မ အင်္ဂါ ဖြတ်တဲ့ အလေ့အထကို ဘာ့ကြောင့် ဆက်ကျင့်သုံးနေကြတာလဲ

FGM ၊မအင်္ဂါ၊ မိန်းကလေး၊ အလေ့အကျင့် ဓာတ်ပုံ မူပိုင် Getty Images
Image caption မိန်းကလေးတွေရဲ့ မ အင်္ဂါ ဖြတ်ရာမှာ အသုံးပြုတဲ့ ဘလိတ်ဒါး

မိန်းကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီး အမျိုးသမီး သန်း ၂၀၀ လောက်ဟာ FGM လို့ ခေါ်တဲ့ အမျိုးသမီး အင်္ဂါ ဖြတ်တောက်တာကို တစ်နည်းမဟုတ် တစ်နည်း ခံနေရတယ်လို့ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ အဆိုအရ သိရပါတယ်။

အဲဒီ FGM အလေ့အကျင့်ကို အာဖရိကနိုင်ငံ ၃ဝ နဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ အဓိက လုပ်လေ့ ရှိပြီး အာရှနိုင်ငံတချို့နဲ့ လက်တင်အမေရိက နိုင်ငံတွေမှာလည်း လုပ်လေ့ရှိပါတယ်။ အနောက်ဥရောပ၊ မြောက်အမေရိက၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့ကို ရွှေ့ပြောင်းလာကြတဲ့ အမျိုးသမီးတွေမှာလည်း မ အင်္ဂါ ဖြတ်တောက်မှုတွေ ရှိနေသေးတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

မ အင်္ဂါ ဖြတ်တောက်မှု ခြွင်းချက်မရှိ အဆုံးသတ်ရေး နိုင်ငံတကာနေ့ အဖြစ် ဖေဖော်ဝါရီလ ၆ ရက်ကို သတ်မှတ်ထားတာပါ။

မ အင်္ဂါ ဖြတ်တောက် ခံရတဲ့အတွက် နောက်ပိုင်း ကြီးပြင်းလာတဲ့အခါ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ပြဿနာတွေနဲ့ ကြုံတွေ့ရတတ်တယ်လို့ ကင်ညာအမျိုးသမီး ဘစ်ရှစ်ရာ ရှိတ်ခ် ဟာမိုက ပြောပါတယ်။

"ကျွန်မအသက် ၁၁ နှစ်မှာ မ အင်္ဂါ ဖြတ်တောက် ခံခဲ့ရတယ်" လို့ ဘစ်ဆာရာက ပြောပါတယ်။ "အဖွားက ဒါဟာ မိန်းကလေးတိုင်း မဖြစ်မနေ လုပ်ရမယ့်ဟာ ဖြစ်တယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကျွန်မတို့ကို သန့်ရှင်း စင်ကြယ်စေတယ်လို့ ပြောတယ်" လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် အဲဒီလို လုပ်လိုက်လို့ နောက်ပိုင်းမှာ ဓမ္မတာ မမှန်တာတွေ၊ ဆီးရောဂါနဲ့ ခဏခဏ ပြန်ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေ ဖြစ်လာတတ်တယ် ဆိုတာကိုတော့ သူ့ကို မပြောပြခဲ့ပါဘူး။ သူကလေးမွေးရင်လည်း ဗိုက်ခွဲမွေးမှ ရတော့မှာပါ။

အခုတော့ ဘစ်ရှရာ ဟာ မ အင်္ဂါ ဖြတ်တောက်မှု အလေ့အထ တိုက်ဖျက်ရေး လှုပ်ရှားသူ တစ်ဦး ဖြစ်နေပါပြီ။

Image caption မအင်္ဂါ ဖြတ်ခံခဲ့ရတဲ့ ဝေဒနာကို ကျော်လွှားနိုင်ဖို့ ကြိုးစားရင်း ဘစ်ရှရာကိုယ်တိုင် FGM တိုက်ဖျက်ရေး လှုပ်ရှားသူ တစ်ဦးဖြစ်နေပါပြီ။

FGM ဆိုတာဘာလဲ

Female genital mutilation (FGM) ဆိုတာ မ အင်္ဂါ အပြင်ပိုင်းကို ဖြတ်တောက် ဖယ်ရှားတာပါ။

တစ်ခါတလေ အင်္ဂါဇာတ် အတွင်းဘက် အစိတ်အပိုင်းတွေကိုလည်း ဖယ်ရှားလေ့ ရှိပါတယ်။

ကုလသမဂ္ဂကတော့ ဒီအလေ့အထဟာ ရောဂါကုသဖို့ မဟုတ်ဘဲ မ အင်္ဂါကို တစ်နည်းနည်းနဲ့ ထိခိုက်ဒဏ်ရာ ရအောင် လုပ်တာလို့ ပြောပါတယ်။

FGM ကြောင့် အမျိုးသမီးတွေ စိတ်ဖိစီးမှုတွေ ဖြစ်စေပြီး လူမှု ဆက်ဆံရေးမှာရော၊ ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်ကိုပါ ပြောင်းသွားစေတယ်လို့ ဘလော့ဂါနဲ့ ရုပ်ရှင်ထုတ်လုပ်သူ အီဂျစ်အမျိုးသမီး အိုမနီယာ အီဘာရာဟင်က ပြောပါတယ်။

FGM လုပ်ခံရသူတွေဟာ ရေခဲတုံးတွေလို ဘာမှ မခံစားတတ်သူတွေ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

အရွယ်ရောက်ပြီးတဲ့ သူ့ဘ၀ တစ်လျှောက်လုံးမှာလည်း FGM ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရတယ်လို့ အိုမနီယာက ဆက်ပြောပါတယ်။

ခန္ဓာကိုယ်ဆိုတာ လိင်ကိစ္စ ၊ အကုသိုလ် တစ်ခုလို့ သူ့အသိုင်းအဝိုင်းက သင်ပေးခဲ့တဲ့အတွက် သူ့ရဲ့ ခန္ဓာကိုယ်ကို ကျိန်စာ တစ်ရပ်အနေနဲ့ စိတ်ထဲမှာ ထင်မှတ်ခဲ့တယ်လို့ အိုမနီယာက ပြောပြပါတယ်။

"ကျွန်မ လိင်မှုကိစ္စကို မုန်းတာက အဲဒါဟာ ကြောက်စရာ ကောင်းတယ်လို့ အသင်ခံထားရလို့လား၊ ဒါမှမဟုတ် ကျွန်မကိုယ်တိုင်က စိတ်မဝင်စားလို့လား ဆိုတာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မေးတယ် " လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ မိန်းကလေးနဲ့ အမျိုးသမီး သန်း ၂၀၀ ကျော် FGM အလုပ်ခံရတယ်လို့ ယူနီဆက်ဖ်က ခန့်မှန်းထားပါတယ်။

ကင်ညာမှာတုန်းက သူနဲ့အတူ မိန်းကလေး လေးယောက် FGM အလုပ်ခံ ခဲ့ရတဲ့အကြောင်း ဘီဘီစီကို ပြန်ပြောပြပါတယ်။

သူ့မျက်လုံးတွေကို အဝတ်နဲ့ ပိတ်ထားတယ်။ လက်ကို နောက်မှာ ချုပ်ထားပြီး မ အင်္ဂါ ဖြတ်တောက်လိုက်တာလို့ သူက ပြောပြပါတယ်။

မိနစ်ပိုင်းလောက် အကြာမှာ အရမ်းနာလာတော့ အာခေါင်ခြစ် အော်တာတောင် ဘယ်သူမှ မကြားကြလို့ သူ့ဘာသာ လွတ်အောင် လုပ်တယ်။ ဒါပေမယ့် ခြေထောက်ကို ချုပ်ထားတာ ခံရတယ်လို့ အိုမနီယာက သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

"ဒီလုပ်နည်းဟာ အတော်ကို ဆိုးတာပါ။ မိန်းကလေး အားလုံးကို ဓားတစ်ချောင်းတည်း သုံးတဲ့အတွက် သန့်ရှင်းမှု မရှိသလို ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူး"လို့ သူက ပြောပါတယ်။

နာကျင်တာ သက်သာစေဖို့ ရိုးရာဆေးနည်းကို သုံးခဲ့တယ်။ ဆိတ်လို ခြေထောက်ကို တိုင်မှာချည်ထားပြီး ဆေးထည့်ပေးတဲ့နည်း လို့ သူကပြောတယ်။

နိုင်ငံတော်တော်များများမှာ တရားမဝင်ပေမဲ့ FGM ကို အာဖရိကတိုက်၊ အာရှတိုက်နဲ့ အရှေ့အလယ်ပိုင်းက တချို့နိုင်ငံတွေမှာ ခုထိ ဆက်ကျင့်သုံးနေဆဲပါ။ ပြီးတော့ အဲဒီနိုင်ငံတွေကနေ တခြားနိုင်ငံတွေကို ပြောင်းသွားသူတွေ အကြားမှာလည်း ဆက်ရှိနေဆဲပါ။

ဘာလို့ FGM လုပ်တာလဲ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ကင်ညာမှာတော့ ရိုးရာအရ FGM မလုပ်ရင် ယောက်ျားမရမှာ စိုးတဲ့အတွက် FGM ပိတ်ပင်မှုကို မာဆိုင်အမျိုးသမီးတွေက ကန့်ကွက်ခဲ့ကြပါတယ်။

FGM ကိုလုပ်ရတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ လူမှု အသိုင်းအဝိုင်း အကြား ဝင်ဆံ့ဖို့နဲ့ ဘာသာရေး အကြောင်းရင်းတွေ ပါပါတယ်။ ဒါ့အပြင် တကိုယ်ရည် သန့်ရှင်းစေတယ်၊ အပျိုစင်ဘဝနဲ့ အိမ်ထောင်ပြု နိုင်မယ်၊ ခင်ပွန်းသည်တွေအတွက် လိင်သာယာမှု ပိုရှိစေမယ် စတဲ့ လွဲမှားတဲ့ အယူအဆတွေ ကြောင့်လည်း ပါပါတယ်။

တချို့အသိုင်းအဝိုင်းတွေမှာ ဆိုရင် FGM လုပ်တာဟာ အရွယ်ရောက်အောင် လုပ်ပေးတာ၊ လက်ထပ်ဖို့အတွက် မဖြစ်မနေ လုပ်ဖို့ လိုတာလို့ မှတ်ယူထားကြပါတယ်။

အဲဒီလိုလုပ်တာ ကျန်းမာရေးအတွက် ကောင်းကျိုးမရှိပေမဲ့ သူတို့ကတော့ လုပ်ကိုလုပ်ရမယ်လို့ ယုံကြည်ထားကြပါတယ်။ အဲဒီလိုမလုပ်တဲ့ အမျိုးသမီးတွေဟာ မကျန်းမာဘူး၊ မသန့်ရှင်းဘူး၊ တန်ဖိုးမရှိဘူးလို့ ယူဆကြတာပါ။

အမျိုးသမီးတွေရဲ့ အလိုဆန္ဒ မပါဘဲ FGM လုပ်တာဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာ ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် ကမ္ဘာတဝန်းက ကျန်းမာရေး ပညာရှင်တွေက သတ်မှတ်ထားကြပါတယ်။

ကလေးငယ်တွေကို FGM လုပ်တာဟာလည်း ကလေးသူငယ်တွေ အပေါ် စော်ကားမှု တရပ်လို့ ယူဆကြပါတယ်။

FGM ကို ဘယ်နေရာမှာလုပ်လဲ။

Image caption FGM အလုပ်ခံရတဲ့ နေရာပြ မြေပုံ

အသိုင်းအဝိုင်း အပြင်ဘက်ကလူတွေ ဝေဖန်မှာ စိုးတာရယ်၊ တရားမဝင်ဘူးလို့ သတ်မှတ်ထားတဲ့အတွက် မိသားစု ဆွေမျိုး အသိုင်းအဝိုင်းတွေ အရေးယူခံရမှာကို စိုးရိမ်တာတွေရယ်ကြောင့် FGM ကို တိုးတိုးတိတ်တိတ် လုပ်လေ့ ရှိပြီး အဲဒါနဲ့ ပတ်သက်တဲ့ စာရင်းတွေကလည်း အနီးစပ်ဆုံး ခန့်မှန်းထားတဲ့ စာရင်းတွေပဲ ဖြစ်ပါတယ်။

အပေါ်ကမြေပုံက အမျိုးသမီးဆိုင်ရာ အချက်အလက် ပရောဂျက်က ရတဲ့အချက်အလက်နဲ့ ကုလသမဂ္ဂရဲ့ စစ်တမ်းက ရတဲ့ အချက်အလက်တွေကို ကိုးကားဖော်ပြထားတာပါ။

ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာ တစ်ခုထဲမှာ ဒီအလေ့အထကို နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ဥပဒေ အမိန့်ဒီဂရီတွေ ထုတ်ပြန် တားမြစ်ထားတဲ့ ကြားက အာဖရိကနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေက နိုင်ငံ ၂၉ နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်ကျင့်သုံးနေဆဲပဲလို့ ဖေါ်ပြထားပါတယ်။

FGM ကို ဥပဒေထုတ်ပြန် တားမြစ်ထားတဲ့ ယူကေ လိုနိုင်ငံမျိုးမှာ ကလေးငယ်တွေနဲ့ မွေးကင်းစတွေကို FGM လုပ်တာတွေ တိုးလာနေတယ်လို့ ရှေ့နေ ဒေါက်တာ ရှားလက် ပရောက်မန်းက ပြောပါတယ်။

အဲဒီလို အလုပ်ခံရတဲ့ ကလေးငယ်လေးတွေဟာ ကျောင်းမနေသေးတဲ့အရွယ်၊ တိုင်တန်းပြောဖို့ ငယ်သေးတဲ့ အရွယ်တွေ ဖြစ်တာကြောင့် ဒီလို ကိစ္စရပ်မျိုးတွေကို စုံစမ်းအရေးယူနိုင်ဖို့ ခက်တယ်လို့ သူက ပြောပါတယ်။

အခု လတ်တလောမှာတော့ လန်ဒန်မြို့က အမျိုးသမီးတစ်ယောက် သူ့ရဲ့ အသက်သုံးနှစ်အရွယ် သမီးကလေးကို FGM လုပ်တဲ့အတွက် မတ်လ ၈ ရက်မှာ ထောင်ကျခံရတော့မှာပါ။ ဒါဟာ ယူကေနိုင်ငံမှာ FGM နဲ့ ပတ်သက်တဲ့ ပထမဆုံး ပြစ်ဒဏ်ပေးမှု ဖြစ်ပါတယ်။