အူဘွန်ရတ်- ထိုင်းစစ်တပ် နိုင်ငံရေးထဲ ဆက်ချုပ်ကိုင်နိုင်အောင် အခြေအနေတွေ ဖန်တီးလာ

ထိုင်း
Image caption ပြဿနာတွေ ပေါက်ဖွားစေခဲ့လို့ ဝမ်းနည်းရတယ်လို့ ဆိုလာသူ အစ်မတော် မင်းသမီး

ထိုင်းဘုရင့် အစ်မတော် မင်းသမီး အူဘွန်ရတ်ဟာ သူရွေးကောက်ပွဲ ဝင်ဖို့ ကြိုးစားခဲ့မှုနဲ့ ပတ်သက်ပြီး တုံ့ပြန်ရရှိခဲ့တဲ့ သဘောထားတွေကြောင့် ဝမ်းနည်းရတယ်လို့ ပြောပါတယ်။

ထိုင်းရွေးကောက်ပွဲ ကော်မရှင်က မင်းသမီး အူဘွန်ရတ်ကို ကိုယ်စားလှယ်လောင်း အဖြစ် လက်မခံခဲ့တဲ့ အပြင်၊ မင်းသမီးကို ဝန်ကြီးချုပ်လောင်း အဖြစ် လျာထားပြီး စာရင်းတင် သွင်းခဲ့တဲ့ နိုင်ငံရေးပါတီကိုပါ ဖျက်သိမ်းပစ်ဖို့ ကြိုးစား နေပါတယ်။

ထိုင်းရက်ဆာချာ့ပါတီကို ဖျက်သိမ်းပေးဖို့ အခြေခံ ဥပဒေ ခုံရုံးကို ရွေးကောက်ပွဲ ကော်မရှင်က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဘုရင့်အစ်မတော်ကို ရွေးကောက်ပွဲဝင်ဖို့ စာရင်းတင်သွင်း ခဲ့တာဟာ နိုင်ငံရေးထဲ ပါဝင် စွက်ဖက်ခြင်း မပြုပဲ ကင်းကင်းနေတဲ့ ထိုင်းတော်ဝင်မိသားစု အစဉ်အလာကို မကြုံစဖူး ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။

ဘုရင် ဝချီရာလောင်ကွန်းကလည်း အစ်မတော် ရွေးကောက်ပွဲ ဝင်မယ်ဆိုတာ အင်မတန် မဆီလျော်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

"တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ပေးချင်တဲ့ စိတ်ရင်းအမှန်နဲ့ ကြိုးစားခဲ့တဲ့ လုပ်ရပ်ဟာ ပြဿနာတွေ ပေါက်ဖွားစေခဲ့လို့ ဝမ်းနည်းရတယ်။ ဒီလိုမျိုး ဒီနေ့ခေတ်မှာ မဖြစ်သင့်တော့ဘူး" လို့ ရေးသားပြီး မင်းသမီး အူဘွန်ရတ်က သူ့ရဲ့ လူမှုကွန်ရက် အင်စတာဂရမ် စာမျက်နှာပေါ် တင်ခဲ့ပါတယ်။

လှပတဲ့ ဥယျာဉ်ပန်းခြံ ရှုခင်း ဓာတ်ပုံနဲ့ အတူ #howcomeitsthewayitis ဘယ်လိုများ အခုလိုမျိုးထိ ဖြစ်လာဘာလိမ့် ဆိုပြီး ဟက်ရှ်တဂ် ခံပြီးတော့လည်း မင်းသမီး အူဘွန်ရတ် တင်ထားပါတယ်။

Image caption အစ်မတော်မင်းသမီးကို ဝန်ကြီးချူပ်လောင်း အဖြစ် အဆိုပြုခဲ့

ထိုင်းနိုင်ငံရေး လှုပ်ရှားသွားရတဲ့ နေ့တစ်နေ့

ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့ ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာ မင်းသမီး အူဘွန်ရတ် ရွေးကောက်ပွဲ ဝင်မယ့် သတင်းထွက်လာတဲ့ အခါ ထိုင်းနိုင်ငံရေး တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။

အမေရိကန်မှာ ပညာသင်ကြားခဲ့တဲ့ မင်းသမီး အူဘွန်ရတ်ဟာ ၁၉၇၂ မှာ အမေရိကန် နိုင်ငံသားနဲ့ လက်ထပ်ပြီး တော်ဝင် ဘွဲ့ထူးဂုဏ်ထူးတွေကို စွန့်လွှတ်ထားသူ ဖြစ်ပါတယ်။

အိမ်ထောင်ကွဲပြီးတဲ့နောက်၂ဝဝ၁ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြန်လာပါတယ်။ အဲဒီနောက်မှာတော့ မင်းသမီး အူဘွန်ရတ်ဟာ နာမည်ကြီး ရုပ်ရှင်မင်းသမီး၊ အဆိုတော်သဖွယ် ဘဝဟန်ပန်မျိုး နေထိုင်ပြီး တကယ်လည်း ဖျော်ဖြေရေးလောကထဲ ကျင်လည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ထိုင်းရက်ဆာချာ့ထ် ဆိုတဲ့ နိုင်ငံရေးပါတီက လာမယ့် ရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြုပြီး ဝန်ကြီးချုပ်လောင်း အဖြစ် ဝင်ပြိုင်မယ့် ကိုယ်စားလှယ် အဖြစ် ဘုရင့်အစ်မတော် မင်းသမီးကို အဆိုပြု တင်သွင်း ခဲ့ပါတယ်။

ထိုင်းရက်ဆာချာ့ပါတီ

မင်းသမီး အူဘွန်ရတ်ကို ဝန်ကြီးချုပ်လောင်း အဖြစ် လျာထားပြီး ရွေးကောက်ပွဲ ဝင်မယ့်သူအဖြစ် ကိုယ်စားလှယ် နာမည်စာရင်း တင်သွင်း ခဲ့တဲ့ ပါတီဟာ ထိုင်း ရက်ဆာ ချာ့ထ် ပါတီလို့ ခေါ်ပါတယ်။ "ထိုင်းနိုင်ငံကို ကယ်တင်ရေး" လို့ အဓိပ္ပာယ်ရပါတယ်။

အဲဒီပါတီရဲ့ နောက်မှာ ထိုင်း ဝန်ကြီးချုပ်ဟောင်း ၊ စီးပွားရေးသမား၊ ကုဋေကြွယ်သူဌေး သက်ဆင် ရှင်နာဝပ် ရှိနေပါတယ်။

လက်ရှိ ပြည်ပြေး ဖြစ်နေတဲ့ သက်ဆင် အပေါ် လိုလားကြတဲ့ အဲဒီ မဟာမိတ် ပါတီသာ အဖျက် ခံရပြီဆိုရင် ထိုင်း နိုင်ငံရေးထဲ စစ်တပ်ကို ဖယ်ထုတ်ပစ်ရေး အောင်မြင်နိုင်တော့မှာ မဟုတ်ဘူး ဆိုတဲ့ အမြင်မျိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

Image caption ရွေးကောက်ပွဲ ဝင်ဦးမယ့် ဗိုလ်ချုပ်ကြီး ပရာယွတ်

အကြောင်းကတော့ လာမယ့် မတ်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂ဝ၁၄ စစ်အာဏာသိမ်းခံ ခဲ့ရပြီးနောက် ပထမဆုံး အကြိမ် ပြုလုပ်မယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။

ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲမှာ မဲထည့်ခွင့်ရဖို့ ထိုင်းပြည်သူတွေ စောင့်နေရတာ ၅ နှစ် တိုင်ခဲ့ပါပြီ။

အခု ရွေးကောက်ပွဲ ရှိလာတော့မယ် ဆိုပေမယ့် ထိုင်းစစ်တပ်က အချိန်ယူ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိနေသလို အခု ဝန်ကြီးချုပ် ရာထူး ယူထားတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ပရာယွတ်ချန်အိုချာလည်း စစ်တပ် ကျောထောက် နောက်ခံပါတီ ကနေ ရွေးကောက်ပွဲ ဝင်ဦးမှာ ဖြစ်ပါတယ်။

ထိုင်းရက်ဆာချာ့ကို ဖျက်ရင် စစ်တပ် အခွင့်သာသွားမလား

ဘုရင့်အစ်မတော် တော်ဝင်မင်းသမီးကို ဝန်ကြီးချုပ်လောင်း အဖြစ် ဝင်ပြိုင်ဖို့ ခြေလှမ်းလာတာဟာ ပရာယွတ် ချန်အိုချာကို နိုင်ငံရေး အာဏာ ဆက်လက် ဆုပ်ကိုင် မထားနိုင်အောင် ကြိုးစားမှု တစ်ရပ်အဖြစ် သုံးသပ်ကြသူတွေ ရှိပါတယ်။

ဒါပေမယ့် ဘုရင် ဝချီရာလောင်ကွန်းနဲ့ တော်ဝင်မိသားစု ဘက်ကရော၊ ရွေးကောက်ပွဲ အာဏာပိုင်တွေကပါ မင်းသမီး အူဘွန်ရတ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ် ဆိုတဲ့ အချက်ကို လက်သင့်မခံကြောင်း ချက်ခြင်းဆိုသလို ထုတ်ပြန် ခဲ့ကြပါတယ်။

ထိုင်းထီးနန်းဟာ နိုင်ငံရေး အထက်မှာ ရှိပြီး နိုင်ငံရေး ဘက်လိုက်မှု မရှိရဘူး ဆိုတဲ့ စည်းမျဉ်းဟာ တော်ဝင် မိသားစုဝင် တစ်ယောက်ချင်းစီ အပေါ် သက်ရောက်မှု ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ထိပ်တန်း တော်ဝင်မိသားစုဝင်တစ်ဦး ထိုင်းနိုင်ငံရေးထဲ ပါဝင် ပတ်သက်မယ် ဆိုတာ အင်မတန် မဆီလျော်တဲ့ လုပ်ရပ်ဖြစ်တယ် ဆိုတဲ့ တော်ဝင် နန်းတော်ရဲ့ ထုတ်ပြန်ချက်ကို ရွေးကောက်ပွဲ ကော်မရှင်ကလည်း သဘောတူပါတယ်။

ဘုရင့်အစ်မတော်ကို နိုင်ငံရေးထဲ ဆွဲသွင်းရာက ထိုင်း နိုင်ငံရေး ပြိုင်ဘက်ဟောင်းတွေကြား ပြန်လည် အချင်းများလာကြတယ်လို့ ဘန်ကောက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဂျွန်နသန်ဟက်ဒ်က ပြောပါတယ်။

သက်ဆင်နဲ့ တော်ဝင်မိသားစု

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ သူ့ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်ဖို့ ထိုင်းထီးနန်းကို အသုံးချဖို့ ကြိုးစားပြန်တာပဲ ဆိုပြီး ဘုရင့် သစ္စာခံတွေက ဝေဖန်ကြပါတယ်။

အဲဒီလို ပြောရတာကတော့ သက်ဆင်ဟာ ထိုင်း ထီးနန်းကို မလိုလားတဲ့ ရီပတ်ပလစ်ကင် တစ်ယောက် အဖြစ်နဲ့ ရှုမြင်ခံရသူ ဖြစ်ပြီး ဖြစ်နိုင်ရင် ဘုရင်စနစ် တည်ရှိနေတာကို အခွင့်သာရင် ဖျက်လိုသူလို့ သူ့ရဲ့ အတိုက်အခံတွေက စွပ်စွဲပါတယ်။

Image caption ပြည်ပမှာ တိမ်းရှောင်နေရတဲ့ သက်ဆင်

အဲဒီလို ရီပတ်ဘလစ်ကန် အတွေးအခေါ် ရှိသူဟာ အခုအခါမှာတော့ သူ့ရဲ့ နိုင်ငံရေး ရည်မှန်းချက် ပြည့်ဖို့ဆိုရင် သူ မလိုလားတဲ့ တော်ဝင်မိသားစုဝင် မင်းသမီးတစ်ပါးကို ရွေးကောက်ပွဲထဲ ဆွဲသွင်းဖို့ ကြံခဲ့တယ်ဆိုပြီး ဝေဖန်နေကြတာ ဖြစ်တယ်လို့ ဘီဘီစီ ထိုင်း ဘာသာစကား ဌာနမှူး နူပွန် ဝမ်-အာနန်က ဆိုပါတယ်။

အခုဆိုရင် ပါတီဖျက်ခံရမယ့် အန္တရာယ် ကြုံနေရတဲ့ ထိုင်းရက်ဆာချာ့ ပါတီရဲ့ ခေါင်းဆောင် ပရီချာပို ပွန်ပန်နစ် ပြောတာကတော့ သူတို့ ပါတီ အနေနဲ့ စိတ်စေတနာကောင်းတွေ အရင်းခံပြီးတော့သာ ပြုမူခဲ့တာလို့ ဆိုပါတယ်။

ထိုင်းဘုရင်မင်းမြတ်နဲ့ ထီးနန်းဟာ ကျွန်ုပ်တို့ အားလုံး အထက်မှာ ရှိပါတယ်။ ပါတီအပေါ် စုံစမ်းစစ်ဆေးတာတွေ ခံဖို့လည်း အသင့်ပါပဲလို့ မစ္စတာ ပွန်ပန်နစ်က ဆိုပါတယ်။

ထိုင်း ဘုရင်မင်းမြတ် ဝချီရာ လောင်ကွန်းက ထိုင်းထီးနန်းဟာ နိုင်ငံရေး အထက်မှာ ရှိတယ်၊ နိုင်ငံရေး ဘက်မလိုက်ဘူးဆိုတဲ့ ရပ်တည်မှုကို အခု အစ်မတော် မင်းသမီး ကိစ္စမှာ ထင်ထင်ရှားရှား ပြလိုက်တော့ အကြည်ညို ခံရမှု မြင့်တက်လာလည်း တွေ့နေရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ထိုင်းဘုရင်သစ် ဝချီရာလောင်ကွန်း

ရွေးကောက်ပွဲ ဝင်မယ့်အပေါ် ပိတ်ပင်ခံရတဲ့ အပြင် တော်ဝင်ထီးနန်းနဲ့ ရွေးကောက်ပွဲ အာဏာပိုင်တွေရဲ့ အကြီးအကျယ် ပြစ်တင် ဝေဖန်မှုလည်း ခံလိုက်ရတဲ့ အပေါ် မင်းသမီး အူဘွန်ရတ်ဘက်က မကျေနပ်တဲ့ သဘောထား မျိုးတွေကို လူမှုကွန်ရက်ပေါ် တင်လာတာ တွေ့ရပါတယ်။

အစ်မတော်နဲ့ ထိုင်းဘုရင် မောင်နှမနှစ်ယောက်ကြား တိုက်ရိုက် အဆက်အသွယ် ဘယ်လောက် အတိုင်းအတာထိ ရှိလဲ၊ မရှိဘူးလဲ ဆိုတာတော့ သိရခက်ပါတယ်။

မင်းသမီး အူဘွန်ရတ် အနေနဲ့ လက်ရှိ အနေအထားအပေါ် ဘယ်လောက်ပဲ မနှစ်မျို့သည်ဖြစ်စေ နိုင်ငံရေးဘဝ တည်ဆောက်မယ့် ရည်မှန်းချက်ကို စွန့်လွှတ်ပြီး ကင်းကင်း နေသွားရမှာကတော့ သေချာသလောက် ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ