လူ့လောကထဲ သွင်းလာလို့ ဆိုပြီး မိဘကို ပြန်တရားစွဲ

မိဘ၊ သားသမီး၊ ကမ္ဘာ၊ အိန္ဒိယ ဓာတ်ပုံ မူပိုင် Nihilanand
Image caption နီဟီလာနန် ဖေ့စ်ဘွတ်ခ် စာမျက်နှာ

အသက် ၂၇ နှစ်အရွယ် အိန္ဒိယ အမျိုးသား တဦးက သူ့သဘောဆန္ဒ မပါဘဲ သူ့ကို မွေးခဲ့လို့ ဆိုပြီး မိဘတွေကို တရားစွဲဖို့ ပြင်နေပါတယ်။

ဘဝ တလျှောက်လုံး ဒုက္ခဝေဒနာတွေနဲ့ ကြုံရမှာမို့ ကလေးတွေကို လူ့လောကထဲ ခေါ်သွင်းလာတာဟာ မှားတယ်လို့ မွန်ဘိုင်းမြို့ အခြေစိုက် စီးပွားရေး သမား ရာဖာယယ် ဆမ်မြူရယ် က ဘီဘီစီကို ပြောပါတယ်။

"ကလေးတွေကို မမွေးခင် သဘောတူသလားလို့ ကြိုမေးလို့ မရဘူး ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် မွေးပါလို့ ကလေးတွေက ဆုံးဖြတ်ပေးခဲ့တာ မဟုတ်ဘူး"လို့ မစ္စတာ ဆမ်မြူရယ်က အခိုင်အမာ ပြောခဲ့ပါတယ်။

ဒါ့ကြောင့် အဲဒီ ကလေးတွေရဲ့ ဘဝတလျှောက်လုံး ကုန်ကျမယ့် စရိတ်တွေကို မိဘတွေက ကျခံသင့်တယ်လို့ သူက ပြောပါတယ်။

ဒီလို တောင်းဆိုမှုမျိုးကြောင့် မိသားစုတွင်း စိတ်ဝမ်းကွဲစရာတွေ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ မစ္စတာ ဆမ်မြူရယ် ကတော့ သူ့မိဘနဲ့ အဆင်ပြေပါတယ်တဲ့။ ရှေ့နေတွေ ဖြစ်တဲ့ သူ့မိဘ နှစ်ပါးက ဒီကိစ္စကို ရယ်ရယ်မောမောနဲ့ပဲ ကိုင်တွယ်ဖြေရှင်းမယ့်ပုံ ရှိတယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူ ကဗီတာ ကာနက်ဒ် ဆမ်မြူရယ် က "ရှေ့နေ မိဘ နှစ်ပါးကို ရုံးတင် တရားစွဲဖို့ လုပ်တဲ့ သားရဲ့ သတ္တိကို လေးစားပါတယ်။ သူ့ကို မမွေးခင် ကြိုပြီး သူ့ဆီက သဘောတူချက် ဘယ်လို ယူရမလဲ ဆိုတာ ကျိုးကြောင်း ဆီလျော်တဲ့ ရှင်းပြချက်မျိုး သူပေးနိုင်ရင်တော့ ကျွန်မတို့ရဲ့ အမှားကို လက်ခံပါ့မယ်" လို့ ကြေညာချက်ထုတ် တုံ့ပြန်ခဲ့ပါတယ်။

မစ္စတာ ဆမ်မြူရယ်ရဲ့ ယုံကြည်ချက်က လူ့ဘဝကြီးဟာ သောက ဝေဒနာတွေနဲ့ ပြည့်နေတဲ့အတွက် ကလေးမွေး မျိုးဆက်ပွားနေတာကို ချက်ချင်း ရပ်သင့်တယ် ဆိုတဲ့ အတွေးအခေါ်တခုကနေ အခြေခံ ပေါ်ထွက်လာတာပါ။

အဲဒါဆိုရင် လူတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကမ္ဘာကြီးဟာ ပိုသာယာ လာမယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Nihilanand
Image caption နီဟီလာနန် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်က ပုံ

ကျွန်တော့်ကို ဘာလို့ မွေးခဲ့တာလဲ

"လူဖြစ်ရကျိုး မနပ်ပါဘူး၊ လူအတော်များများက ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါတယ်။ လူတွေ မျိုးတုံးသွားရင် ကမ္ဘာကြီးနဲ့ တိရစ္ဆာန်တွေအတွက် ပိုပျော်စရာ ဖြစ်လာမှာ သေချာတယ်" လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တနှစ်လောက်တုန်းက နီဟီလာနန် ဆိုတဲ့ အမည်နဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ တစ်ခု ထောင်ခဲ့ပြီး မစ္စတာ ဆမ်မြူရယ်က ပါးသိုင်းမွေးတု၊ မျက်နှာဖုံးတပ်ထားတဲ့ သူ့ပုံကို တင်ခဲ့ပါတယ်။ "ကလေးတွေကို လောကကြီးထဲ အတင်းသွင်း၊ အလုပ်ရှာလုပ်ခိုင်းတာဟာ ပြန်ပေးဆွဲပြီး ကျွန်ခံခိုင်းတာနဲ့ မတူဘူးလား"၊ "မိဘတွေက သူတို့ ပျင်းရင် အဖေါ်ရဖို့ အရုပ်ဝယ် ခွေးမွေးမယ့် အစား ကလေးယူတာမို့ အဲဒီကလေးက ဘာမှ ကျေးဇူးဆပ်စရာ မလိုဘူး" စတဲ့ စာသားတွေကို အဲဒီစာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

လူတွေ မရှိသင့်ဘူး ဆိုတဲ့ အတွေးကို သူ ၅ နှစ်သားလောက်မှာ စတွေးမိတယ်လို့ မစ္စတာ ဆမ်မြူရယ်က ပြောပါတယ်။

"အစကတော့ ကျွန်တော်က သာမန် ကလေးတွေလိုပါပဲ။ တနေ့ အရမ်း စိတ်ဆိုးနေတုန်း ကျောင်း မသွားချင်တာကို အဖေနဲ့ အမေက အတင်းသွားခိုင်းတယ်။ ဒီတော့ ဘာလို့ မွေးထားတာလဲ လို့ မေးတော့ အဖေက ဘာမှ ပြန်မဖြေနိုင်ခဲ့ဘူး။ အဲဒီတုန်းကသာ အဖေ့မှာ ပြန်ဖြေစရာ တခုခု ရှိခဲ့မယ် ဆိုရင် ကျွန်တော်လည်း အခုလို အတွေးတွေ ဝင်လာမှာ မဟုတ်ဘူး"လို့ ပြောပါတယ်။

အဲဒီအတွေးက တဖြည်းဖြည်း ကြီးထွားလာပြီး ပုံပေါ်လာချိန်မှာ သူ့မိဘတွေကို ပြောဖို့ ဆုံးဖြတ်ခဲ့ပါတယ်တဲ့။ အဖေရော အမေပါ သူ့အယူအဆကို တက်တက်ကြွကြွ အားပေးခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Nihilanand
Image caption မိဘကို ဘာအကြွေးမှ ဆပ်စရာ မလိုဘူးလို့ နီဟီလာနန် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးသားထား

သားကို မဝေဖန်ကြပါနဲ့

"အမေက ကျွန်တော့်ကို မမွေးခင် အရင်တွေ့ဖူးချင်လိုက်တာတဲ့။ အဲလိုသာ ကြိုတွေ့မယ် ဆိုရင် ကျွန်တော့်ကို မမွေးပါဘူး ဆိုပြီး ပြောတယ်"လို့ မစ္စတာ ဆမ်မြူရယ်က ရယ်မော ပြောပြပါတယ်။ ကျွန်တော် တရားစွဲရတဲ့ အကြောင်းရင်းကို အမေက သိနေတယ် လို့လည်း ဆိုပါတယ်။

"ကျွန်တော့်ကို မွေးတုန်းက အမေက အတော်လေး ငယ်သေးတယ်။ သူ့တခြားလမ်း ရွေးဖို့ မသိခဲ့ဘူးလို့ ပြောတယ်။ ဒါပေမယ့် လူတိုင်းမှာ ရွေးချယ်ဖို့ နည်းလမ်းတွေ ရှိတယ် ဆိုတာကို ကျွန်တော်က ထောက်ပြနေတာပါ" လို့ မစ္စတာ ဆမ်မြူရယ်က ပြောပါတယ်။

မိခင်ဖြစ်သူကလည်း သူ့ရဲ့ ကြေညာချက်ထဲမှာ သားရဲ့ ယုံကြည်ချက်ကို အပေါ်ယံလေး ကွက်ပြီး လူတွေက ဝေဖန် ပြောနေကြတာဟာ မတရားဘူးလို့ ဖေါ်ပြခဲ့ပါတယ်။

လူတွေကြောင့် ကမ္ဘာကြီးရဲ့ အရင်းအမြစ်တွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာကို စိုးရိမ်မှု၊ ကလေးတွေ ကြီးပြင်းလာချိန်မှာ ကြုံတွေ့ရမယ့် ဒုက္ခဝေဒနာတွေအတွက် စာနာမှု စတဲ့ အဓိက အကြောင်းရင်းတွေကို ကွက်ချန်ထားတယ်လို့ ဆိုပါတယ်။

သူ့သားဟာ ရဲရင့်သတ္တိ ရှိပြီး လွတ်လပ်တဲ့ အတွေးအခေါ် ရှိတဲ့ လူငယ်တဦး အဖြစ် ကြီးပြင်းလာတဲ့အတွက် ကျေနပ် ပီတိ ဖြစ်မိပါတယ်။ ပျော်ရွှင်မှု လမ်းကြောင်းကို ရှာတွေ့နိုင်မယ် ဆိုတာ ယုံကြည်ပါတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

လူတွေ မရှိရင် ကမ္ဘာကြီးက ပို ပျော်စရာ ကောင်းတဲ့ နေရာတစ်ခု ဖြစ်လာမယ် ဆိုတဲ့ ယုံကြည်ချက်အပေါ် အခြေခံပြီး မိဘတွေကို တရားစွဲဖို့ ဆုံးဖြတ်ခဲ့တာ လို့ မစ္စတာ ဆမ်မြူရယ် က ပြောပါတယ်။

ဒါ့ကြောင့် လွန်ခဲ့တဲ့ ၆ လလောက်က တနေ့မှာ မနက်စာ စားနေရင်း သူ့အမေကို သူတရားစွဲတော့မယ်လို့ ထုတ်ပြောခဲ့ပါတယ်။

သူ့အမေက "ရပါတယ်။ ဒါပေမယ့် လွယ်လွယ်တော့ လျှော့မတွက်နဲ့နော်။ တရားရုံးမှာ နင့်ကို အမှုန့်ချေပစ်မှာပဲ" ဆိုပြီး ပြောခဲ့တယ်လို့ မစ္စတာ ဆမ်မြူရယ် က ပြန်ပြောပြပါတယ်။ အခု သူ့ဘက်က အကျိုးဆောင်ပေးမယ့် ရှေ့နေကို လိုက်ရှာနေပေမယ့် လောလောဆယ် တစ်ယောက်မှ မတွေ့သေးပါဘူး။

ဓာတ်ပုံ မူပိုင် Nihilanand
Image caption နီဟီလာနန် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှာ မိဘတွေကို ဝေဖန်ထား

ဖေတို့အမေတို့နဲ့ တရားရုံးမှာ တွေ့မယ်

"တရားရင်ဆိုင်ရင် ရှုံးမယ် ဆိုတာ သိနေပါတယ်။ ဒါပေမယ့် ကျွန်တော့် အယူအဆကို ထောက်ပြချင်တဲ့အတွက် တရားစွဲချင်တာပါ" လို့ မစ္စတာ ဆမ်မြူရယ်က ပြောပါတယ်။

သူ့ရဲ့ ဖေ့စ်ဘွတ်ခ် ပို့စ်တွေကြောင့် တစ်ချို့က အပြုသဘော တုံ့ပြန်ခဲ့ကြပေမယ့် အများစုကတော့ အဆိုးမြင် ခဲ့ကြပါတယ်။ တချို့ဆို ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါလား လို့ အကြံပေးတဲ့သူတွေတောင် ရှိခဲ့ပါတယ်။ မိခင် တချို့က သူတို့ကလေးတွေ သူ့ပို့စ်ကို မြင်သွားရင် ဒုက္ခပဲ ဆိုပြီး စိုးရိမ်ကြတာတွေလည်း ရှိပါတယ်။

"တချို့က အကျိုးနဲ့ အကြောင်းနဲ့ ငြင်းခုံရေးသား သလို တချို့ကလည်း အတော်လေး စော်စော်ကားကား ရေးကြပါတယ်။ ဒါပေမယ့် တဖက်မှာလည်း အတော်များများက ကျွန်တော့်ကို ထောက်ခံကြပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီကိစ္စကို လူသိရှင်ကြား မပြောနိုင်ဘူးလို့ ဆိုပါတယ်။ သူတို့ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြဖို့ ကျွန်တော် ပန်ကြားထားပါတယ်"လို့ မစ္စတာ ဆမ်မြူရယ်က ပြောပြပါတယ်။

သူ့ကို ဝေဖန်သူတွေကတော့ နာမည်ကြီးချင်လို့ သက်သက် စတန့် ထွင်တာလို့ ဆိုပါတယ်။

မစ္စတာ ဆမ်မြူရယ်က သူ စတန့် ထွင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အယူအဆကိုတော့ လူသိစေချင်ပါတယ်။ ကလေးမယူလို့ ဘာမှ မဖြစ်ဘူး ဆိုတဲ့ ရိုးရှင်းတဲ့ အယူအဆကိုပါ လို့ ပြောပါတယ်။

သူမွေးလာတာ မကျေနပ်လို့လား လို့ မေးတဲ့အခါ မစ္စတာ ဆမ်မြူရယ် က "သူ့ကို မမွေးခဲ့ရင် ကောင်းမှာလို့ တွေးမိပါတယ်။ ကျွန်တော့်ဘဝကို မကျေနပ်လို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော့် ဘဝက အဆင်ပြေပါတယ်။ ဒါပေမယ့် လူ့လောကထဲမှာ မရှိတာက ပိုကောင်းတယ်လို့ ယူဆပါတယ်။ လူ့ဘဝကို အခန်းကောင်းကောင်း တခုနဲ့ နှိုင်းယှဉ်ပြရရင် အဲဒီအခန်းထဲမှာ ကျွန်တော် မနေချင်တဲ့ သဘောပါ" လို့ ပြန်ရှင်းပြခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ