မင်းသမီး အူဘွန်ရတ်ကို ရွေးကောက်ပွဲ မဝင်စေချင်တဲ့ ထိုင်းဘုရင့်အလိုတော် ပြည့်စေရမယ်

Image caption အစ်မတော် နိုငိငံရေးထဲ ဝင်မှာ မလိုလားတဲ့ ထိုင်းဘုရင်မင်းမြတ်

အစ်မတော် မင်းသမီး အူဘွန်ရတ် ဝန်ကြီးချုပ်လောင်း အဖြစ် ရွေးကောက်ပွဲ ဝင်မယ့်အပေါ် သဘောမတူတဲ့ ထိုင်းဘုရင် ရဲ့ အလိုတော်ကို လေးစားလိုက်နာမယ် ဆိုပြီး ထိုင်း ရက်ဆာချာ့ ပါတီက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နဲ့ အဆက်အစပ် ရှိတဲ့ အဲဒီပါတီက လာမယ့် ထိုင်း ရွေးကောက်ပွဲကျရင် မင်းသမီး အူဘွန်ရတ်ကို သူတို့ပါတီ ကိုယ်စားပြု ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တစ်ဦးအဖြစ် အဆိုပြုထားတာကို ပြန်လည် ရုပ်သိမ်းမယ့်သဘော ဖြစ်ပါတယ်။

အစ်မတော်မင်းသမီးကို ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းတင်သွင်းတာဟာ ထိုင်းတော်ဝင် မိသားစု နိုင်ငံရေးထဲ ဝင်မစွက်တဲ့ အစဉ်အလာကို ချိုးဖောက်ရာရောက်တယ် ဆိုပြီး ဘုရင် ဝချီရာလောင်ကွန်းက ပြောခဲ့ပါတယ်။

ဘုရင်ဝချီရာလောင်ကွန်းရဲ့ သဘောဆန္ဒ ထွက်လာပြီး နောက်တစ်ရက်မှာပဲ ထိုင်း ရက်ဆာချာ့ ပါတီဘက်ကလည်း ပါတီဟာ ဘုရင်မင်းမြတ်နဲ့ တော်ဝင်မိသားစု အပေါ် သစ္စာခံတဲ့ ပါတီ ဖြစ်တာနဲ့ အညီ ဘုရင်မင်းမြတ်ရဲ့ အလိုတော် ပြည့်စေရမယ်လို့ ပြောလာတာ ဖြစ်ပါတယ်။

ပါတီက နာမည်စာရင်း တင်သွင်းကြောင်း ထုတ်ပြန်ခဲ့တုန်းက မင်းသမီး အူဘွန်ရတ်ကတော့ သဘောတူကြောင်း ပြောခဲ့ပြီး ဒါဟာ ထိုင်းနိုင်ငံသား အခွင့်အရေးနဲ့ အညီ သူလည်း ရွေးကောက်ပွဲထဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ နိုင်ငံရေးထဲ ဝင်မယ့် ဆုံးဖြတ်ချက်ကို ကာကွယ် ပြောဆိုထားပါတယ်။

Image caption တော်ဝင်ဘွဲ့ထူးတွေ စွန့်ထားပေမယ့် ချက်ကရီ နန်းဆက်ရဲ့ ထိပ်တန်းမင်းသမီး အဖြစ် ရှိနေဆဲ အစ်မတော် အူဘွန်ရတ်

ထိုင်းဘုရင့် အစ်မတော် အူဘွန်ရတ်ဟာ အမေရိကန်နိုင်ငံက နာမည်ကြီး အင်္ဂျင်နီယာကျောင်း MIT လို့ အသိများတဲ့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်က ဘွဲ့ရခဲ့သူ ဖြစ်ပြီး၊ ၁၉၇၂ မှာ ကျောင်းနေဘက် အမေရိကန် နိုင်ငံသား ပီတာဂျန်ဆန်နဲ့ လက်ထပ်တဲ့အခါ ထိုင်းတော်ဝင် ဘွဲ့ထူးဂုဏ်ထူး အဆောင်အယောင်တွေကို စွန့်လွှတ် ခဲ့ပါတယ်။

ထိုင်းရုပ်သံလိုင်း အားလုံးက ထုတ်လွှင့်လာတဲ့ တော်ဝင်နန်းတော်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မင်းသမီးအနေနဲ့ တော်ဝင်ဘွဲ့တွေ စွန့်လွှတ်ကြောင်း လက်မှတ်ရေးထိုးထားတယ် ဆိုပေမယ့် မင်းသမီးတစ်ယောက်ရဲ့ အဆင့်အတန်း အတိုင်း ဆက်လက်ရှိနေသူ ဖြစ်ပြီး ကိုယ်တိုင်လည်း "ချက်ကရီ" နန်းဆက်ရဲ့ မိသားစုဝင် တစ်ယောက် အနေနဲ့ ဆက်လက် ပြုမူနေသူ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် တော်ဝင် မိသားစုရဲ့ ထိပ်တန်း အဆင့်မြင့် နေရာမှာ ရှိသူတစ်ဦး နိုင်ငံရေးထဲ ဘယ်လိုပုံစံမျိုးနဲ့ ပါဝင်လာသည် ဖြစ်စေ တိုင်းပြည်ရဲ့ အစဉ်အလာကို ဖီလာဆန့်ကျင်တဲ့ အပြုအမူအဖြစ် သဘောထားတယ် ဆိုပြီး ထိုင်းနန်းတော်ရဲ့ ကြေညာချက်ထဲ ဖော်ပြထားပါတယ်။

Image caption ရုပ်သံလိုင်း အားလုံးက ထုတ်လွှင့်ခဲ့တဲ့ တော်ဝင်နန်းတော်ရဲ့ ကြေညာချက်

ဒါ့အပြင် ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပါ ရည်ညွှန်းကိုးကားပြီး ထိုင်းတော်ဝင်ထီးနန်းဟာ နိုင်ငံရေးအရ ဘက်လိုက်မှု ကင်းရမယ်၊ နိုင်ငံရေး အသွေးအယောင် မရှိရဘူး ဆိုတဲ့ အချက်ကို ထည့်သွင်း ဖော်ပြထားတာလည်း ထိုင်းနန်းတော်ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

အဲဒီလို ထိုင်းဘုရင်မင်းမြတ်ဆီက တိုက်ရိုက် ကြေညာချက် ထွက်လာတဲ့ နောက်မှာတော့ ထိုင်း ရက်ဆာချာ့ ပါတီဘက်က နောက်ပြန် မဆုတ်ခဲ့ဘူး ဆိုရင်တောင် ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ အစ်မတော်မင်းသမီးကို ကိုယ်စားလှယ်လောင်း အဖြစ် လက်ခံဖွယ်ရာ ရှိတော့မှာ မဟုတ်ဘူးလို့ အကဲခတ်တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံရေးမှာတော့ လာမယ့် မတ်လ ၂၄ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပေါ် အတော်လေး မျှော်လင့်ချက်ကြီးကြီး ထားနေကြပါတယ်။

Image caption ပရာယွတ်ကို နိုင်ငံရေးထဲက ဖယ်ထုတ်ဖို့ အစ်မတော် မင်းသမီးအူဘွန်ရတ်ကို ရွေးကောက်ပွဲထဲ ဆွဲသွင်းဖို့ ကြံခဲ့တာလို့ ယူဆနေ

စစ်အာဏာ အသိမ်းခံခဲ့ရပြီး ၅ နှစ် အကြာ ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ် ပြန်လည် ဖော်ဆောင်နိုင်ဖို့ ပြန်လည် အခွင့်အရေး ရလာတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခု ဝန်ကြီးချုပ် နေရာရယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ပရာယွတ် ချန်အိုချာလည်း စစ်တပ် ကျောထောက်နောက်ခံ နိုင်ငံရေးပါတီ ပါလန်ပါချာရတ် ပါတီရဲ့ ကိုယ်စားလှယ် အနေနဲ့ မတ်လ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ကြေညာထားပါတယ်။

စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ဘက်မှာ ရှိနေပြီး၊ အာဏာသိမ်း စစ်ခေါင်းဆောင်က ရွေးကောက်ပွဲကနေတဆင့် နိုင်ငံရေး အာဏာကို ဆက်လက် ဆုပ်ကိုင်နိုင်ဖို့ ကြိုးစား နေတာကို တားဆီးနိုင်ဖို့ အတိုက်အခံတွေ အမျိုးမျိုး ကြံဆ နေကြပုံ ရတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

အစ်မတော် အူဘွန်ရတ်ကို ရွေးကောက်ပွဲထဲ ဆွဲသွင်းတာကလည်း နိုင်ငံရေးထဲ စစ်တပ် ဆက်လက်အုပ်စီးမှုကို တွန်းထုတ်နိုင်ဖို့ အတိုက်အခံတွေ ရည်ရွယ်တာ ဖြစ်နိုင်ပေမယ့် ဘုရင်မင်းမြတ် ကြားဝင် ကန့်ကွက်လာမှာကို ထည့်မစဉ်းစားပဲ အတွက်အချက်လွဲခဲ့ပုံ ရတယ်ဆိုပြီး ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်ဒ်က ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းဘုရင်သစ် ဝချီရာလောင်ကွန်း

ဆက်စပ် အကြောင်းအရာများ