လန်ဒန်က ဆူမာတြာကျားမကို ဒိန်းမတ်ကခေါ်လာတဲ့ ကျားထီးက ကိုက်သတ်

ဓာတ်ပုံ မူပိုင် ZSL London Zoo
Image caption ဒိန်းမတ်က ခေါ်လာတဲ့ ကျားထီး အာဆင်

လန်ဒန် တိရိစ္ဆာန်ဥယျာဉ်မှာ နှစ်ကာလကြာရှည်ရှိနေခဲ့တဲ့ ဆူမာတြာကျားမ မယ်လာတီဟာ သူနဲ့ မိတ်လိုက်ဖို့ ဆုံပေးတဲ့ ကျားထီးရဲ့ ကိုက်သတ်မှုကြောင့် ဖေဖေါ်ဝါရီလ ၈ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

ရှားပါးတဲ့ ဆူမာတြာကျားတွေ မျိုးဆက်ပြန့်ပွားအောင်ဆိုပြီး လန်ဒန် တိရိစ္ဆာန်ဥယျာဉ်က သူတို့မှာရှိတဲ့ ကျားမတွေနဲ့ မျိုးစပ်ရအောင် ပြီးခဲ့တဲ့ ဆယ်ရက်ကမှ ဒိန်းမတ်က ခုနှစ်နှစ်သား ကျားထီး အာဆင်ကို ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

အာဆင် ရောက်လာကတည်းက သူနဲ့ မယ်လာတီကို ခြံချင်းကပ်ရက်မှာ ထည့်ထားခဲ့ပြီး အချင်းချင်းတွေ့နေ၊ အနံ့ချင်းရင်းနှီးနေ၊ အပြန်အလှန် သူတို့သဘာဝ ဆက်သွယ်မှုရှိနေကြအောင် လုပ်ပေးခဲ့ပါတယ်။

ဒါပေမယ့် ကျားထီး အာဆင်ကို မယ်လာတီရဲ့ ခြံထဲ လွှတ်ပေးလိုက်ချိန်မှာတော့ တစ်ကောင်နဲ့တစ်ကောင် မာန်ဖီ ကိုက်ခဲကြပြီး ခန္ဓာကိုယ် အရွယ်အစား ပိုကြီးတဲ့ ကျားထီးက မယ်လာတီကို ကိုက်ခဲ သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။

မယ်လာတီဟာ အသက် ၁၀နှစ်ရှိတဲ့ ကျားမတစ်ကောင်ပါ။

အာဆင် ဆိုတာကတော့ အာရပ်ဘာသာနဲ့ စောင့်ရှောက်သူလို့ အဓိပ္ပါယ်ရတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် John Phillips
Image caption လန်ဒန်တိရိစ္ဆာန်ရုံက ဆူမာတြာကျားမ နှစ်ကောင်

အာဆင်ကို ခေါ်လာတုန်းကတော့ လန်ဒန် တိရိစ္ဆာန်ရုံက မျှော်လင့်ချက်ကြီးကြီး ရှိခဲ့ပါတယ်။ သူဟာ ခန့်ညားသန်မာတဲ့ ကျားပျိုတစ်ကောင်ဖြစ်ပြီး ကျားမတွေနဲ့ ချစ်ရေးချစ်ရာ ကျွမ်းကျင်သူ အဖြစ် ထင်ရှားခဲ့တယ်လို့ လန်ဒန်တိရိစ္ဆာန်ရုံက ကျားထိန်း ကက်သရင်းဆန်းဒါးစ်က ပြောခဲ့ပါတယ်။

အာဆင်ဟာ မယ်လာတီအတွက် နတ်ဖက်တဲ့ ကြင်ဖော်ဖြစ်လိမ့်မယ်လို့လည်း အဲဒီအချိန်က ပြောခဲ့ပါတယ်။

အခုတော့ လန်ဒန်တိရိစ္ဆာန်ရုံထဲက ကျားရုံကို လူတွေ လာကြည့်ခွင့် ပိတ်ထားဦးမယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ