ထိုင်းဘုရင် ၀ချီရာလောင်ကွန်းက ကန့်ကွက်လို့ အစ်မတော် ဝန်ကြီးချုပ် ဖြစ်မယ့်အရေး မသေချာတော့

ထိုင်း၊ ဘုရင်၊ မင်းသမီး၊ တော်ဝင်၊ ဝန်ကြီးချုပ်၊ နိုင်ငံရေး ဓာတ်ပုံ မူပိုင် AFP
Image caption မင်းသမီး အူဘွန်ရတ် ကို ၂၀၁၀ ခုနှစ်တုန်းက တွေ့ရစဉ်

လာမယ့် ရွေးကောက်ပွဲမှာ ပါတီတစ်ခုရဲ့ ဝန်ကြီးချုပ်လောင်း အဖြစ် အရွေးခံဖို့ အစ်မတော် မင်းသမီး အူဘွန်ရတ် ဆုံးဖြတ်ခဲ့တာကို ထိုင်းဘုရင်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ သူ့အစ်မတော်ရဲ့ လုပ်ရပ်ဟာ မသင့်တော်သလို အခြေခံ ဥပဒေနဲ့လည်း မညီဘူးလို့ နန်းတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အစ်မတော်ဟာ သူ့ရဲ့ တရားဝင် တော်ဝင်မိသားစုဘွဲ့ကို စွန့်လွှတ်ထားပြီးသား ဆိုရင်တောင် အစဉ်အလာကို ဆန့်ကျင်နေတဲ့အတွက် သူ ဝန်ကြီးချုပ် ဝင်လုပ်မယ့် အရေးကို ခွင့်မပြုနိုင်ဘူးလို့ ဘုရင် မဟာ ဝချီရာ လောင်ကွန်းက ဆိုပါတယ်။

အသက် ၆၇ ခုနှစ်အရွယ် မင်းသမီး အူဘွန်ရတ်ဟာ ဝန်ကြီးချုပ်ဟောင်း ရှင်နာဝပ် မိသားစုအပေါ် သစ္စာစောင့်သိတဲ့ ထိုင်း ရက်ဆာ ချာ့ ပါတီ ကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင်အရွေးခံမှာ ဖြစ်ပါတယ်။

သောကြာနေ့တုန်းက အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာမှာ မင်းသမီး အူဘွန်ရတ် က သူ့ရဲ့ တော်ဝင်ဘွဲ့တွေ အားလုံးကို သူပြန်အပ်ထားပြီး ဖြစ်ပြီး အခုအခါ သာမန် အရပ်သူလို သူနေနေတယ် ဆိုတာကို ထပ်လောင်း ဖော်ပြခဲ့ပါတယ်။

သူဟာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဝန်ကြီးချုပ်အဖြစ် အမည်တင်သွင်းတာကို လက်ခံခွင့် ရှိတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးခဲ့ပါတယ်။

ထိုင်းပြည်သူတွေ အားလုံး ကြီးပွား တိုးတက်ရေးအတွက် သံန္နိဋ္ဌာန် ချပြီး ရိုးရိုးသားသား ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အစ်မတော်ဟာ မင်းသမီးဘွဲ့ကို စွန့်ခဲ့ပေမယ့် တော်ဝင်မိသားစုဝင်အဖြစ် ဆက်ရှိနေဆဲပဲလို့ ထိုင်းဘုရင်ကပြော

မင်းသမီး အူဘွန်ရတ်ဟာ အမေရိကန်တစ်ယောက်နဲ့ လက်ဆက်ခဲ့လို့ သူ့ရဲ့ တော်ဝင်ဘွဲ့ကို စွန့်လွှတ်ခဲ့ရပေမယ့် ထိုင်းတော်ဝင် မိသားစုဝင်တစ်ယောက် အဖြစ်နဲ့ ပြည်သူတွေက သူ့ကို ဆက်လက် လေးစားနေကြဆဲပါ။

အခုလည်း မင်းသမီးကို ထောက်ခံသူတွေကတော့ ထိုင်းလူမှုကွန်ရက်တွေပေါ်ကနေ အကြီးအကျယ် ထောက်ခံ ရေးသားနေကြပါတယ်။

တချို့ကလည်း သူ့ကို တခြား သမိုင်းဝင် အမျိုးသမီး ခေါင်းဆောင်တွေနဲ့ နှိုင်းယှဉ် ဖော်ပြခဲ့ပါတယ်။

ထိုင်းစစ်တပ်က ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ သက်ဆင် အစိုးရနဲ့ နီးစပ်မှု ရှိတဲ့ ပါတီကို အခု ရွေးကောက်ပွဲမှာ မင်းသမီးကြီးက ကိုယ်စားပြုဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အများ အံ့အားသင့်သွားစရာ ဖြစ်စေခဲ့ပါတယ်။

အစိုးရ အဖွဲ့ရဲ့ အဓိက အရေးပါတဲ့ နေရာထဲ တော်ဝင်မိသားစု တစ်ဦး ဝင်နေရာယူလာတဲ့အတွက် နိုင်ငံရေး ကိစ္စတွေမှာ ဝင်ပါလေ့ မရှိတဲ့ တော်ဝင်မိသားစုရဲ့ ရပ်တည်ချက်ကို ထိခိုက်လာစေနိုင်ပါလိမ့်မယ်။

အခုအခါ ဘုရင်ရဲ့ ဝေဖန် ပြောဆိုမှုကြောင့် ရွေးကောက်ပွဲ ကော်မရှင်က မင်းသမီး အူဘွန်ရတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်အရွေးခံခွင့် ပြုမယ့်ပုံ မရှိတော့ဘူးလို့ အကဲခတ်တွေက ပြောနေပါတယ်။

ဆက်စပ် အကြောင်းအရာများ