ဇင်ဘာဘွေ ရွှေတွင်းတွေထဲ ရွှေခိုးတူးတဲ့ မိုင်းလုပ်သားတွေ ရေကြီးမှုအတွင်း အသက်ဆုံးနိုင်ဖွယ်ရှိ

အာဖရိက၊ ရွှေတွင်း၊ မိုင်းလုပ်သား၊ ရေကြီး ဓာတ်ပုံ မူပိုင် Anadolu Agency
Image caption အာဖရိကမှာ လက်မှုပညာသည် မိုင်းလုပ်သား ထောင်ပေါင်းများစွာဟာ သူတို့ ဘဝတလျှောက်လုံး ရွှေတူးတဲ့အလုပ်ကိုပဲ လုပ်ကြရ

ဇင်ဘာဘွေနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့အပြီး ရွှေတွင်း နှစ်တွင်းကို ရေတွေ လွှမ်းမိုးသွားခဲ့ရာမှာ မိုင်းလုပ်သား အတော်များများ ရေနစ် သေဆုံးကြဖွယ် ရှိနေပါတယ်။

ကာဒိုမာမြို့နားမှာ ရှိတဲ့ ရွှေတွင်းတွေထဲကနေ ရေတွေ စုပ်ထုတ်ဖို့ ကယ်ဆယ်ရေး သမားတွေက ကြိုးစားနေပြီး သေဆုံးသူ ရုပ်အလောင်းတွေနဲ့ အသက်ရှင် လွတ်မြောက်ဖွယ် ရှိသူတွေကို လိုက်လံ ရှာဖွေ ကယ်ဆယ်နေတယ်လို့ ရဲတွေက ပြောပါတယ်။

မိုင်းလုပ်သားတွေရဲ့ မိသားစုတွေလည်း အဲဒီ နေရာနားမှာ ရောက်နေကြပြီး မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေကြပါတယ်။

အင်္ဂါနေ့ညလောက်မှာ ဆီလ်ဗာမွန်း မိုင်းတွင်းနဲ့ ခရစ်ကတ်မိုင်းတွင်းထဲကို မိုင်းလုပ်သား ၃၈ ဦး ဆင်းသွားကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီနောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဆည်ကျိုးပေါက်သွားခဲ့ရာမှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။ အသက်ရှင် လွတ်မြောက်မယ့်သူ မရှိနိုင်ဘူးလို့ ရဲက စိုးရိမ်နေပါတယ်။

မိုင်းလုပ်သားတွေဟာ ပိတ်ထားတဲ့ မိုင်းတွေထဲ ခိုးဝင်ပြီး ရွှေတူးကြတာလို့ ခရစ်ကတ်မိုင်းတွင်းကို ပိုင်ဆိုင်တဲ့ ရီယို ဇင်ဘာဘွေ ကုမ္ပဏီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဝေလ်ဆင် ဂွက်တီရင်ဂါ က ဘီဘီစီကို ပြောပါတယ်။

ဒါဟာ လတ်တလော ရက်ပိုင်းတွေအတွင်း အာဖရိကဒေသမှာ တတိယမြောက် လူသေဆုံးမှု အများဆုံး သဘာဝ ဘေးကပ်ဆိုး ဖြစ်ရပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရက်ပိုင်းတုန်းကလည်း ရွှေတွင်းတစ်ခု ပြိုကျခဲ့ပြီး အနည်းဆုံး လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။ လူ ၃၅ ယောက်လောက်လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း တောင်အာဖရိကနိုင်ငံမှာ မိုင်းတွင်း တခုထဲ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူအတော်များများ သေဆုံးခဲ့ပါတယ်။

အခု ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှာလည်း ရွှေတွင်းထဲကနေ မိုင်းလုပ်သားတွေကို ကယ်ထုတ်နိုင်ဖို့က ခက်ခဲ ကြမ်းတမ်းပြီး အချိန်ယူ လုပ်ရမယ့် အလုပ် ဖြစ်တယ်လို့ ဟာရာရီမြို့က ဘီဘီစီ သတင်းထောက် ရှင်ဂိုင် ညိုကာ က ပြောပါတယ်။

လောလောဆယ် မိုင်းလုပ်သား တစ်ယောက်တလေမှ မကယ်ထုတ်နိုင်သေးဘူးလို့ ကယ်ဆယ်ရေးလုပ်ငန်းကို ဦးဆောင် လုပ်ကိုင်နေတဲ့ အရပ်သား ကာကွယ်ရေး ဌာနက ပြောပါတယ်။

ဆည်ကျိုးပေါက်ရာကနေ ထွက်လာတဲ့ ရေတွေဟာ ၅၀ မီတာ နက်တဲ့ မိုင်းတွင်းတွေထဲ ပြည့်လျှံသွားတယ်လို့ ဆိုပါတယ်။

အဲဒီနေရာက ရေတွေကို ခုချိန်ထိ စုပ်ထုတ်နေဆဲ ဖြစ်ပြီး အသက်ရှင် လွတ်မြောက်မယ့် သူတွေကို ရှာတွေ့နိုင်မယ့် မျှော်လင့်ချက် သိပ်မရှိသလောက်ပါပဲ။

ဇင်ဘာဘွေနိုင်ငံမှာ မိုင်းလုပ်ငန်း လုပ်ပုံလုပ်နည်းတွေဟာ မည်ကာမတ္တမျှသာ ဖြစ်ပြီး ဘေးအန္တရာယ် လုံခြုံရေး စည်းမျဉ်းတွေကိုလည်း အများအားဖြင့် အရေးမထားဘဲ လျစ်လျူရှုလေ့ ရှိပါတယ်။