတော့ စက်ဘီးတစင်းကို ဆွဲပြီး ရဲဌာနဆီ နင်းသွားတယ်။ အဲဒီကို ရောက်တော့ ဒီစက်ဘီးကို ခိုးလာတာလို့ ပြလိုက်တယ်" လို့ တိုရှီအို က ပြောပြပါတယ်။

ဒါဟာ အသက် ၆၂ အရွယ်တုန်းက တိုရှီအို ကျူးလွန်တဲ့ ပထမဆုံး ပြစ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်တရားရုံးတွေက ဒီလို အသေးစား ခိုးမှုမျိုးတွေကို အလေးအနက်ထား အရေးယူလေ့ ရှိတာမို့ သူ့ကို ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ပါတယ်။

လူကောင် ခပ်သေးသေးနဲ့ တခစ်ခစ် ရယ်တတ်တဲ့ တိုရှီအိုဟာ အမျိုးသမီးတွေကို ဓါးထောက် ခြိမ်းခြောက်တတ်တဲ့ ရာဇဝတ်သား တယောက်ပုံမျိုးလို့ လုံးဝ မထင်ရပါဘူး။ ဒါပေမယ့် တိုရှီအိုကတော့ ပထမအကြိမ် ထောင်က လွတ်လာပြီးတာနဲ့ အမျိုးသမီးတွေကို ဓါးထောက် ခြိမ်းခြောက် တော့တာပါပဲ။

"ပန်းခြံတခုကို သွားပြီး အမျိုးသမီးတွေကို ဓါးထောက် ခြိမ်းခြောက်ခဲ့ပါတယ်။ အန္တရာယ်ပေးဖို့ မရည်ရွယ်ပါဘူး၊ သူတို့ ရဲခေါ်အောင် ဓါးထောက်ခဲ့တာပါ။ မျှော်လင့်ထားတဲ့အတိုင်း အမျိုးသမီးတယောက် ရဲကို လှမ်းခေါ်ခဲ့ပါတယ်" လို့ တိုရှီအိုက ပြောပြပါတယ်။

Image caption တိုရှီအိုက သူ့ရဲ့ ပန်းချီကားတွေကို အကျဉ်းထောင်ထဲမှာ ချိတ်ထားပါတယ်။

အဲဒီပြစ်မှုနဲ့ စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ကျခဲ့ပြီး ထောင်ထဲမှာ နေနေတာ ၄ နှစ် ရှိသွားပါပြီ။

"ထောင်ထဲမှာ နေရတာ ကြိုက်လွန်းလို့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီမှာက အလကား နေရတယ်။ ပိုက်ဆံ သုံးစရာ မလိုတော့ ထောင်ထဲမှာ နေနေတုန်း ပင်စင်လစာက စုမိဆောင်းမိ ဖြစ်သွားတာပေါ့"လို့ တိုရှီအိုက ပြောပြပါတယ်။

ဂျပန်နိုင်ငံမှာ တိုးပွား လာနေတဲ့ သက်ကြီးရွယ်အို ရာဇဝတ်မှုတွေထဲမှာ တိုရှီအိုရဲ့ ဖြစ်ရပ်က ဥပမာ တခုပါ။

တရားဥပဒေကို လေးစား လိုက်နာရာမှာ စံယူရလောက်တဲ့ ဂျပန်နိုင်ငံမှာ တရှိန်ထိုး တိုးပွားလာနေတဲ့ ရာဇဝတ်မှုတွေမှာ ကျူးလွန်သူတွေက အသက် ၆၅ နှစ်ကျော် အရွယ်တွေပါ။ ၁၉၉၇ ခုနှစ်မှာ ဒီအသက်အရွယ် လူတွေဟာ ရာဇဝတ်မှု ၂၀ မှာ တစ်ခုလောက်သာ ကျူးလွန်ခဲ့ကြတာပါ။ အနှစ် ၂၀ အကြာ အခုချိန်မှာတော့ ရာဇဝတ်မှု ၅ ခုထဲက တခုကျော်လောက်ကို အသက် ၆၅ နှစ်ကျော် အရွယ် လူတွေက ကျူးလွန်နေကြတယ် ဆိုတာကို တွေ့ရပါတယ်။

တိုရှီအို လိုပဲ ဥပဒေ ချိုးဖောက်တဲ့ သက်ကြီးရွယ်အို အတော်များများဟာ ရာဇဝတ်မှု အကြိမ်ကြိမ် ကျူးလွန်နေသူတွေ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ပြစ်မှု ထင်ရှားသူ အသက် ၆၅ နှစ်အရွယ် လူပေါင်း ၂၅၀၀ လောက် ရှိခဲ့ပါတယ်။

နောက်ဥပမာ တယောက်ကို ပြရမယ် ဆိုရင် အသက် ၇၀ အရွယ် စမတ်ကျကျ ဝတ်ထားတဲ့ သေးသေးသွယ်သွယ် အဖွားအို ကိုင်ကို ပါ။ ဒါက သူ့နာမည်ရင်းတော့ မဟုတ်ပါဘူး။ သူကလည်း ဆင်းရဲလွန်းလို့ ဒီလို လုပ်ရတာပါလို့ ဆိုပါတယ်။

"ကျွန်မ ခင်ပွန်းနဲ့ မတည့်တော့ နေစရာ မရှိ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ခိုးရုံက လွဲလို့ ဘာမှ လုပ်စရာ မရှိတော့ပါဘူး။ လမ်းကောင်းကောင်းတောင် မလျှောက်နိုင်တဲ့ အသက် ၈၀ အရွယ် အဘွားအိုတွေလည်း ရာဇဝတ်မှု ကျူးလွန်ကြတာပဲ။ စားဖို့ သောက်ဖို့ ရှာမှ မရှာနိုင်ကြတာ" လို့ ကိုင်ကို က ပြောပါတယ်။

သူ့ကို အကျဉ်းသားဟောင်းတွေကို စောင့်ရှောက်ထားတဲ့ ဂေဟာမှာ ပြီးခဲ့တဲ့ လအနည်းငယ်လောက်က တွေ့ဆုံ စကားပြောခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ဆိုင်ထဲမှာ အလစ်သုတ်မှုနဲ့ ထပ်အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ကျခံနေရတယ်လို့ သိရပါတယ်။

ခိုးမှု (အထူးသဖြင့်) ဆိုင်တွေထဲမှာ အလစ်သုတ်မှုဟာ သက်ကြီးရွယ်အိုတွေ အများဆုံး ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ သွားနေကျ ဆိုင်မှာ ဂျပန်ယန်း ၃၀၀၀ (ပေါင်စတာလင် ၂၀ ) အောက် အစားအသောက်တွေကို အလစ်သုတ် ခိုးလေ့ ရှိပါတယ်။

ဂျပန်နိုင်ငံမှာ အခြေခံ ပင်စင်လစာက သိပ်ကို နည်းလွန်းပြီး အဲဒီလစာနဲ့ လောက်ငဖို့က အတော်လေး ခက်ပါတယ်။

တကယ်လို့ ပင်စင်စားတွေမှာ တခြား ဝင်ငွေ မရှိဘူး ဆိုရင် လျှပ်စစ်မီးခ၊ အဝတ်အစားခ တွေ မပါသေးဘဲ အိမ်ငှားခ၊ စားစရိတ်၊ ဆေးဘိုးတွေနဲ့တင် အကြွေးတွေ တင်နိုင်တယ်လို့ လူဦးရေ အချိုးအစားဆိုင်ရာ သုတေသီ မိုက်ကယ် နယူးမန်းက၂၀၁၆ ခုနှစ်က ထုတ်ပြန်တဲ့ သူ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အရင်တုန်းကတော့ သားသမီးတွေက မိဘတွေကို ကြည့်ရှုစောင့်ရှောက်တဲ့ ဓလေ့ ရှိခဲ့ပေမယ့် အခုအခါမှာတော့ လူငယ်အတော်များများက စီးပွားရေး ကောင်းတဲ့ ရေကြည်ရာ မြက်နုရာ အရပ်တွေဆီ ပြောင်းသွားကြတာမို့ မိဘတွေအနေနဲ့ ကိုယ့်ဟာကိုယ် ရှာဖွေ စားသောက်ကြရပါတယ်။

Image caption ဂျပန် အကျဉ်းထောင်တခုမှာ ထောင်မှူး လှည့်လည် ကြည့်ရှုနေစဉ်

ပင်စင်စား သက်ကြီးရွယ်အိုတွေအနေနဲ့ သူတို့ကြောင့် သားသမီးတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးတွေ မဖြစ်စေလိုဘဲ တကယ်လို့ ပင်စင်လစာနဲ့ စားလို့ မဖြစ်ဘူးဆိုရင် ထောင်ထဲ ဝင်တဲ့နည်းကိုပဲ ရွေးတတ်ကြပါတယ်။

ထောင်ထဲမှာ ဆိုရင် တနေ့ကို ထမင်း သုံးနပ် စားရမယ်။ ဘာကုန်ကျ စရိတ်မှ ပေးရမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

ဒါ့ကြောင့် သက်ကြီးရွယ်အိုတွေအနေနဲ့ ထောင်ထဲက ထွက်လာနဲ့ တပြိုင်နက် ထောင်ထဲ ပြန်ဝင်ဖို့ လုပ်ကြတာပါ။

ဒါ့အပြင် သက်ကြီးရွယ်အိုတွေအကြားမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ လမ်းကလည်း ပုံမှန်လို ဖြစ်လာနေပါတယ်။

ဒါပေမယ့် ဂျပန် မိသားစုတွေရဲ့ တွေးခေါ်ပုံ ပြောင်းလဲလာမှုဟာလည်း သက်ကြီးရွယ်အိုတွေ ရာဇဝတ်မှု ကျူးလွန်ဖို့ ဖြစ်လာစေတဲ့ အကြောင်းရင်း တရပ်ဖြစ်ပြီး ငွေကြေးထက် စိတ်ခံစားမှုပိုင်းနဲ့ ပိုဆိုင်တယ်လို့ With Hiroshima အကျဉ်းသားဟောင်း စောင့်ရှောက်ရေး ဂေဟာ ညွှန်ကြားရေးမှူးက ပြောပါတယ်။

မိသားစုတွေအတွင်း ဆက်ဆံရေးတွေ ပြောင်းလဲလာနေပြီး သီးသန့် ဖယ်ခံထားရတာတွေ ပိုများလာနေတဲ့အတွက် အထီးကျန် ဆန်မှုကို မခံနိုင်ကြတော့ဘူးလို့ ဟီရိုရှီးမားမြို့ကို အနုမြူဗုံး ကြဲချခံရတုန်းက အပျက်အစီးပုံတွေအောက်ကနေ ဆွဲထုတ် ကယ်ဆယ်ခံခဲ့ရပြီး အခုအခါ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ကနီချီ ယာမာဒါ က ပြောပါတယ်။

Image caption ကနီချီ ယာမာဒါ

ရာဇဝတ်မှု ကျူးလွန်တဲ့ သက်ကြီးရွယ်အိုတွေထဲမှာ ဇနီး၊ သားသမီးတွေ ဆုံးရှုံးသွားလို့ ဘဝကို ဆက်မရပ်တည်နိုင်တော့တဲ့သူ အတော်များများ ပါပါတယ်။ တကယ်လို့ ကိုယ်က ပြန် ကြည့်ရှု စောင့်ရှောက်ရမယ့် သူတွေ ရှိတဲ့ သူတွေဟာ ရာဇဝတ်မှုတွေ ကျူးလွန်မှာ မဟုတ်ပါဘူးလို့ ကနီချီ ယာမာဒါက ပြောပါတယ်။

ဆင်းရဲလို့ ရာဇဝတ်မှု ကျူးလွန်ရပါတယ်လို့ တိုရှီအို ပြောသွားတာဟာ သက်သက် အကြောင်းပြတာလို့ သူက ဆိုပါတယ်။။ ရာဇဝတ်မှု ထပ်ခါ ထပ်ခါ ကျူးလွန်ပြီး ထောင်ထဲ ပြန်ဝင်တာဟာ ထောင်ထဲမှာ အဖေါ်တွေနဲ့ နေရမှာ သေချာနေလို့ လို့ သူက ထင်ကြေးပေး ပြောသွားခဲ့ပါတယ်။

သူပြောသလိုပဲ တိုရှီအိုဟာ တကောင်ကြွက် တဦး ဖြစ်ပါတယ်။ သူ့မိဘတွေလည်း ကွယ်လွန်၊ သူ့အကို နှစ်ယောက်ကလည်း သူ့ကို အဆက်အသွယ် ဖြတ်ထားသလို သူ့ဇနီးဟောင်း နှစ်ယောက်နဲ့ သားသမီး ၃ ဦးနဲ့လည်း အဆက်အသွယ် မရှိပါဘူး။

Image caption တိုရှီအိုဟာ ပန်းချီဆွဲ ဝါသနာပါသူ တဦး ဖြစ်ပါတယ်။

သူ့အနားမှာ ဇနီး သားသမီးတွေသာ ရှိနေမယ် ဆိုရင် သူဒါမျိုး လုပ်မှာ မဟုတ်ဘူးလို့ တိုရှီအို က ပြောပါတယ်။

ဂျပန်နိုင်ငံမှာ အခုအခါ အကျဉ်းထောင်တွေမှာ အပြောင်းအလဲ တချို့ ရှိလာနေပြီး အကျဉ်းဆောင် အခန်းတွေကို အစိုးရက တိုးချဲ့ ဆောက်လာတာ တွေ့ရပါတယ်။ ရာဇဝတ်မှု ကျူးလွန်တဲ့ အဘွားအို အရေအတွက်က အခုအခါ အလျင်အမြန် တိုးလာနေတဲ့အတွက် အမျိုးသမီး ထောင်ဝါဒါတွေလည်း အပိုခန့်ထားပါတယ်။

ဒါ့အပြင် ထောင်ထဲမှာ အကျဉ်းသားတွေကို ဆေးကုသခ စရိတ်တွေကလည်း အကြီးအကျယ် တိုးမြင့်လာနေပါတယ်။

တခါ ထောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေအတွက် လက်ရန်းတွေ၊ အထူး အိမ်သာခုံတွေ ထားပေးရသလို ပြစ်မှုတွေ ထပ်မကျူးလွန်ဖို့၊ထောင်ထဲမှာထက် အပြင်လောကကသာ တကယ့် ဘဝဖြစ်ပြီး ပိုနေပျော်တယ် ဆိုတဲ့အကြောင်း ပညာပေး သင်တန်းတွေလည်း ပို့ချပေးနေပါတယ်။ ဒါပေမယ့််လည်း အတော်များများကတော့ ထောင်ထဲကိုပဲ ပြန်ပြန်ရောက်လာကြတာ တွေ့ရတယ်လို့ အကျဉ်းထောင် ပညာပေးဌာန အကြီးအကဲက ပြောပြပါတယ်။

Image caption သက်ကြီးရွယ်အို အကျဉ်းသားတွေ အတွက် ပညာပေး သင်တန်း

သက်ကြီးရွယ်အိုတွေကို ထောင်ထဲ ထည့်ဖို့ ရုံးတင် စစ်ဆေးတာတွေ၊ ထောင်ချတာတွေ၊ ထောင်တိုးချဲ့တာတွေ လုပ်မယ့်အစား လူအိုရုံဖွင့်ပြီး သူတို့ကို ပြုစု စောင့်ရှောက်ထားတာက ပိုစရိတ် သက်သာမယ်၊ အများကြီး ပိုကောင်းမယ်လို့ လူဦးရေ အချိုးအစားဆိုင်ရာ သုတေသီ မိုက်ကယ် နယူးမန်းက ပြောပါတယ်။

သက်ကြီးရွယ်အိုတွေကို အခုပေးနေတဲ့ ပင်စင်လစာရဲ့ တဝက်ပဲ ပေးပြီး လူအိုရုံ ရွာလေး တရွာမှာ အစားအသောက် အခမဲ့၊ နေစရာ အခမဲ့ ပေးထားမယ်။ လွတ်လပ်ခွင့် တစုံတရာ ပေးထားမယ် ဆိုရင် အစိုးရ အခု သုံးနေတဲ့ ကုန်ကျစရိတ်ထက် အများကြီး သက်သာသွားလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂျပန်ယန်း ၂၀၀ တန် အသားညှပ် ပေါင်မုန့် ခိုးတဲ့အတွက် ထောင်ဒဏ် ၂ နှစ် အပြစ်ဒဏ်အတွက် အစိုးရဘက်က ယန်း ၈ သန်းခွဲလောက် ကုန်ကျနိုင်တယ်လို့ သူ့ရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာမှာ ဖေါ်ပြထားတယ်။

ဂျပန်နိုင်ငံမှာ ပေါင်မုန့် တချပ်ပဲ ခိုးခိုး၊ ပြစ်မှု ကျူးလွန်သူကို ထောင်ဒဏ် အပြစ်ပေးဖို့ တရားရုံးက ဆုံးဖြတ်မှာပဲ ဖြစ်တယ်။ ထောင်ထဲ ရောက်လာရင် သူတို့ကို နောက်ထပ် ပြစ်မှုတွေ မကျူးလွန်ဖို့ ပညာပေးတာတွေ လုပ်နေပါတယ်လို့ ဂျပန် အကျဉ်းထောင် ဌာနက မာဆာယူကီ ရှို ကရှင်းပြပါတယ်။

ဒီတော့ ထောင်ထဲ ဝင်လိုက် ထွက်လိုက် လုပ်နေတဲ့ တိုရှီအို အနေနဲ့ ဒီပညာပေး သင်တန်းတွေကနေ ဘယ်လို သင်ခန်းစာတွေ ရခဲ့ပါလဲ။ နောက်တခေါက် ထောင်ထဲ ပြန်ဝင်ဖို့ လုပ်အုံးမှာလားလို့ မေးကြည့်တဲ့အခါ တိုရှီအို က သူမကြာခင် အသက် ၇၀ ပြည့်တော့မယ်။ နောက်တကြိမ် ဆိုရင် အိုမင်းမစွမ်း ဖြစ်တော့မှာ၊ ထောင်ထဲ ပြန်မဝင်ချင်တော့ပါဘူးလို့ ပြန်ဖြေခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ