မိဘ တွေကို ထောက်ပံ့ဖို့က သားသမီးတွေရဲ့ ဝတ္တရား၊ မစောင့်ရောက်တဲ့ သားကို ဖခင် ဖြစ်သူက တရားစွဲ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ပြည်နယ် က ဖခင်က သား ကို တရားစွဲ
Image caption ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း ပြည်နယ်မှာ ဖခင်က သား ကို တရားစွဲ

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ သား တဦး က မိဘ ကို ထောက်ပံ့မှု မလုပ်လို့ ဆိုတဲ့ အကြောင်းပြချက် နဲ့ ဖခင် ဖြစ်သူ ကိုယ်တိုင် က အရေးယူပေးဖို့ တရားရုံး ကို ဦးတိုက် လျှောက်ထား ခဲ့ပါတယ်။

အသက် ၇၅ နှစ် ရှိပြီ ဖြစ်တဲ့ အဗ်ဘူ တာဟာ က သားဖြစ်သူ မိုဟာမက် ရှာဂျာဟန် ကို တရားစွဲ ဆို ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ သား ဟာ အမြဲတမ်း လိမ္မာ တဲ့ ကလေး တယောက် လို့ အဘူ တာဟာ က ပြောပါတယ်။ သူက ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်း မှာ အထည်ဆိုင်လေး ဖွင့်ထားသူပါ။ အခုတော့ အသက်ကြီးလို့ အလုပ်ကနေ အနားယူ ခဲ့သူပါ။

ဒါပေမယ့် သူအနားယူချိန် လက်ထဲမှာ က ငွေ အနည်းငယ်ပဲ ကျန်ပါတယ်။

အဲဒီတော့ အနားယူ ချိန်မှာ သား နဲ့ သမီး ရဲ့ ငွေကြေး ထောက်ပံ့မှု ကို လုံးဝ မှီခို အားထား ရပါတော့တယ်။

အခုတော့ အသက် ၇၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဗ်ဘူ တာဟာ က သူ့သား ကို ငယ်ရွယ်စဉ် ကြည့်ရှု စောင့်ရှောက် ရတဲ့ အချိန်မှာ ဇနီးသည် နဲ့ အတူ အခက်အခဲ တွေကို ရင်ဆိုင် ခဲ့ရတယ်လို့ ပြန်ပြောင်း ပြောပြပါတယ်။

'' သူ့ကို ကြည့်ရှု စောင့်ရောက်ရတဲ့ အချိန်မှာ ငွေရေး ကြေးရေး ခက်ခဲ တဲ့ အချိန် တွေကို မိန်းမ နဲ့ အတူတူ ကြံ့ကြံ့ခံ ရင်ဆိုင် ခဲ့ရတာ။ မိန်းမ မရခင်တော့ သား က စောင့်ရှောက်ပါတယ်။ မိန်းမ ရပြီး နောက်မှာ သူက မိဘ တွေကို ဘာမှ မထောက်ပံ့ တော့ဘူး''

လောလောဆယ်မှာ သမီး ဖြစ်သူက ထောက်ပံ့မှုတွေ လုပ်နေပေမယ့် စားဝတ် နေရေး အတွက် ခက်ခဲ နေတုန်းပဲလို့ မစ္စတာ တာဟာ က ဆိုပါတယ်။

ဒါကြောင့် သူ့ အနေနဲ့ သား ဖြစ်သူ မိုဟာမက် ရှာဂျာဟန် ကို တရားစွဲ ရုံ က လွဲရင် တခြား လုပ်စရာ မရှိဘူးလို့လည်း အဗ်ဘူ တာဟာ က ပြောပါတယ်။

တရားစွဲဆိုဖို့ ဆိုတဲ့ ဆုံးဖြတ်ချက် ကို ချမှတ် ခဲ့ရတာ အင်မတန် ခက်ခဲ တယ်လို့လည်း သူက ဆိုပါတယ်။

''တရားစွဲတာ နောက်တောင်ကျနေပြီလို့ လူတွေက ပြောကြတယ်။ ကျွန်တော့် အနေနဲ့ ဒါမျိုး မလုပ်ချင်ဘူးလေ။ တခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့လို့ လုပ်ရတာပါ''

သူ့ရဲ့ တရားစွဲဆိုတဲ့ လုပ်ရပ်ကြောင့် အခုတော့ သားဖြစ်သူနဲ့ပါ ခပ်ကွာကွာ၊ ခပ်တန်းတန်း ဖြစ်ခဲ့ရပါပြီ။ သားဖြစ်သူ မိုဟာမက် ရှာဂျာဟန် က သူ့ဟာ ဖခင် ဖြစ်သူ ကို တလျှောက်လုံး ထောက်ပံ့ လာတာလို့ ပြောပါတယ်။

ဘဏ်ဝန်ထမ်း လည်း ဖြစ်တဲ့ မစ္စတာ ရှာဂျာဟန် က သူ့အဖေ က သူ့ကိုယ် အရှက်ရစေလိုတဲ့ အတွက်ကြောင့် တရားစွဲတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Image caption သားကို တရားစွဲ ရုံက လွဲပြီး တခြား နည်းလမ်း မရှိဘူးလို့ မစ္စတာ အဗ်ဘူ တာဟာ ပြော

မိဘ နဲ့ သားသမီး

ဒီလို မိဘ က သားသမီး ကို တရားစွဲ တဲ့ လုပ်ရပ်ဟာ ကြုံတောင့် ကြုံခဲ ဖြစ်ရပ် တခုတော့ မဟုတ်ပါဘူး။ ဒီလိုမျိုး ကိစ္စ တွေက ကမ္ဘာ တလွှားမှာ ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတော့ မိဘများ စောင့်ရှောက်ရေး ဥပဒေ ဆိုပြီး ရှိပါတယ်။ သားသမီးတွေက မိဘ တွေကို စောင့်ရှောက်မှု လျော့နည်း လာတဲ့ အခါ၊ လုံးဝ စောင့်ရှောက်မှု မလုပ်တော့တဲ့ အခါမျိုးမှာ ဒီဥပဒေ နဲ့ တရားစွဲဆို နိုင်ပါတယ်။

ဒါမျိုး ဥပဒေ က အမေရိကန် နိုင်ငံမှာလည်း ရှိသလို ဥရောပ နိုင်ငံ အတော် များများမှာလည်း ပြဋ္ဌာန်း ထားတာ ရှိပါတယ်။ ဒါပေမယ့် အဲဒီ နိုင်ငံတွေမှာ ဒီဥပဒေ နဲ့ အရေးယူ ခံရတာမျိုးက ခပ်ရှားရှားပါ။

ဒီလိုမျိုး မိဘ ကို မစောင့်ရှောက်၊ မထောက်ပံ့လို့ တရားစွဲဆို မှုတွေ က အာရှ နိုင်ငံတွေမှာ တခါတရံ လုပ်ဆောင်လေ့ ရှိပါတယ်။ အဘူ တာဟာ ရဲ့ အမှုက သက်သေ တခုပါပဲ။

အာရှ နိုင်ငံတွေမှာ က သားသမီး ဝတ္တရား၊ နောက်ပြီး သက်ကြီး ရွယ်အိုတွေကို စောင့်ရှောက်ရမယ် ဆိုတာ က ဘာသာရေး အရ အခြေခံ အကြောင်းတရား ဖြစ်ပါတယ်။

နောက်ပြီး ဒီ အပေါ်မှာ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင် သိုင်းအဝိုင်း က ဂုဏ်ယူ တန်ဖိုး ထားတဲ့ အကြောင်းအရာ တွေ ဖြစ်တယ်လို့ အာရှ နိုင်ငံတွေက ဥပဒေ တွေကို လေ့လာ နေတဲ့ အီမိုရီ တက္ကသိုလ်၊ ကျန်းမာရေး ဌာနက သုတေသီ ဒေါက်တာ ရေး ဆာရာနို က ပြောပါတယ်။

Image caption သားသမီး ဆီက ငွေကြေးထောက်ပံ့မှု မရလို့ တရားစွဲတဲ့ စင်္ကာပူ နိုင်ငံက အမှု အခြေပြ ဇယား

ထောက်ပံ့ပေးရေး တာဝန် ဝတ္တရား

မိဘ ထောက်ပံ့ရေး နဲ့ ပတ်သက်လို့ စင်္ကာပူ နိုင်ငံကို ဥပမာ ထား ပြီး လူတွေက ပြောကြပါတယ်။

လက်ရှိ စင်္ကာပူ ရဲ့ မိဘ ထောက်ပံ့ရေး ဥပဒေ အရ ကိုယ့်ကိုယ်ကိုယ် ရပ်တည် မှု မလုပ်နိုင်တဲ့ မိဘ တွေဟာ သားသမီး ဆီက ငွေရေး ကြေးရေး အကူအညီ ရယူ နိုင်ပါတယ်။

အကယ်၍ ထောက်ပံ့မှုတွေ မလုပ်တဲ့ သားသမီး တွေကို မိဘ တွေက တရားစွဲ ဆို နိုင်တယ်လို့ ဥပဒေ ပြဋ္ဌာန်း ထားတာ ဖြစ်ပါတယ်။

တရားစွဲဆိုတဲ့ အခါမှာလည်း တရားရုံး က လစဉ် ထောက်ပံ့ကြေး ကို သတ်မှတ် ပေးတာမျိုး၊ ဒါမှမဟုတ် ထောက်ပံ့ကြေး တလုံးတခဲတည်း သတ်မှတ် ပေးတာ မျိုး လုပ်နိုင်ပါတယ်။

၂၀၁၇ ခုနှစ် တုန်း က မိဘ တွေက တရားစွဲဆိုတဲ့ အမှုပေါင်း ၂၀ ရှိခဲ့ပြီး လစဉ် ကြေး နဲ့ ထောက်ပံ့ ပေးဖို့ တရားရုံး က အမိန့်ချမှတ် ခဲ့ပါတယ်။ အဲဒီအမှု တွေ ထဲ က အမှု အနည်းငယ်ကပဲ မိဘနဲ့ သားသမီး ပြေရာပြေကြောင်း ပြန်ဖြစ်ပြီး ရင်းနှီးမှု ပြန်ရခဲ့ကြပါတယ်။

Image caption သားသမီးတိုင်း က မိဘ ကို ထောက်ပံ့ရမယ်လို့ ဘာသာရေး အရ အခြေခံ ကျတဲ့ အချက် ဖြစ်

ယဉ်ကျေးမှု ဓလေ့

လက်တလော အချိန် တရုတ်၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ သက်ကြီး ရွယ်အို အရေအတွက် က များပြား လာတဲ့ အတွက် မိဘ တွေကို ထောက်ပံ့ ကူညီရေး အတွက် အစိုးရ တွေက ဥပဒေ တွေ ပြဋ္ဌာန်း လာကြပါပြီ။

ဒါက အပြန်အလှန် စောင့်ရှောက် ထောက်ပံ့မှု သဘောတရား ကို အခြေခံ ထားတာ ဖြစ်တယ်လို့ ဒေါက်တာ ဆာရာနို က ပြောပါတယ်။

''အကယ်၍ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သားသမီး တယောက်ဟာ မိဘ နဲ့ အတူ မနေခဲ့ဘူး ဆိုရင် အနည်းဆုံး ပေးကမ်းမှုတော့ လုပ်သင့်တယ်'' လို့ သူက ဆိုပါတယ်။

ထောက်ပံ့မှု မလုပ်တဲ့ သားသမီးတွေဟာ ဒဏ်ငွေ ချမှတ် အပြစ်ပေး ခံရတာ မျိုး ရှိသလို တခါတရံမှာ ထောင်ဒဏ် ချမှတ် ခံရတတ်ပါတယ်။

ဥပမာ အနေနဲ့ တရုတ် နိုင်ငံ စီချွမ် ပြည်နယ် က ဖခင် ဖြစ်သူ ကို လုံးဝ စောင့်ရှောက်မှု မလုပ်တဲ့ အရွယ်ရောက်ပြီး သား ငါးယောက် ဟာ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ် ခံခဲ့ရ တာကို တွေ့မြင်ရပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အလုပ်လုပ်နေရဆဲ သက်ကြီးရွယ်အို တဦး

အစိုးရ အခန်းကဏ္ဍ

မိဘတွေကို ပြုစု စောင့်ရှောက် ရမယ်လို့ ဥပဒေ နဲ့ ပြဋ္ဌာန်း ထားပေမယ့် အဲဒီ ဥပဒေ တွေဟာ ဆင်းရဲတဲ့ မိဘတွေကိုပဲ ရည်မှန်း ထားခဲ့တာပါ။ ဒါကလည်း ရေရှည် စောင့်ရှောက်မှု မျိုး ဖြစ်ချင်မှ ဖြစ်တတ်တာမျိုးပါ။

သက်ကြီးရွယ်အို အရေအတွက် များလာတာနဲ့ အမျှ အစိုးရ ရဲ့ ပြုစု စောင့်ရှောက်ရေး အစီအစဉ်တွေ သက်သာစေဖို့ မိဘတွေကို ပြုစု စောင့်ရှောက် ရမယ် ဆိုတဲ့ ဥပဒေ တွေကို လည်း ပြဋ္ဌာန်း လာကြတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ခုနှစ် ကျရင် အသက် ၆၀ နဲ့ အထက် လူဦးရေ ဟာ အသက် ငါးနှစ် အရွယ် ကလေးသူငယ် အရေအတွက် ထက် ကို ပိုများ မယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က ပြောဆို ထားပါတယ်။

၂၀၅၀ ခုနှစ် ကျရင်တော့ ကမ္ဘာ့ သက်ကြီး ရွယ်အို အရေအတွက် ၈၀ ရာခိုင်နှုန်း ဟာ အလယ်အလတ် နဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ နေထိုင်ကြရမယ် လို့ ခန့်မှန်း ထားပါတယ်။

ဒီလို သက်ကြီး ရွယ်အို အရေအတွက် များပြား လာမှု နဲ့ သူတို့ကို စောင့်ရှောက် ရေး အတွက် အစိုးရ အနေနဲ့ မိဘ တွေကို ပြုစု စောင့်ရှောက် ရမယ် ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ ကို နိုင်ငံ အတော်များများ က ပြဋ္ဌာန်း လာနိုင်ပါတယ်။

စင်္ကာပူ နိုင်ငံဟာ ဆိုရင်လည်း မိဘ တွေကို စောင့်ရှောက်ဖို့ အတွက် သားသမီး တွေကိုပဲ တိုက်တွန်း နေဦးမှာ ဖြစ်တယ်လို့ ဒေါက်တာ ဆာရာနိုက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption တရုတ် နိုင်ငံက စောင့်ရှောက်ရေး ဂေဟာမှာ တွေ့ရတဲ့ သက်ကြီး ရွယ်အိုများ

ဒါပေမယ့် အမေရိကန် နဲ့ ဗြိတိန် စတဲ့ အနောက် နိုင်ငံတွေမှာတော့ မိဘ တွေကို စောင့်ရှောက် ရမယ် ဆိုတဲ့ ဥပဒေ ပြဋ္ဌာန်းမှုတွေကိုတော့ လူတွေက ကြိုက်နှစ် သက်မှာ မဟုတ်ဘူးလို့ ဟားဗတ် တက္ကသိုလ် က လေ့လာသူ ဂျိမ်းစ် ဆေဗင် က ပြောပါတယ်။

အမေရိကန် နိုင်ငံ မှာ ဆိုရင် လူ တဦး တယောက် စီရဲ့ အခွင့်အရေး ကို အလေး ထား တဲ့ အကြောင်း ကိစ္စ တွေ ရှိနေတဲ့ အတွက် စင်္ကာပူ နိုင်ငံလိုမျိုး လူ့အသိုင်း အဝိုင်း ကို အလေးအနက် ထားတဲ့ အခြေအနေ မျိုး ဖြစ်ဖို့ ခဲယဉ်း တယ်လို့ သူ က ဆိုပါတယ်။

ဥပမာ အနေနဲ့ သားသမီး တယောက်ယောက်ဟာ သူငယ်စဉ် အချိန်တုန်း က မိဘ တွေ က ပြစ်ထား ခဲ့တယ်၊ မိဘတွေရဲ့ နှိပ်စက် ညှင်းပန်းမှု ကို ခံခဲ့ရတယ်ဆိုတဲ့ အကြောင်း ပြချက် နဲ့ မိဘ တွေကို စောင့်ရှောက်မှု ပေးဖို့ ငြင်းဆန်လာ နိုင်တဲ့ အချက် တွေလည်း ရှိပါတယ်။

အမေရိကန် မှာ နေတဲ့ သားသမီးတွေ အနေနဲ့ ကိုယ့်ရဲ့ လူမှု အသိုင်း ဝိုင်း အပေါ်မှာ ထားရမယ့် စိတ်နေ စိတ်ထား ပေါ်ပေါက် စေဖို့ တရားရုံး အပေါ်မှာ လုံးလုံး မူတည်နေတယ်ဆို တဲ့ အချက် က မဖြစ်နိုင်ဘူးလို့လည်း ဂျိမ်းစ် ဆေဗင် က ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ရဲ့ ဥပဒေ ပြဋ္ဌာန်းချက်ကြောင့် မစ္စတာ အဗ်ဘူ တာဟာ နဲ့ သား ဖြစ်သူ မိုဟာမက် ရှာဂျာဟန် ရဲ့ မိဘတွေကို ငွေကြေး ကူညီဖို့ ဆိုတဲ့ ကိစ္စ က ပြေလည် မှုတော့ ရခဲ့ပါတယ်။

သားဖြစ်သူ မိုဟာမက် ရှာဂျာဟန် ဟာ ဖခင် ဖြစ်သူ ကို တလ ဘင်္ဂလားဒေ့ရှ် ငွေကြေး တာကာ တသောင်း (၁၁၉ ဒေါ်လာ) ကူညီ ထောက်ပံ့ဖို့ သဘောတူ ညီခဲ့တာ ဖြစ်ပါတယ်။

ဒီသဘောတူညီမှု ကို သူ့အနေနဲ့ လေးစားကြောင်းနဲ့ သားဖြစ်သူ က လစဉ် ထောက်ပံ့ နေမယ် ဆိုရင်တော့ သူ့အမှု ကို ပိတ်သိမ်း သွားမယ် ဆိုပြီးတော့ မစ္စတာ အဗ်ဘူ တာဟာ က ပြောဆိုခဲ့ပါတယ်။